Anxiety (စိုးရိမ်စိတ်)

Anxiety (စိုးရိမ်စိတ်)

စိုးရိမ်စိတ် (Anxiety) ဆိုသည်မှာ စိတ်တင်းကြပ်မှု၊ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်သောကအတွေးများ၊ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ရောယှက်ဖြစ်ပေါ်ခံစားရသော စိတ်ခံစားချက်ဖြစ်သည်။ လူသားတိုင်းသည် တွေးတောပူပန် စိုးရိမ်စိတ် အနည်းနှင့် အများ ဖြစ်ပေါ်ခံစားရတတ်သည်။ စိုးရိမ်စိတ်သည် လူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်သည်။

စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေ၊ အချို့သောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ၊ ဘဝတွင် ရင်ဆိုင်ရတတ်သည့် စိတ်ဖိစီးဖွယ်ရာဖြစ်ရပ်များ၊ နေ့စဥ်လူနေမှုဘဝတွင် ကြုံတွေ့ရ သည့် အမျိုးမျိုးသောအကြောင်းကိစ္စများ စသည်ဖြင့် များပြားသောအကြောင်းရင်းခံများကြောင့် စိုးရိမ်စိတ်လက္ခဏာများ ခံစားလာရတတ်သည်။

စိုးရိမ်စိတ်သည် မကောင်းသောစိတ်ခံစားချက်ဖြစ်သည် ဟူ၍လည်း အမြဲတမ်းမဆိုနိုင်ပါ။ စိုးရိမ်စိတ်သည် အခြေအနေတစ်ခုခု၊ ပြဿနာတစ်ခုခု၊ အန္တရာယ်ဖြစ်လာနိုင်ခြေ စသည်တို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အချက်ပြမှုတစ်ခုဟု ဆိုနိုင်သည်။ အခက်အခဲအန္တရာယ် ဖြစ်လာနိုင်ခြေတစ်ခုခုနှင့် စပ်လျဥ်းပြီး လိုက်လျောညီထွေတုံ့ပြန်မှုဟုလည်း ပုံဖော်မှတ်ယူနိုင်သည်။ သို့သော်လည်း စိုးရိမ်စိတ်လွန်ကဲလာပြီး မိမိ၏ လုပ်ဆောင်နိုင်စွမ်းအပေါ် ထိခိုက်လာခြင်း၊ စိုးရိမ်စိတ်ကို အမြဲလိုလို သိသာစွာခံစားနေရခြင်း၊ စိုးရိမ်စိတ်လွန်ကဲလာခြင်းကို ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာခြင်း စသည့်အခြေအနေများ ရှိလာသည်ဆိုပါက သတိပြုရမည့် အနေအထားဖြစ်သည်။

Anxiety IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စိုးရိမ်စိတ် ဖြစ်ပေါ်စေနိုင်သည့်အကြောင်းရင်းခံများ များစွာရှိသည်။

  • ဦးနှောက်အတွင်းရှိ ဓါတုပစ္စည်းများ (Neurotransmitters) အခြေအနေ
    • ဦးနှောက်အတွင်းရှိ Norepinephrine၊ Serotonin၊ Gama Amino Butyric Acid (GABA)စသည့် ဓါတုပစ္စည်းများ မညီမျှခြင်းနှင့် စိုးရိမ်စိတ်တို့ ဆက်နွှယ်မှုရှိသည်။
  • မျိုးရိုးဗီဇ၊ မိဘအုပ်ထိန်းမှုပုံစံ
    • မျိုးရိုးဗီဇလွှမ်းမိုးမှု၊ မိဘအုပ်ထိန်းမှုပုံစံ စသည်တို့သည် စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်လွယ်သည့်အခြေအနေများ ဖြစ်စေတတ်သည်။
  • ကလေးဘဝအတွင်း ကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့်ဖြစ်စဥ်များ (Adverse childhood experience)
    • ကလေးဘဝအတွင်း နှိမ့်ချပစ်ပယ်ခံရမှု၊ ညှဥ်းပန်းနှိပ်စက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် ဖြစ်စဥ်များ ကြုံတွေ့ခဲ့ရဖူးပါက နောက်ဆက်တွဲအနေနှင့် စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ် ခံစားရခြင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုခံစားလာရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့်အကျိုးဆက်များ ဖြစ်ပေါ်လာတတ်သည်။
  • ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအခြေအနေ
    • အပြုသဘောမဆောင်သည့် စိတ်ခံစားချက်များ ခံစားရလွယ်သည့် ကိုယ်ရည်ကိုယ်သွေး အခြေအနေ (Neuroticism)၊ အချို့သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာပြဿနာများ (Personality disorders)တွင် စိုးရိမ်စိတ်ခံစားရလွယ်သော အခြေအနေများ တွေ့ရတတ်သည်။
  • လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ
    • လုပ်ငန်းခွင်၊ ပညာရေး၊ စီးပွားရေး စသည်ဖြင့် နေ့စဥ်လူနေမှုဘဝတွင် တွေ့ကြုံရသော အခြေအနေများ၊ ဖိစီးမှုများကြောင့်လည်း စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
  • စိတ်ပိုင်းဆိုင်ရာရောဂါများ
    • စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများ (Anxiety disorders)
    • ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ [Post Traumatic Stress Disorder (PTSD)]ကဲ့သို့ ဆိုးဝါးပြင်းထန်သော အခြေအနေ၊ စိတ်ဖိစီးမှုတို့နှင့် ဆက်နွှယ်ပြီး ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာရောဂါများ (Trauma- and stressor- related disorders) စသည်တို့အပါအဝင် အခြားသော စိတ်ပိုင်းဆိုင်ရာရောဂါများတွင် စိုးရိမ်စိတ်လက္ခဏာများ တွေ့ရတတ်သည်။
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ
    • နှလုံးရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လွန်ကဲရောဂါ (Hyperthyroidism)၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (ဥပမာ – ရင်ကျပ်ရောဂါ)၊ ဆီးချိုရောဂါ၊ ဦးနှောက်အာရုံကြောဆိုင်ရာ အချို့သောရောဂါများ စသည်တို့အပါအဝင် အခြားရုပ်ပိုင်းဆိုင်ရာ ရောဂါအများအပြားတွင် စိုးရိမ်စိတ်လက္ခဏာများ တွေ့ရတတ်သည်။
  • ကုသမှုဆိုင်ရာဆေးဝါးများ
    • ကဖိန်းဓါတ်ပါသောဆေးဝါးများ၊ စတီးရွိုက်ပါသောဆေးများ၊ သိုင်းရွိုက်ဟော်မုန်းကျဆင်းရောဂါ (Hypothyroidism) ကုသဆေးများ၊ ရင်ကျပ်ရောဂါကုသသည့် အချို့ဆေးဝါးများ စသည်တို့ကြောင့် စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ
    • အရက်စွဲပြီးနောက် ရုတ်တရက် အရက်ပြတ်ခြင်း၊ စိတ်ကြွဆေးများ အသုံးပြုခြင်း၊ ဘိန်းနှင့်ဘိန်းအမျိုးအစားဆေးများ ပြတ်ခြင်း စသည့်အခြေအနေများတွင် စိုးရိမ်စိတ်မြင့်တက်သည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။
ရောဂါလက္ခဏာများ

စိတ်ပိုင်းဆိုင်ရာလက္ခဏာများ –

  • စိတ် သက်တောင့်သက်သာ မရှိခြင်း
  • မလိုလားသော သို့မဟုတ် မကောင်းသောအရာတစ်ခုခု ဖြစ်တော့မည်လားဟု စိတ်ပူပန်နေတတ်ခြင်း
  • စိတ်တင်းကြပ်နေသလို ခံစားရခြင်း
  • စိုးရိမ်ထိတ်လန့်တတ်ခြင်း
  • စဥ်းစားခြင်း၊ အာရုံစူးစိုက်ခြင်းတို့တွင် အခက်အခဲဖြစ်တတ်ခြင်း
  • စိတ်တို၊ စိတ်ဆတ်လာခြင်း
  • ဂနာမငြိမ်သလို ခံစားရခြင်း
  • အိပ်မပျော်ခြင်း၊ မကြာခဏ နိုးနေတတ်ခြင်း
  • ပင်ပန်းနွမ်းနယ်သလို ခံစားရခြင်း

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ –

  • မူးဝေသလို ခံစားရခြင်း
  • ရင်တုန်ခြင်း
  • အသက်ရှူမဝသလို ခံစားရခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း
  • ချွေးပျံခြင်း
  • ကတုန်ကယင်ဖြစ်ခြင်း
  • ပျို့အန်ချင်သလိုဖြစ်ခြင်း၊ ပျို့အန်တတ်ခြင်း
  • မကြာခဏ ဆီးသွားချင်သလိုဖြစ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း
  • ခြေလက် ထုံကျဥ်သလိုခံစားရခြင်း
  • ကိုယ်လက် ညောင်းညာနာကျင်ကိုက်ခဲတတ်ခြင်း

အခြေအနေပြင်းထန်မှု၊ စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်သည့် ရောဂါ၊ အခြေအနေ အကြောင်းရင်းတစ်ခုခု ရှိမရှိ စသည်တို့အပေါ် မူတည်ပြီး စိုးရိမ်စိတ်လက္ခဏာများ ခံစားရပုံအနေအထား ကွာခြားနိုင်သည်။ စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်စေနိုင်သည့် ရောဂါအကြောင်းရင်း တစ်ခုခုရှိနေပါက အဆိုပါရောဂါအကြောင်းရင်းနှင့် သက်ဆိုင်သည့် လက္ခဏာများလည်း တွေ့ရှိနိုင်သည်။

တစ်ခါတစ်ရံတွင် စိုးရိမ်စိတ်လက္ခဏာများ ခံစားရခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု၏ အစပျိုးလက္ခဏာ ဖြစ်နိုင်ခြေရှိသည် ဆိုသည့်အချက်ကို သတိပြုရန်လိုအပ်သည်။

‌‌နောက်ဆက်တွဲပြဿနာများ

လူတိုင်းလိုလို စိုးရိမ်စိတ်လက္ခဏာများ အနည်းနှင့်အများ ခံစားကြရတတ်သည်။ သို့သော်လည်း စိုးရိမ်စိတ်လက္ခဏာ ခံစားရမှုများ သိသာ၊ ဆိုးဝါးလာပါက ဖော်ပြပါနောက်ဆက်တွဲအခြေအနေများ ဖြစ်ပေါ်လာနိုင်သည် (အခြားသောအခြေအနေများလည်း ရှိနိုင်သည်) –

  • လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အခက်အခဲ၊ ပြဿနာများဖြစ်လာခြင်း
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းလာခြင်း
  • အိပ်မပျော်သည့်အခြေအနေ ပိုမိုသိသာ ဆိုးဝါးလာတတ်ခြင်း
  • လူမှုပေါင်းသင်းဆက်ဆံရေး ထိခိုက်လာနိုင်ခြင်း
  • ကာယကံရှင်အတွက် စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများကို ရှောင်ကြဥ်တတ်လာခြင်း
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲလာတတ်ခြင်း၊ ပိုမိုသုံးစွဲလာခြင်း
  • စိတ်ကျန်းမာရေးထိခိုက်လာနိုင်ခြင်း
    • ဥပမာ – စိုးရိမ်စိတ်လွန်ကဲသောရောဂါ၊ စိတ်ကျရောဂါ စသည်တို့ ခံစားလာရနိုင်ခြင်း
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ပိုမိုသိသာလာနိုင်ခြင်း
    ဥပမာ –
    • နှလုံးခုန်နှုန်းမြန်နေခြင်း၊ သွေးပေါင်ချိန်မြင့်တက်နေခြင်း
    • ရင်ကျပ်ရောဂါ ပိုမိုသိသာလာနိုင်ခြင်း
    • Irritable Bowel Syndrome (IBS) ကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ ပိုမိုသိသာလာတတ်ခြင်း
    • စိုးရိမ်စိတ်လက္ခဏာများ ကာလတာရှည်ခံစားလာရပါက ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်လာနိုင်ခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုခြင်း၊ အသက်အန္တရာယ်ထိခိုက်အောင် လုပ်ဆောင်လိုခြင်း စသည်တို့ ဖြစ်လာနိုင်သည့်အလားအလာရှိတတ်ခြင်း (စိုးရိမ်စိတ်လက္ခဏာများ ဆိုးဝါးပြင်းထန်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ကျရောဂါပူးတွဲခံစားရခြင်း စသည့်အခြေအနေများတွင် သတိပြုရန် လိုအပ်သည်)
ဆေးရုံ၊ ဆေးခန်းပြသရန်

ရံဖန်ရံခါ စိုးရိမ်စိတ်ဖြစ်ပေါ်တတ်ခြင်း (ဥပမာ – အရေးကြီးကိစ္စတစ်ခုခု ဆောင်ရွက်ရမည့်အခါတွင် စိုးရိမ်စိတ် ဖြစ်ပေါ်တတ်ခြင်း)သည် ဖြစ်လေ့ဖြစ်ထရှိသော အနေအထားတစ်ခုဖြစ်သည်။

သို့သော်လည်း စိုးရိမ်စိတ်ခံစားရခြင်းကြောင့် မိမိ၏လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ထိခိုက်လာခြင်း၊ အိပ်မပျော်သည့်ပြဿနာ သိသာဆိုးဝါးလာခြင်း၊ စိတ်ခံစားချက်များကို ထိန်းသိမ်းနိုင်ရန် ခက်ခဲလာခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေးများ ထိခိုက်လာခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာပါက အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန် စသည့် တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။

တစ်ခါတစ်ရံတွင် စိုးရိမ်စိတ်လက္ခဏာများ ခံစားရခြင်းသည် စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နိုင်ခြေရှိခြင်း၊ ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု၏ အစပျိုးလက္ခဏာ ဖြစ်နိုင်ခြေရှိတတ်ခြင်း စသည်တို့ကြောင့် ဆေးရုံ၊ ဆေးခန်းပြသမှု လိုအပ်လာနိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအကြောင်းရင်းများ ရှိ မရှိ ရောဂါဖော်ထုတ်သတ်မှတ်နိုင်သည်။

ကုသခြင်း

နေ့စဥ်လူနေမှုဘဝတွင် ရံဖန်ရံခါ ဖြစ်ပေါ်ခံစားရတတ်သည့် စိုးရိမ်စိတ်လက္ခဏာများအတွက် သီးခြားကုသမှု မလိုအပ်တတ်ပါ။ ကာယကံရှင်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် စိုးရိမ်စိတ်လက္ခဏာများ အတိုင်းအတာတစ်ခုအထိ လျော့ပါးစေနိုင်သည်။ ကိုယ့်ကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း (Self-management)ဟုလည်း ခေါ်ဆိုနိုင်သည် –

  • ကဖိန်းဓါတ်သုံးစွဲမှု [ဥပမာ – ကော်ဖီ၊ လက်ဖက်ရည် ‌သောက်သုံးမှု]လျှော့ချခြင်း
  • ကောင်းမွန်စွာအိပ်စက်မှုကို အထောက်အကူပြုသည့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများ၊ အပြုအမူများ၊ ပတ်ဝန်းကျင်အခြေအနေများ (Sleep hygiene)ရရှိစေခြင်း
  • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်မိမိ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ခြင်း
  • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း

အကယ်၍ စိုးရိမ်စိတ်လက္ခဏာများ သိသာဆိုးဝါးပါက သို့မဟုတ် စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ တစ်ခုခုရှိပါက အောက်ပါကုသမှုများဖြင့် ကုသနိုင်သည်။

စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ (Psychological intervention)

အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး [Cognitive-Behavioural Therapy (CBT)] သည် ထိရောက်သည့် ကုထုံးတစ်ခုဖြစ်သည်။

ကူညီပံ့ပိုးပေးသည့် စိတ်ကုထုံး (Supportive psychotherapy) ဆက်ဆံရေးပြုပြင်မှု ကုထုံး (Interpersonal Psychotherapy) စသည်တို့လည်း အသုံးပြုနိုင်သည်။ အခြားသော စိတ်ပိုင်းဆိုင်ရာကုသမှု အမျိုးအစားများလည်း ရှိသည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ကာလတာရှည်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။

ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)

တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။

စိုးရိမ်စိတ်လက္ခဏာများအတွက် ဆေးဝါးဖြင့် ကုသရန် လိုအပ်လာပါက စိတ်ကျရောဂါ ကုသဆေးဝါးများ (Antidepressants)၊ စိတ်ငြိမ်ဆေးများ (Anxiolytics)ကို အဓိကအသုံးပြုကြသည်။ ကာယကံရှင်၏ အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများနှင့် ပြင်းထန်မှုအခြေအနေ၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ စသည့် အချက်အလက်များအပေါ် မူတည်ပြီး ဆေးဝါးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။

ဆေးဝါးအမျိုးအစားပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများရပ်တန့်ခြင်း စသည်တို့ ပြုလုပ်ရန်အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။

အဆိုပါကုသမှုများအပြင်

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန်တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြုစုကုသမှုများ (Psychosocial interventions) လိုအပ်သလို လုပ်ဆောင်ပေးခြင်း
  • စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်စေသည့် စိတ်ပိုင်းဆိုင်ရာ ရောဂါများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါများ ရှိနေပါက ပြုစုကုသခြင်း
  • ကာယကံရှင်၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများအား စိုးရိမ်စိတ်လက္ခဏာများ ဖြစ်ပေါ်ရသော အကြောင်းရင်းများ၊ အတူဖြစ်ပေါ်နေသည့် ရောဂါအခြေအနေ၊ လိုအပ်သောကုသမှု၊ ကုသမှုစွဲမြဲစွာခံယူခြင်း စသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာအသိပညာပေးခြင်း (Psychoeducation)တို့လည်း လိုအပ်သည်။

ဆေးရုံတွင်ကုသခြင်း

  • စိုးရိမ်စိတ်လက္ခဏာများ ဆိုးဝါးပြင်းထန်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ကျရောဂါ ပူးတွဲခံစားရခြင်း စသည့်အခြေအနေများတွင် ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုခြင်း၊ အသက်အန္တရာယ် ထိခိုက်အောင် လုပ်ဆောင်လိုခြင်း စသည်တို့ ဖြစ်ပေါ်လာခြင်း
  • ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့် စိတ်ကျရောဂါလက္ခဏာများ ဆိုးဝါးပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
  • ဆေးရုံတွင်သာ ရရှိနိုင်မည့် ကုသမှုအမျိုးအစား လိုအပ်သည့် အခြေအနေဖြစ်ခြင်း တို့သည် ဆေးရုံတွင်ကုသရန် လိုအပ်သည့်အခြေအနေများ ဖြစ်သည်။
ကာကွယ်ခြင်း

လူတိုင်းလိုလို စိုးရိမ်စိတ် အနည်းနှင့်အများ ဖြစ်ပေါ်ခံစားရတတ်သည်။ စိုးရိမ်စိတ်လက္ခဏာများ လုံးဝမဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးရန် မဖြစ်နိုင်ပါ။ သို့သော်လည်း အထက်တွင်ဖော်ပြခဲ့သည့် ကိုယ့်ကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း (Self-management)နည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့် စိုးရိမ်စိတ်လက္ခဏာများ အတိုင်းအတာတစ်ခုအထိ လျော့ပါးစေနိုင်သည်။ စိုးရိမ်စိတ် ဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများရှိပါက တတ်ကျွမ်းနားလည်သူများနှင့် ဆောလျင်စွာ ပြသတိုင်ပင်ပြီး ထိရောက်သောကုသမှု ရယူခြင်းဖြင့်လည်း နောက်ဆက်တွဲဆိုးကျိုးဆက်များကို ကာကွယ်နိုင်လိမ့်မည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.