Fever with rash (ကလေးအဖျားနှင့်အနီစက်)

Fever with rash (ကလေးအဖျားနှင့်အနီစက်)

ကလေးငယ်များ ကိုယ်ပူလာလျှင် တွဲတွေ့ရတတ်သည့်လက္ခဏာတစ်ခုမှာ အ‌ရေပြား အနီစက်၊ အနီကွက်များဖြစ်သည်။ အဆိုပါအနီစက်၊ အနီကွက်များသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပြီး စိုးရိမ်ရလေ့မရှိသော်လည်း တစ်ခါတစ်ရံတွင် အန္တရာယ်ရှိနိုင်သောရောဂါများအဖြစ် တွေ့ရှိရတတ်သည်။

အနီစက်များပေါ်လာချိန်တွင် အောက်ပါအချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားရမည်။

  • ပထမအချက်မှာ ကလေးလန်းဆန်းနေသည်၊ ဆော့နေသည်၊ အစားအသောက် ကောင်းစွာဝင်နေသည်၊ အထူးသဖြင့် အရည်၊ နို့ဝင်နေသည်ဆိုလျှင် အနီစက်ထွက်နေသော်လည်း ယေဘုယျအားဖြင့် စိုးရိမ်ရန်မလိုပါ။
  • ဒုတိယအချက်မှာ အနီစက်ကို ဖိကြည့်၍ အနီစက်တစ်ခုလုံး သိသိသာသာအရောင်လျော့သွား၊ ပျောက်သွားလျှင် အန္တရာယ်မရှိသော အနီစက်မျိုးဖြစ်သည်။ ဤသို့သော အနီစက်မျိုးကို ဖိလျှင်ပျောက်သွားသော အနီစက် (blanching rash) ဟုခေါ်သည်။
    သို့သော် အနီစက်သည် လုံးဝအရောင်မပြောင်းလျှင် (non-blanching rash) ဟုခေါ်ပြီး သွေးလွန်တုပ်ကွေး၊ အရေပြားအောက် သွေးယိုစိမ့်သည့်ရောဂါမျိုး၊ သွေးဆိပ်တက်သည့်ရောဂါမျိုး (ဥပမာ_meningococcaemia) စသည်တို့တွင် ဖြစ်ပွားတတ်သည်။
    အနီစက်၊ အနီကွက်များ အရောင်ပြောင်း၊ မပြောင်းခွဲခြားနိုင်ရန် ဖန်ခွက်၊ ပလတ်စတစ်ခွက် (သို့မဟုတ်) ဖန်ပြားနှင့် ဖိကြည့်သော စမ်းသပ်ချက် (Glass test) ကို မိမိတို့နေအိမ်၌ပင် ပြုလုပ်နိုင်သည်။

ဖန်ခွက်၊ ပလပ်စတစ်ခွက် (သို့မဟုတ်) ဖန်ပြားနှင့် ဖိကြည့်သောစမ်းသပ်ချက် (Glass test) လုပ်နည်းမှာ-

  1. အနီစက်ကိုဖိကြည့်ရန်အတွက် ကြည်လင်ပြီး ဖေါက်ထွင်းမြင်နိုင်သော၊ အလွယ်တကူမကွဲနိုင်သော ဖန်ခွက် (သို့မဟုတ်) ပလပ်စတစ် အကြည်ခွက်ကို အသုံးပြုရမည်
  2. အနီစက်တည့်တည့်ကို ခွက်နှင့် ဖြည်းဖြည်းချင်းဖိရန်၊ အနီစက်ပတ်လည်မှ အရေပြား အရောင်ဖျော့သည်အထိ ဖိရမည်၊ ခွက်မကွဲစေရန် သတိထားရမည်
  3. ဤသို့ဖိကြည့်၍ အနီစက်တစ်ခုလုံး သိသိသာသာ အရောင်လျော့သွား၊ ပျောက်သွားလျှင် အန္တရာယ်မရှိသော အနီစက်မျိုးဖြစ်သည်၊ အနီစက် လုံးဝအ‌ရောင်မပြောင်းလျှင် အထက်တွင်ဖော်ပြခဲ့သော အန္တရာယ်ရှိသည့် ရောဂါမျိုး ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ နှင့် ရောဂါလက္ခဏာများ
  • သာမန်ဗိုင်းရပ်စ်ပိုးများကြောင့်ဖျားနာခြင်း
    မည်သည့်ဗိုင်းရပ်စ်ပိုးမဆို တစ်ရက်၊ နှစ်ရက်ဖျားပြီးလျှင် အနီစက်များ ထွက်လာတတ်သည်။ ထိုအချိန်တွင် ကလေးအဖျားကျနေမည်၊ လန်းမည်၊ ဆော့မည်၊ အရည်ဝင်မည်ဆိုလျှင် ထိုအနီစက်များကို စိုးရိမ်ရန်မလိုပါ။ ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်သည်။ ထိုအနီစက်မျိုးသည် ဖိလျှင်ပျောက်သော blanching rash မျိုးဖြစ်ပြီး မျက်နှာ၊ ကိုယ်ခန္ဓာ၊ ခြေလက်စသည်တို့တွင် ထွက်တတ်သည်။
  • သွေးလွန်တုပ်ကွေး (Dengue)
    မြန်မာပြည်တွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါတွင် အနီစက်မျိုးစုံ တွေ့ရတတ်သည်။ သွေးလွန်တုပ်ကွေးသည်လည်း Dengue virus ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အထက်တွင်ဖေါ်ပြခဲ့သော ဖိလျှင်ပျောက်သည့်အနီစက်မျိုး တစ်ခါတစ်ရံတွေ့ရှိရသည်။ အတွေ့ရ အများဆုံးမှာ Hess test ဟုခေါ်သော သွေးပေါင်ချိန်ကိရိယာနှင့် (၅) မိနစ်စမ်းသပ်ကြည့်လျှင် ပေါ်လာသော အနီစက်မျိုးဖြစ်သည်။ ထို့အပြင် သွေးယိုစိမ့်လာပါက ဖိလျှင်မပျောက်သည့်အနီစက်မျိုးလည်း အလိုလိုထွက်လာတတ်သည်။
    သွေးလွန်တုပ်ကွေး၏ အဓိက နောက်ဆက်တွဲဆိုးကျိုးများမှာ သွေးလန့်ခြင်း (shock)၊ သွေးယိုစိမ့်ခြင်းစသည်တို့ဖြစ်ပြီး ကုသမှုနောက်ကျလျှင် အသက်ဆုံးရှုံးနိုင်သည်။
    သွေးလွန်တုပ်ကွေးပြန်ကောင်းသည့် နာလန်ထချိန်တွင် recovery rash ဟုခေါ်သော အနီစက်၊ အနီကွက်များလည်း ခြေလက်များတွင် ထွက်လာတတ်သည်။ အဖျားစတင်ပြီး (၇) ရက်ခန့် တွင် ပေါ်လေ့ရှိပြီး ယားယံတတ်သည်။ ထိုအနီကွက်များကြားတွင် ပုံမှန်အရေပြား၏ အရောင်အဖြူဝိုင်းလေးများတွေ့ရတတ်သည်။ ဤသို့သောအနီစက်အနီကွက်များပေါ်ထွက်လာလျှင် သွေးလွန်တုပ်ကွေး ဖြစ်ခြင်းသေချာစေသကဲ့သို့ သွေးလွန်တုပ်ကွေးဖြစ်ခြင်းမှ ပြန်လည်သက်သာလာပြီး အန္တရာယ်မရှိနိုင်တော့ဟုလည်းယူဆနိုင်သည်။

    Fever With Rash IMG Fever With Rash IMG

  • ခြေ၊ လက်၊ ပါးစပ်နာရောဂါ (Hand, foot, mouth disease)
    Coxsackievirus ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်လေ့ရှိသည့် သာမန်ရောဂါတစ်မျိုး ဖြစ်သည်။ Hand, foot, mouth disease ဆိုသော နာမည်အတိုင်း အနီစက်၊ အရည်ကြည်ဖု၊ ပြည်ဖု စသည်တို့ကို လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်တို့တွင် တွေ့ရသည်။ တစ်ခါတစ်ရံ ဒူးခေါင်း၊ တံတောင်ဆစ်၊ တင်ပါးတို့တွင်လည်း တွေ့ရတတ်သည်။ ပါးစပ်အနာများကြောင့် အစာကျွေးရခက်တတ်သည်။ သို့သော် (၃-၄) ရက်မျှကြာလျှင် အလိုအလျောက် ပျောက်ကင်းတတ်သည်။ များသောအားဖြင့် နောက်ဆက်တွဲပြဿနာများ မရှိသော်လည်း တစ်ခါတစ်ရံတွင် ဦးနှောက်ရောင်ခြင်း (encephalitis) ကိုဖြစ်ပေါ်စေတတ်သည်။

    Fever With Rash IMG 3

  • ရေကျောက် (chicken pox)
    ရေကျောက်သည် varicella-zoster virus ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သည်။ အစပိုင်းတွင် (၁-၂) ရက်ခန့်ဖျားပြီး ကိုယ်ခန္ဓာပေါ်တွင်အနီစက်များ၊ အရည်ကြည်ဖုများ စတင်ထွက်လာတတ်သည်။ ယားယံတတ်သည်။ ထို့နောက် မျက်နှာ၊ ခြေ၊ လက်တို့ကို လျှင်မြန်စွာပြန့်သွားတတ်သည်။ များသောအားဖြင့် နောက်ဆက်တွဲပြဿနာများမရှိသော်လည်း တစ်ခါတစ်ရံ ဦးနှောက်ရောင်ခြင်း (encephalitis)၊ လေဖြတ်ခြင်း (stroke)၊ အဆုတ်ရောင်ခြင်း (pneumonia) တို့ကို ဖြစ်ပေါ်စေတတ်သည်။

    Fever With Rash IMG 4

  • ဝက်သက် (measles)
    ဝက်သက်သည်လည်း measles virus ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သည်။ သုံးရက်-လေးရက်ခန့်ဖျားပြီး မျက်စိများနီလာခြင်း၊ နှာမွှန်ချောင်းဆိုးခြင်းတို့ဖြစ်ပြီးလျှင် အနီပြင်များ မျက်နှာမှ စထွက်လာတတ်သည်။ နှစ်ရက်၊ သုံးရက်အတွင်း ကိုယ်ခန္ဓာအောက်ပိုင်းသို့ ပျံ့နှံ့သွားတတ်သည်။ ဝက်သက်ပေါက်ပြီးလျှင် ဝမ်းသွားခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အဆုတ်ရောင်ခြင်း၊ တီဘီဖြစ်ခြင်း စသော နောက်ဆက်တွဲရောဂါများ ဆက်လက်ဖြစ်ပွားတတ်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။ အထူးသဖြင့် အာဟာရချို့တဲ့သော ကလေးများတွင် ပို၍ဖြစ်နိုင်သည်။

    Fever with rash IMG6

  • ဂျိုက်သိုး (Rubella)
    ဂျိုက်သိုးရောဂါသည် Rubella virus ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သည်။ အနည်းငယ်ဖျားပြီး တစ်ကိုယ်လုံးတွင် သေးငယ်သောအနီစက်များ ပေါ်လာသည်။ နားရွက်အနောက်ဖက်နှင့် နောက်စေ့တို့တွင် အကျိတ်များထွက်လာသည်။ ကလေးများတွင် ဂျိုက်သိုးပေါက်လျှင် အန္တရာယ်မရှိသော်လည်း ကိုယ်ဝန်ဆောင်မိခင်တွင် ဂျိုက်သိုးရောဂါဖြစ်လျှင် သန္ဓေသားအတွက် အန္တရာယ်ရှိသည်။

    Fever With Rash IMG
  • အနီစက်၊ အနီပြင်များသည် ဆေးမတည့်ဖြစ်လျှင်လည်း ထွက်တတ်သည်။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများကြောင့်ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဖိလျှင်ပျောက်မသွားသော အနီစက် (Non-blanching rash)ဖြစ်လျှင်၊ အဖျားကျသည့်တိုင်အောင် ကလေး လန်းလန်းဆန်းဆန်းမရှိဘဲ မှိန်းနေလျှင်၊ အရေးပေါ်အခြေအနေ ဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။

သာမန်လက္ခဏာများအတွက်မူ မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်နိုင်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ၊ ကုသမှုများပြုလုပ်ပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာရောဂါဖြစ်သူနှင့် ထိတွေ့ခဲ့မှု၊ ရောဂါရာဇဝင်နှင့် အရေပြားလက္ခဏာများအရ ဖျားပြီး အနီစက်ထွက်သောရောဂါများသည် ဓါတ်ခွဲစမ်းသပ်မှုများမလိုအပ်ဘဲ ထင်ရှားစွာ သိသာနိုင်သည်။ သွေးလွန်တုပ်ကွေးနှင့် ဖိလျှင်မပျောက်သော အနီစက်ထွက်သည့် အန္တရာယ်ရှိနိုင်သော ရောဂါများအတွက်မူ ဆက်လက် စမ်းသပ်စစ်ဆေးရန်လိုသည်။

ကုသခြင်း

အများစုသည် ဗိုင်းရပ်စ်ပိုး‌ကြောင့် ဖြစ်သောရောဂါများဖြစ်သည့်အတွက် သီးခြားကုသဆေးမလိုအပ်ဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကိုကုသ၍ သက်သာလာချိန်အထိ အိမ်တွင် စောင့်ကြည့်ရန်သာလိုသည်။ ကိုယ်ပူလျှင် ပါရာစီတမောတိုက်ကျွေးနိုင်သည်။ ပုံမှန်အစာဆက်ကျွေးရမည်။ အရည်များများဝင်အောင် တိုက်ရမည်။ ရေချိုးပေးရပါမည်။

ကာကွယ်ခြင်း

ကာကွယ်ဆေးများထိုးနှံပါ။ ဝက်သက်၊ ဂျိုက်သိုး၊ ရေကျောက်စသော ရောဂါများအတွက် သက်ဆိုင်ရာ ကာကွယ်ဆေးများ ရှိသည်။

ဖျားပြီး အနီစက်ထွက်နေသော ကလေးများသည် အခြားကလေးများသို့ ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် ကျောင်းသို့မလွှတ်ဘဲ အိမ်တွင်သာ အနားယူရန် လိုအပ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.