ညှင်း (Pityriasis Versicolor)သည် မှိုကြောင့်ဖြစ်သော အဖြစ်များသည့် အရေပြားရောဂါတစ်မျိုးဖြစ်သည်။ ပုံမှန်အသားအရောင်ထက်ဖျော့ခြင်း သို့မဟုတ် ရင့်ခြင်း စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး တွေ့ရှိနိုင်သည်။ လူငယ်များတွင် ပို၍အဖြစ်များသည်။ အရေပြားပေါ်တွင် သဘာဝအတိုင်း မူလကရှိနေသောမှိုများ ပုံမှန်ထက်ပို၍ များပြားလာခြင်းကြောင့် ညှင်းကိုဖြစ်စေသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် နေရောင်များကြောင့် မှိုများပွားများလာပြီး ညှင်းကို ပို၍ဖြစ်ပေါ် စေနိုင်သည်။ ညှင်းသည် လူတစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ပါ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ဟော်မုန်းပြောင်းလဲခြင်း
- ပူအိုက်စွတ်စိုသော ရာသီဥတုဖြစ်ခြင်း
- ချွေးထွက်များခြင်း
- အဆီပြန်ခြင်း
- ကိုယ်ခံအားနည်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
- အရေပြား အရောင်ပြောင်းခြင်း (ကျော၊ ရင်ဘတ်နှင့် ဗိုက်နေရာတွင် အဖြစ်များသည်။ ပန်းရောင်၊ အဝါရောင်၊ အညိုရောင်နှင့် အဖြူရောင် စသည်ဖြင့် အမျိုးမျိုး တွေ့ရသည်)
- အရေပြားယားယံခြင်း
- ချွေးပို၍ထွက်ခြင်း
- ညှင်းဖြစ်သည့် အရေပြားသည် ခြောက်သွေ့၍ အကြေးခွံကဲ့သို့ဖြစ်ခြင်း စသည့် သာမန်မပြင်းထန်သော လက္ခဏာများအနေဖြင့်သာ တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် ပြင်းထန်ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာမရှိပါ။ အရေပြား ယားယံခြင်းနှင့် အရောင်ပြောင်းခြင်း စသည့် ပြဿနာများ တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ညှင်းဖြစ်သည့် အရေပြားနေရာပို၍ကြီးလာလျှင်၊ မသက်သာဘဲ မကြာခဏပြန်ဖြစ်လျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဖြင့် သိရှိနိုင်သည်။ လိုအပ်ပါက ညှင်းဖြစ်ပေါ် သည့်နေရာမှ အရေပြားကိုခြစ်ယူ၍ အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ပြီး ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
အရေပြားလိမ်း မှိုသတ်ဆေးခရင်မ်များ၊ လိုးရှင်းများနှင့် ခေါင်းလျှော်ရည် (ဥပမာ_Clotrimazole, Miconazole, Selenium sulfide)များဖြင့် ကုသနိုင်သည်။ ခန္ဓာကိုယ်၏ နေရာအနှံ့အပြားတွင် ဖြစ်ပါက မှိုသတ်ဆေး သောက်ဆေး (ဥပမာ- Ketoconazole, Fluconazole, Itraconazole)တို့ဖြင့် ကုသရန်လိုသည်။
ကာကွယ်ခြင်း
- အလွန်အကျွံချွေးထွက်ခြင်းမှ ရှောင်ကြဥ်ရန်
- ပွ၍ ချောင်ချိသော ချည်အဝတ်အစားများ ဝတ်ဆင်ရန်
- နေရောင်ခြည်နှင့် အပူဒဏ်မှ ရှောင်ကြဥ် ရန်
- နေလောင်ခံ ခရင်မ်လိမ်းရန်
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.