ပလာဂရာ (Pellagra) ဆိုသည်မှာ နိုင်ယာစင် (Niacin) ဟုခေါ်သည့် ဗီတာမင် ဘီ-၃ (Vitamin B3) ဓာတ်ချို့တဲ့ခြင်း ဖြစ်သည်။ ဗီတာမင် ဘီ-၃သည် ခန္ဓာကိုယ်ဆဲလ်များ၏ လုပ်ငန်းဆောင်တာများအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကြောင့် အရေပြား၊ ပါးစပ်၊ အူလမ်းကြောင်းနှင့် ဦးနှောက်ဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရတတ်သည်။ ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကို မကုသဘဲထားပါက အာရုံကြောစနစ်များကို ထိခိုက်ပျက်စီးစေနိုင်ပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်ပေါ်နိုင်သည်။ ဗီတာမင် ဘီ-၃သည် ပုံမှန်စားသောက်နေကြသော အစားအစာများထဲတွင် ပါဝင်ပြီး အစားအစာကို မျှတစွာစားသုံးပါက လုံလောက်စွာရရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
အဓိက အကြောင်းအရင်းသည် အစာအာဟာရချို့တဲ့ခြင်း ဖြစ်သည်။ တခြားသော နောက်ခံရောဂါ အကြောင်းရင်းများကြောင့်လည်း ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ထိုအကြောင်းအရင်းများမှာ_
- အစာအာဟာရစုပ်ယူမှု လျော့နည်းခြင်းကို ဖြစ်စေသော နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ (Inflammatory bowel disease) နှင့် အသည်းခြောက်ရောဂါ (Cirrhosis)
- အရက်အလွန်အကျွံ သောက်သုံးခြင်း
- အစာအိမ်အူလမ်းကြောင်းကို ခွဲစိတ်ဖြတ်ထုတ်ထားခြင်း (Gastric bypass surgery)
- သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း (Iron deficiency anemia)
- အမိုင်နိုအက်စစ် စုပ်ယူနိုင်စွမ်းချို့တဲ့သော မျိုးရိုးလိုက်သည့် ရောဂါ (Hartnup disease)
- တချို့သောဆေးဝါးများ (အထူးသဖြင့် ကင်ဆာရောဂါကုဆေးများ)
- HIV, AIDS ရောဂါဖြစ်ခြင်း
စသည်တို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ
ဗီတာမင် ဘီ-၃ချို့တဲ့ခြင်းကို “3 Ds” ဟု အလွယ်မှတ်သားကြသည်။
- နာတာရှည် ဝမ်းလျှောခြင်း နှင့်တစ်ခါတစ်ရံ သွေးဝမ်းသွားခြင်း (Diarrhoea )
- အရေပြား ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ နာကျင်၍အနီပြင် ဖြစ်ခြင်း (Dermatitis)
- ကယောင်ကတမ်းဖြစ်ခြင်း၊ သတိမေ့ခြင်း (Dementia) တို့ဖြစ်သည်။
အခြားလက္ခဏာများမှာ –
- ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း
- အစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်း
- ပါးစပ်အနာဖြစ်ခြင်း၊ လျှာရောင်၍နီမြန်းခြင်း
- အင်အားကုန်ခန်းခြင်း၊ နုံးချည့်ခြင်း
- စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း
- ခြေလက်များတုန်ခြင်း၊ ထုံကျဥ်ခြင်း စသည်တို့ ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
စောစီးစွာမကုသပါက အဓိက နောက်ဆက်တွဲပြဿနာများအနေဖြင့် ဝမ်းလျှောခြင်း၊ အရေပြား ရောင်ရမ်းခြင်း၊ သတိမေ့ခြင်းတို့ ပိုမိုဆိုးဝါးလာပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်မှ အထက်ဖော်ပြပါ ရောဂါလက္ခဏာများအကြောင်း၊ အစားအသောက်နေထိုင်မှုပုံစံ၊ ရောဂါအခံ ရှိမရှိ နှင့် နောက်ဆက်တွဲပြဿနာများ၏ လက္ခဏာများကို မေးမြန်းခြင်း၊ လူနာကို အထွေထွေစမ်းသပ်ခြင်း၊ အရေပြားကို စမ်းသပ်ခြင်းနှင့် အခြားစမ်းသပ်ခြင်း စစ်ဆေးမေးမြန်းခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ဤရောဂါသည် ပုံမှန်အားဖြင့် ဗီတာမင် ဘီ-၃ အားဆေးသောက်သုံးခြင်းဖြင့် အလွယ်တကူ ကုသပျောက်ကင်းနိုင်သည်။ သို့သော် အရေပြားရောင်ရမ်းခြင်းနှင့် ပါးစပ်အနာများကို လိုအပ်သော ဆေးဝါးများဖြင့် ထပ်မံကုသရန်လိုအပ်သည်။ နောက်ခံရောဂါ အကြောင်းရင်းများကိုလည်း ကုသဖို့လိုအပ်သည်။ ဗီတာမင် ဘီ-၃ အားဆေးကို အလွန်အကျွံ သောက်သုံးပါကလည်း အရေပြားနီမြန်းခြင်း၊ ယားယံခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ခေါင်းမူးခြင်း စသည့်ဆိုးကျိုးများ ခံစားရနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ သောက်သုံးသင့်သည်။
ကာကွယ်ခြင်း
ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကို ကာကွယ်ရာတွင် အလွယ်ကူဆုံးနည်းလမ်းမှာ အစားအစာကို အာဟာရဓာတ် စုံစုံလင်လင် ညီညွတ်မျှတစွာ စားသုံးခြင်းဖြစ်သည်။ ဗီတာမင် ဘီ-၃ ကြွယ်ဝစွာပါဝင်သော အစားအစာများ မှာ –
- အမဲအသည်း
- နိုကိုဥ
- ဘီယာချက်သည့် တဆေး
- ဂျုံနှင့် နှံစားပင်များ
- ဆယ်လ်မွန်ငါး ၊ တူနာငါးများ
- မြေပဲ
- အာလူး
- ဥအမျိုးမျိုး
- ဆန်၊ နေကြာစေ့ စသည်တို့ဖြစ်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.