အိပ်စက်ခြင်းသည် လူသားတို့အတွက် အခြေခံလိုအပ်ချက် တစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ခြင်း၊ ဘဝအရည်အသွေး ကောင်းမွန်ခြင်း၊ လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း တို့အတွက် မရှိမဖြစ် လိုအပ်သည်။
အိပ်မပျော်ခြင်း ဆိုသည်မှာ အိပ်စက်နိုင်သည့် အခြေအနေ အခွင့်အရေးရှိပါလျက် စတင်အိပ်ပျော်ရန် ခက်ခဲခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခြင်း (သို့မဟုတ်) နံနက်တွင် ပုံမှန်နိုးနေကျ အချိန်ထက် ပိုမိုစော၍ နိုးနေပြီး ပြန်လည်အိပ်မပျော်ခြင်း စသည့်တို့နှင့်အတူ နေ့ဘက်အချိန်တွင် နေထိုင်မှုနှင့် နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်မှုတို့ အပေါ်ထိခိုက်လာသည့် အခြေအနေကို ဆိုလိုပါသည်။
အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့် ကြောင်းရင်းများစွာ ရှိပါသည်။ အတွေ့ရ အများဆုံးသော ကျန်းမာရေးပြဿနာများတွင် အိပ်မပျော်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရံဖန်ရံခါ အိပ်မပျော်ခြင်းသည် ဖြစ်တတ်သည့် အခြေအနေတစ်ခုဖြစ်သည်။
သို့သော်လည်း အိပ်မပျော်ခြင်းနှင့်အတူ ဖိစီးမှုများ၊ လူမှုရေး၊ လုပ်ငန်းခွင်၊ ပညာရေး၊ အပြုအမူ၊ သို့မဟုတ် အခြားအရေးပါသည့် လုပ်ငန်းဆောင်တာများတွင် သိသာသော ထိခိုက်မှုများရှိလာခြင်းတို့ကို ကာလတာရှည် ခံစားလာရပါက အိပ်မပျော်သည့်ရောဂါ (Insomnia disorder) ဟုသတ်မှတ်နိုင်သည်။ (၃)လ တာကာလ အတွင်းဖြစ်ပါက လတ်တလော (သို့မဟုတ်) ကာလတိုအိပ်မပျော်သည့် ရောဂါ (Acute or short -term insomnia disorder) ဟုသတ်မှတ်နိုင်ပြီး၊ (၃)လထက်ကျော်လွန်ပါက နာတာရှည် အိပ်မပျော်သည့် ရောဂါ (Chronic insomnia disorder) ဟု သတ်မှတ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများစွာ ရှိပါသည်။
- စိတ်ဖိစီးမှု
- မိမိနှင့်သက်ဆိုင်သော စိတ်ဖိစီးမှုဖြစ်ဖွယ် အကြောင်းအရာများရှိခြင်း၊ ၄င်းအကြောင်းအရာများကို ညအိပ်ယာဝင်ချိန်တွင် တွေး၍ပူပန်တတ်ခြင်း
- ပတ်ဝန်းကျင်အခြေအနေ
- ဆူညံသံ၊ ပတ်ဝန်းကျင်အပူချိန်၊ အလင်းရောင်
- မကောင်းသည့် အိပ်စက်မှုအလေ့အထ
- အိပ်စက်နိုးထသည့်အချိန် ပုံမှန်မရှိခြင်း၊ ညဘက်အိပ်ရာတွင် အလုပ်ကိစ္စများလုပ်ခြင်း၊ တီဗွီ ကြည့်ခြင်း၊ ဖုန်းသုံးခြင်း၊ ဂိမ်းကစားခြင်း၊ ညအိပ်ခါနီးအချိန်တွင် ဝမ်းဗိုက်ပြည့်တင်းအောင် စားသောက်တတ်ခြင်း
- အိပ်စက်မှုပုံစံပြောင်းလဲခြင်း
- ခရီးသွားပြီး ကမ္ဘာ့အချိန်ပိုင်းဇုံ တစ်ခုမှတစ်ခုသို့ ပြောင်းလဲရောက်ရှိသွားသဖြင့် နေ့-ည အိပ်ချိန်ပြောင်းလဲသွားခြင်း (Jet lag)၊ နေ့-ည အလုပ်ချိန်ပြောင်းလဲခြင်း
- စိတ်ပိုင်းဆိုင်ရာရောဂါများ
- စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ၊ စိတ်ကျရောဂါ၊ ပြင်းထန်စိတ်ဖိစီးမှု ဒဏ်သင့်ဝေဒနာ (Post Traumatic Stress Disorder-PTSD) စသည့် စိတ်ပိုင်းဆိုင်ရာရောဂါများ
(အိပ်မပျော်ခြင်းကို ဖြစ်စေသည့် အခြားစိတ်ပိုင်းဆိုင်ရာ ရောဂါများလည်း ရှိသည်)
- စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ၊ စိတ်ကျရောဂါ၊ ပြင်းထန်စိတ်ဖိစီးမှု ဒဏ်သင့်ဝေဒနာ (Post Traumatic Stress Disorder-PTSD) စသည့် စိတ်ပိုင်းဆိုင်ရာရောဂါများ
- ရုပ်ပိုင်းဆိုင်ရာရောဂါများ
- ကင်ဆာရောဂါနှင့် နာကျင်မှုခံစားရသော အခြားရောဂါများ၊ နှလုံးရောဂါ၊ ရင်ကျပ်ရောဂါ၊ ဆီးချိုရောဂါ၊ အစာလမ်းကြောင်း စားချဥ်ပြန်သည့်ရောဂါ (Gastroesophageal Reflux Disease-GERD)၊ သိုင်းရွိုက်ဟော်မုန်း လွန်ကဲသည့်ရောဂါ (Hyperthyroidism)၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) အပါအဝင် အခြားအသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသောရောဂါ (Dementia)များ (အိပ်မပျော်ခြင်းကို ဖြစ်စေသည့် အခြားရုပ်ပိုင်းဆိုင်ရာ ရောဂါများလည်း ရှိသည်)
- အိပ်စက်ခြင်းနှင့် သက်ဆိုင်သော ရောဂါများ
- အိပ်ပျော်စဥ် အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (Obstructive Sleep Apnoea-OSA)၊ ခြေထောက်များ မငြိမ်မသက်ဖြစ်သည့် ရောဂါလက္ခဏာစု (Restless leg syndrome) စသည့် အခြေအနေများ (အခြားအခြေအနေများလည်း ရှိပါသည်။)
- ဆေးဝါးများ
- အချို့သော စိတ်ကျရောဂါ ကုသဆေးများ၊ သွေးတိုးရောဂါ ကုသဆေးများ၊ ရင်ကျပ်ရောဂါ ကုသဆေးများ၊ ကဖိန်းဓါတ် (Caffeine) ပါဝင်သောဆေးများ
- မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော အခြားဆေးများ သုံးစွဲခြင်း၊ ပြတ်ခြင်း
- အရက်၊ ကော်ဖီ သောက်သုံးခြင်း
- အသက်အရွယ်ရလာခြင်း
- အသက်အရွယ်ရလာသဖြင့် အိပ်စက်မှုပုံစံ ပြောင်းလဲလာခြင်း၊ သွားလာလှုပ်ရှားမှုပုံစံ ပြောင်းလဲလာခြင်း၊ အချို့သောရောဂါများ ဖြစ်ပွားလာခြင်းနှင့် ဆေးဝါးများ သောက်လာရခြင်း စသည်တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
- စတင်အိပ်ပျော်ရန် ခက်ခဲခြင်း
- နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း
- တစ်ရေးနိုးပြီး ပြန်လည်အိပ်ပျော်ရန် ခက်ခဲခြင်း
- နံနက်တွင် ပုံမှန်နိုးနေကျအချိန်ထက် ပိုမိုစောပြီးနိုးနေပြီး ပြန်လည် အိပ်မပျော်ခြင်း
- နေ့ဘက်တွင် လန်းဆန်းမှုမရှိခြင်း၊ ငိုက်မျဥ်းခြင်း
- အာရုံမစူးစိုက်နိုင်ခြင်း
- စိတ်ကျသလိုခံစားရခြင်း၊ စိုးရိမ်စိတ် ဖြစ်ပေါ်ခြင်း
- နေထိုင်မှုနှင့် နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်မှုအပေါ် ထိခိုက်လာခြင်း၊ အလုပ်တွင် အမှားအယွင်း၊ မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လာတတ်ခြင်း
- အိပ်စက်ခြင်း၊ အိပ်မပျော်ခြင်းတို့အပေါ် ထပ်ဆင့်စိုးရိမ်ပူပန်လာခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
- နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် သို့မဟုတ် အခြားကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာခြင်း
- ယာဥ် နှင့် စက်ကိရိယာများ မောင်းနှင်ရာတွင် တုံ့ပြန်ချိန် (Reaction time) နှေးကွေးသဖြင့် မတော်တဆ ထိခိုက်မှုများ ဖြစ်လာခြင်း
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိခြင်း
- နာတာရှည်ရောဂါနှင့် ကျန်းမာရေးပြဿနာများရှိပါက အခြေအနေ ဆိုးဝါးလာနိုင်ခြင်း
- စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ၊ အရက် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် အခြားဆေးများသုံးစွဲမှု ပြဿနာများ ဖြစ်ပေါ်လာခြင်း (အိပ်မပျော်ခြင်းသည် အချို့သော စိတ်ပိုင်းဆိုင်ရာရောဂါများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သကဲ့သို့ အိပ်မပျော်ခြင်းကြောင့်လည်း စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပေါ် ဆိုးဝါးလာစေနိုင်သည်)
ဆေးရုံ၊ ဆေးခန်းပြသရန်
အခိုက်အတန့် အိပ်မပျော်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသည့် အခြေအနေတစ်ခုဖြစ်သည်။ သို့သော်လည်း ရက်ကာလတာရှည် ဖြစ်လာခြင်း၊ အထက်ပါ လက္ခဏာများ သိသာဆိုးဝါးလာခြင်းတို့ ဖြစ်ပေါ်လာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး လိုအပ်ပါက သက်ဆိုင်ရာအထူးကု ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။
ရောဂါရှာဖွေခြင်း
အိပ်မပျော်သည့် အခြေအနေ၊ ရောဂါဖော်ထုတ် သတ်မှတ်ချက်၊ ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ နောက်ဆက်တွဲ အခြေအနေများကို အောက်ပါနည်းလမ်းများဖြင့် ရှာဖွေနိုင်သည်။
- အိပ်စက်မှု အလေ့အထ ရာဇဝင် (Sleep history) မေးမြန်းခြင်း၊
- ထိုသို့ မေးမြန်းခြင်းနှင့်အတူ လိုအပ်ပါက အိပ်စက်မှုဆန်းစစ်လွှာ (Sleep questionnaire)များကို အသုံးပြု စိစစ်နိုင်သည်။
- ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း
- အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သည့်၊ အိပ်မပျော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို စိစစ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်ရသည်။ လိုအပ်ပါက ဓါတ်ခွဲခန်းစစ်ဆေးမှုများလည်း ပြုလုပ်ရသည်။
- အိပ်စက်မှုဆိုင်ရာ လေ့လာခြင်း (Sleep study)
- အိပ်မပျော်ရခြင်း အကြောင်းရင်းကို တိကျစွာရှာဖွေမရခြင်း၊ အိပ်ပျော်စဥ် အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (Obstructive Sleep Apnoea-OSA) ကဲ့သို့ အိပ်စက်ခြင်းနှင့် သက်ဆိုင်သော ရောဂါလက္ခဏာများရှိခြင်း စသည့်အခြေအနေများတွင် အိပ်စက်မှုဆိုင်ရာ လေ့လာခြင်းများ ပြုလုပ်ရပါသည်။ အဆိုပါလေ့လာမှုနည်းလမ်း (Polysomnography-PSG) တွင် ဦးနှောက် လျှပ်စီးလှိုင်း၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်နှုန်း၊ မျက်လုံးနှင့် ခြေလက်ကြွက်သားလှုပ်ရှားမှု စသည်တို့ကို စမ်းသပ်ခြင်းများ ပါဝင်ပါသည်။
ကုသခြင်း
အိပ်မပျော်သည့်အခြေအနေနှင့် အတူတွဲ၍ ဖြစ်ပေါ်နေသည့် အခြေအနေတို့အပေါ် မူတည်သည်။ အိပ်စက်မှုအလေ့အထ ပြုပြင်ပြောင်းလဲလိုက်ခြင်း၊ စိတ်ဖိစီးမှု၊ အချို့သောပြဿနာများကဲ့သို့ အိပ်မပျော်ခြင်းကို ဖြစ်စေသည့်အကြောင်းရင်းများကို သတိပြု ဖြေရှင်းလိုက်ခြင်းတို့ဖြင့်လည်း အိပ်မပျော်သည့်ပြဿနာ သက်သာ ပျောက်ကင်းသွားနိုင်သည်။
ကောင်းမွန်စွာအိပ်စက်မှုကို အထောက်အကူပြုသည့် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများ၊ အပြုအမူများ၊ ပတ်ဝန်းကျင်အခြေအနေများ (Sleep hygiene) ရရှိစေခြင်းသည် ကုသမှုအတွက် အရေးပါသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် အောက်ပါအချက်များ အဓိကပါဝင်သည်။
- အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန် ပုံမှန်သတ်မှတ်ထားရှိ လုပ်ဆောင်ခြင်း
- အိပ်ယာမဝင်မီ တစ်နာရီခန့် ကိုယ်ရောစိတ်ပါ လျှော့ချအနားယူခြင်း
- အသံဆူညံမှု၊ အလင်းရောင်၊ အပူချိန် စသည်တို့ကိုချိန်ညှိပြီး သက်တောင့်သက်သာရှိသည့် အိပ်စက်မှုပတ်ဝန်းကျင် ဖန်တီးခြင်း
- ညအိပ်စက်ခါနီးအချိန်တွင် အလွန်အကျွံစားသောက်မှု ရှောင်ကြဥ်ခြင်း
- စိတ်ပူပန်ဖွယ်ရာ အတွေးများလျှော့ချခြင်း၊ စိတ်တည်ငြိမ်အောင် လုပ်ဆောင်ခြင်း
စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ [Psychological intervention]
အခြေအနေအရလိုအပ်ပါက အိပ်စက်မှုနှင့်သက်ဆိုင်သည့် အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy for insomnia_CBT-I)မျိုး အသုံးပြုနိုင်သည်။
အတူဖြစ်ပေါ်နေသည့် စိတ်ပိုင်းဆိုင်ရာရောဂါများ၊ ရုပ်ပိုင်းဆိုင်ရာရောဂါများကို ကုသခြင်း
ရောဂါအမျိုးအစား အခြေအနေပေါ်မူတည်ပြီး ကုသမှုရယူရန် လိုအပ်ပါသည်။
ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ စိတ်ငြိမ်ဆေးများ (Anxiolytics)၊ စိတ်ကျရောဂါကုသဆေးများ (Antidepressants)၊ စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများ (Antipsychotics) စသည်တို့ကို ကာယကံရှင်၏အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ ပြင်းထန်မှု၊ အတူဖြစ်ပေါ် နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေရှိမရှိ စသည့် အချက်အလက်များ အပေါ် မူတည်ပြီး ဆေးဝါးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်အသုံးပြုရသည်။
တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ခြင်းမရှိဘဲ အဆိုပါဆေးဝါးများ သုံးစွဲခြင်း၊ ဆရာဝန် ညွှန်းစာမပါဘဲ ဝယ်ယူနိုင်သောဆေးဝါး (Over-the-counter medication)များကို မိမိသဘောအလျောက် သုံးစွဲခြင်းမျိုး မပြုလုပ်သင့်ပါ။
အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ အသုံးပြုခြင်း မပြုလုပ်သင့်ပါ။
ကာကွယ်ခြင်း
- ကောင်းမွန်စွာအိပ်စက်မှုကို အထောက်အကူပြုသည့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများ၊ အပြုအမူများ၊ ပတ်ဝန်းကျင်အခြေအနေများ (Sleep hygiene) ရရှိစေခြင်း
- တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ပြီး ထိရောက်သော ကုသမှုရယူခြင်း
- အတူဖြစ်ပေါ်နေသည့် စိတ်ပိုင်းဆိုင်ရာရောဂါ၊ ရုပ်ပိုင်းဆိုင်ရာရောဂါများ ရှိပါက ထိရောက်စွာ ကုသမှုရယူပြီး နောက်ဆက်တွဲဆိုးကျိုးဆက်များကို ကာကွယ်ခြင်းတို့သည် ထိရောက်သောနည်းလမ်းများ ဖြစ်ပါသည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.