ကြွက်နို့သည် Human Papilloma Virus (HPV) ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားရောဂါတစ်မျိုးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး (၂)လ မှ (၆)လအကြာတွင် ကြွက်နို့ ဖြစ်ပေါ်သည်။ ခန္ဓာကိုယ်နေရာအနှံ့တွင် ဖြစ်တတ်ပြီး လက်၊ လက်ဖဝါးနှင့် လက်ချောင်းများတွင် အဖြစ်များသည်။ အများအားဖြင့် အန္တရာယ်မရှိတတ်ဘဲ အချိန်တစ်ခုအကြာတွင် ပျောက်ကင်းသက်သာသွားသည်။ သို့သော် ပြန်၍ဖြစ်တတ်သော အခြေအနေဖြစ်သည်။ လိင်အင်္ဂါတွင်လည်း ကြွက်နို့ဖြစ်နိုင်ပြီး ၎င်းသည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများတွင် ပါဝင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Human Papilloma Virus (HPV) ဗိုင်းရပ်စ်ကြောင့် ကြွက်နို့ဖြစ်ပွားသည်။ HPV ဗိုင်းရပ်စ်ပေါင်း (၁၀၀)ကျော်ရှိသည့်အနက် အချို့သောဗိုင်းရပ်စ်မျိုးခွဲများသည် လက်ချောင်းများတွင် ကြွက်နို့ဖြစ်စေသည်။ အရေပြားချင်းထိတွေ့ခြင်းနှင့် ကြွက်နို့ပေါက်နေသူ၏ အသုံးအဆောင်များ (ဥပမာ-မျက်နှာသုတ်ပဝါ၊ မုတ်ဆိတ်ရိတ်ဓား) အတူသုံးစွဲခြင်းကြောင့် ကူးစက်နိုင်သည်။ ဒဏ်ရာရထားသော အရေပြားတွင်ပို၍ ကူးစက်နိုင်သည် (ဥပမာ- လက်သည်းကိုက်ခြင်း)။ ကိုယ်ခံအားနည်းနေသည့် အခြေအနေများ (ဥပမာ-စိတ်ဖိစီးမှုများခြင်း၊ HIV,AIDS ရောဂါခံစားနေရခြင်း)တွင်လည်း ကြွက်နို့ပေါက်တတ်သည်။
တချို့သော HPV ဗိုင်းရပ်စ်သည် လိင်မှတစ်ဆင့် ကူးစက်နိုင်သည်။ လိင်အင်္ဂါကြွက်နို့သည် မိန်းမကိုယ်၊ မိန်းမကိုယ်နံရံ၊ သားအိမ်ခေါင်း၊ လိင်တံနှင့် စအို စသည့်နေရာများတွင် ဖြစ်နိုင်သည်။ သမားရိုးကျမဟုတ်သော လိင်ဆက်ဆံခြင်း (Oral or Anal sex)မှလည်း ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
- လက်ချောင်းနှင့် လက်ဖဝါးများတွင် သေးငယ်သောအဖု၊ အသားပိုများဖြစ်ခြင်း
- ကြမ်းတမ်းသောမျက်နှာပြင်ရှိခြင်း
- အရေပြားသို့သွားသော သွေးကြောများပိတ်ခြင်းကြောင့် အမည်းရောင်အဆံများဖြစ်ခြင်း
- အရေအတွက်တစ်ခု (သို့မဟုတ်) တစ်ခုထပ်ပို၍ ဖြစ်ခြင်း
- လိင်အင်္ဂါတွင် အသားရောင်နှင့်တူသော သို့မဟုတ် အရောင်မတူသောအလုံးများဖြစ်ခြင်း
- လိင်အင်္ဂါတွင် အနာဖြစ်ခြင်း
- လိင်ဆက်ဆံစဥ် သွေးထွက်ခြင်း၊ နာကျင်ခြင်း
နောက်ဆက်တွဲပြဿနာများ
ကြွက်နို့များသည် နာကျင်ခြင်း၊ သွေးထွက်ခြင်းနှင့် ပိုးဝင်ခြင်းများ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း၊ အချို့အခြေအနေများတွင် ခွဲစိတ်ကုသခြင်းများ လိုအပ်နိုင်သည်။ ကိုယ်ခံအားနည်းသောအချိန်တွင် ကြွက်နို့သည် အများအပြား ပို၍ပေါက်နိုင်သည်။ လိင်အင်္ဂါကြွက်နို့မှတစ်ဆင့် မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ လိင်တံနှင့် စအို စသည့်နေရာများတွင် ကင်ဆာဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
- ကြွက်နို့သည် နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ခြင်း
- နေရာအများအပြားသို့ ပျံ့နှံ့လာခြင်း
- အရေအတွက်များစွာ ပေါက်ခြင်း
- မကြာခဏ ကြွက်နို့ပေါက်ခြင်း
- နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အနှောင့်အယှက်ဖြစ်ခြင်း
- လိင်အင်္ဂါတွင် ကြွက်နို့ပေါက်ခြင်း စသည့်လက္ခဏာများရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဖြင့် သိရှိနိုင်သည်။ လိုအပ်ပါက ဖြစ်ပေါ် သည့်နေရာမှ အရေပြားကိုခြစ်ယူ၍ အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ပြီး ရောဂါရှာဖွေနိုင်သည်။ လိင်အင်္ဂါကြွက်နို့ ဖြစ်ပါက မိမိနှင့် မိမိနေထိုင်ဆက်ဆံသူကိုပါ အတူတကွ စစ်ဆေးမှုများ ပြုလုပ်ရသည်။
ကုသခြင်း
ကြွက်နို့သည် ယေဘုယျအားဖြင့် အလိုအလျောက် ပျောက်ကင်းနိုင်ခြေရှိသော်လည်း အချိန်ကာလ အတော်ကြာသည်အထိ ရှိနေတတ်သည်။ အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသနိုင်သည်။
- Salicylic acid ပါသောအရေပြားလိမ်းဆေးများ၊ ကပ်ခွာများဖြင့် ကုသခြင်း
- အအေးဓာတ်ဖြင့် ခြောက်ကပ်စေခြင်း (Cryotherapy)
- ခွဲစိတ်ကုသခြင်း
- လျှပ်စစ်အပူဖြင့် ရှို့၍ ကုသခြင်း (Electrosurgery)
- လေဆာဖြင့် ကုသခြင်း (Laser Therapy)
- ကိုယ်ခံအားကို ပြုပြင်ထိန်းသိမ်း၍ ကုသခြင်း (Immunotherapy) တို့ဖြစ်သည်။
အချို့ကုသမှုများသည် အချိန်ကာလတစ်ခုအထိ ကြာမြင့်တတ်ပြီး ကုသ၍ ပျောက်ကင်းသွားသော်လည်း ပြန်၍ဖြစ်တတ်သည်။
ကာကွယ်ခြင်း
- ကြွက်နို့ပေါက်သည့်နေရာကို ကုတ်ဖဲ့ခြင်း၊ ကိုင်ခြင်းများ မလုပ်ရန်
- တစ်ကိုယ်ရေသုံး ပစ္စည်းများကို ဝေမျှသုံးစွဲခြင်း မပြုရန်
- လက်သည်းကိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းများ မပြုလုပ်ရန်
- လက်အရေပြားများ ခြောက်သွေ့ခြင်းမှ ကာကွယ်ရန် လက်ကို အစိုဓာတ်ပါသောခရင်မ်များ လိမ်းရန်
- လိင်အင်္ဂါကြွက်နို့ ဖြစ်ပွားမှုကိုကာကွယ်ရန် ဆယ်ကျော်သက်အရွယ်ကလေးများတွင် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးရန်
- အသက် (၃၀)ကျော်အမျိုးသမီးများတွင် သားအိမ်ခေါင်းချွဲအမြှေး စစ်ဆေးခြင်း
- လိင်ဆက်ဆံပါက အကာအကွယ်သုံးခြင်း စသည့်တို့ဖြင့် ကာကွယ်နိုင်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.