Beri beri (ဘယ်ရီဘယ်ရီ)

Beri beri (ဘယ်ရီဘယ်ရီ)

ဘယ်ရီဘယ်ရီရောဂါသည် ဗီတာမင် ဘီဝမ်းဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်သည်။ ဗီတာမင် ဘီဝမ်းကို သိုင်ယာမင်း (Thiamine) ဟုလည်း ခေါ်ဆိုကြသည်။ ဗီတာမင်ချို့တဲ့သော ရောဂါအများစုသည် ဗီတာမင် ပြည့်ဝသော အစားအစာအာဟာရများ မရရှိသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကာကွယ်၍ရသော ရောဂါများဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ဗီတာမင်ဘီဝမ်း ချို့တဲ့သောရောဂါသည် ၎င်းဓာတ်ချို့တဲ့သော အစားအစာများကို ရက်ရှည်လများကြာအောင် မှီဝဲစားသုံးရာမှ နဂိုမူလခန္ဓာကိုယ်တွင်း သိမ်းဆည်းသိုလှောင်ထားသော ဗီတာမင်ဘီဝမ်းဓာတ်များ ကုန်ခန်းသွားချိန်တွင် ရောဂါလက္ခဏာများ စတင်ပြလာသည်။

အောက်ဖော်ပြပါ အစားအစာများသည် ဗီတာမင်ဘီဝမ်း ကြွယ်ဝသောကြောင့် ဖော်ပြပါ အစားအသောက်များကို လုံလောက်စွာ မစားသုံးလျှင် ဗီတာမင်ဘီဝမ်း ချို့တဲ့သည့်ရောဂါ (ဘယ်ရီဘယ်ရီ) ဖြစ်စေနိုင်သည်။

ဗီတာမင်ဘီဝမ်း ကြွယ်၀သော အစားအစာများမှာ

  • အခွံမာသီး၊ နှမ်းကြိတ်စေ့၊ နေကြာစေ့ စသောအစေ့အဆန်များ
  • ပဲ အမျိုးမျိုး၊ ဂျုံအမျိုးမျိုး၊ နှံစားပင်၊ ကောက်နှံပင်ထွက် အစားအစာများ
  • ဝက်သား၊ ဆယ်လ်မွန်ငါး
  • နို့နှင့် နို့ထွက်ပစ္စည်းများ
  • မောင်းထောင်းဆန်၊ လုံးတီးဆန် (ဆန်လုံးညို) ၊ လျော့ကြိတ်ဆန်
  • အစိမ်းရောင်ပါသော အသီးအရွက်များ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အာလူး တို့ဖြစ်သည်။

ဗီတာမင်ဘီဝမ်း သည် ဆန်လုံးအဖြူနှင့် ဂျုံမှုန့်တို့တွင် အနည်းငယ်သာ ပါဝင်သည်။ ထိုကြောင့် ဆန်ကိုဖြူဖွေးသည်အထိ ကြိတ်ခွဲခြင်း၊ ဆန်ကိုဖြူဖွေးအောင် ရေဖြင့် အထပ်ထပ်ပွတ်တိုက် ဆေးကြောခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။

ထို့အပြင် –

  • နှစ်ရှည်လများ အရက်သောက်သုံးခြင်း
  • ကျောက်ကပ်ဆေးခြင်း
  • သိုင်းရွိုက်ဟော်မုန်းများခြင်း
  • ဆီးဆေးများအလွန်အကျွံ အသုံးပြုခြင်း
  • အစာအိမ်နှင့်အူလမ်းကြောင်း ပြဿနာများကြာင့် ဗီတာမင်ကို ခန္ဓာကိုယ်မှ မစုပ်နိုင်ခြင်း
    တို့ကြောင့်လည်း ဗီတာမင်ဘီဝမ်း ချို့တဲ့နိုင်သည်။
ရောဂါလက္ခဏာများ

ဗီတာမင် ဘီဝမ်း ချို့တဲ့လျှင် ဖြစ်သောလက္ခဏာစုတွင် လူကြီးတွင်ဖြစ်သော လက္ခဏာစုနှင့် ကလေးငယ်တွင်ဖြစ်သော လက္ခဏာစု (infantile beri beri) ဟူ၍ ခွဲခြားထားနိုင်သည်။

လူကြီးတွင်ဖြစ်သော လက္ခဏာစုတွင် အဓိက အုပ်စု (၃) မျိုးရှိသည်။

  1. ထုံနာခြောက် ဘယ်ရီဘယ်ရီ (dry beri beri)
    • ခြေလက်အဖျားများ ထုံကျဥ်ခြင်း
    • ခြေလက်များ လေးလံခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ လေဖြတ်သကဲ့သို့ ဖြစ်ခြင်း
    • ကြွက်တက်ခြင်း
  2. ထုံနာစို ဘယ်ရီဘယ်ရီ (wet beri beri)
    • ခြေထောက်ဖောလာခြင်း
    • မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်း၊
    • ညအိပ်နေစဉ် ရေမွန်းသကဲ့သို့ဖြစ်၍ လန့်နိုးခြင်း၊ အိပ်မပျော်ခြင်း
    • နှလုံးခုန်နှုန်းမြန်လာခြင်း၊ ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
    • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာ စားချင်စိတ်ပျောက်ဆုံးခြင်း၊ ဝမ်းချုပ်ခြင်း
    • ကိုယ်အလေးချိန်ကျဆင်းခြင်း များဖြစ်ပေါ်နိုင်သည်။

      Beri Beri IMG1
  3. ဦးနှောက်ထိခိုက်ခြင်း (encephalopathy)
    • ဂနာမငြိမ်ဖြစ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း
    • လမ်းလျှောက်စဉ် ဒယိမ်းဒယိုင်ဖြစ်ခြင်း (ataxia)
    • မျက်လုံးကြွက်သားထိခိုက်ခြင်း (ophthalmoplegia)၊ မျက်ခွံကျခြင်း၊ သားငယ်အိမ်လှုပ်ခြင်း (nystagmus‌)
    • အထက်ပါ လက္ခဏာပေါ်ချိန်တွင် အရေးပေါ် ကုသမှုမခံယူပါက နာတာရှည်အာရုံကြော ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။ ထိုအခါတွင် မှတ်ဉာဏ်ထိခိုက်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းများ တွေ့လာရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

လက္ခဏာပေါ် ပြီး ကုသမှုကောင်းစွာ မခံယူပါက နှလုံးပုံမှန်အလုပ် မလုပ်နိုင်တော့ခြင်း၊ ဦးနှောက်ထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ လက္ခဏာများဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကို လူနာ၏ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ အစားအသောက်များအကြောင်း မေးမြန်းခြင်း၊ မိသားစုထဲတွင် အလားတူလက္ခဏာများ ခံစားနေရသူ ရှိမရှိ မေးမြန်းခြင်းနှင့် လူနာတွင် ဖြစ်ပေါ်နေသော လက္ခဏာများအား အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် လွယ်ကူစွာ သိရှိနိုင်သည်။ လိုအပ်ပါက သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း များပြုလုပ်နိုင်သည်။

အရေးပေါ်အခြေအနေတွင် ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်းကို အမြန်ဆုံး သိရှိနိုင်သည့်နည်းမှာ ဘီဝမ်း ချို့တဲ့နေသည်ဟု သံသယရှိသည့် လူနာကို အကြောမှ ဗီတာမင်ဘီဝမ်း ကို သွင်းပြီး စောင့်ကြည့်ခြင်းဖြစ်သည်။ ထိုသို့ ခံစားနေရသည့် လက္ခဏာများသည် ဘီဝမ်း ချို့တဲ့နေသည်မှန်ပါက ဆေးသွင်းပြီး နာရီပိုင်းအတွင်း စတင်သက်သာလာသည်ကို တွေ့ရသည်။

ကုသခြင်း

ဗီတာမင်ဘီဝမ်းချို့တဲ့သည်ကို သိလျှင်သိချင်း ဗီတာမင်ဘီဝမ်းထိုးဆေး (သွေးကြောမှတစ်ဆင့် ဖြစ်စေ (သို့မဟုတ်) အသားမှတစ်ဆင့်ဖြစ်စေ) ကို ထိုးပေးရမည်။

ထိုးဆေးထိုးပြီးသည့်နောက်တွင် ဗီတာမင်ဘီဝမ်းအားဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးရန် လိုအပ်သည်။

ဘယ်ရီဘယ်ရီ၏ နောက်ဆက်တွဲဖြစ်သော နှလုံးပုံမှန်အလုပ်မလုပ်နိုင်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း တို့ဖြစ်ပေါ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များ နှင့် ကြီးကြပ်ကုသရန် လိုအပ်သည်။

ကာကွယ်ခြင်း

ဗီတာမင်ဘီဝမ်း ကြွယ်ဝသော အစားအစာများစားသုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရစုံလင်သော အစားအစာများစားသုံးခြင်း တို့ဖြင့် ကာကွယ်နိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ ဗီတာမင်ဘီဝမ်း ချို့တဲ့လျှင်လည်း မွေးကင်းစကလေးကိုပါ သက်ရောက်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်စဉ် အစားမရှောင်ဘဲ အာဟာရပြည့်ဝစွာ စားသုံးရန် လိုအပ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.