ကျောက်ကပ်ရောင်ခြင်းသည် ကျောက်ကပ်အတွင်းရှိ အညစ်အကြေးစစ် ဇကာပေါက်လေးများ (glomerulus)နှင့် အခြားကျောက်ကပ်အစိတ်အပိုင်းများ ထိခိုက်ရောင်ရမ်းခြင်းဖြစ်သည်။ Group A beta hemolytic streptococci ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းကြောင့်ဖြစ်သော ကျောက်ကပ်ရောင်ခြင်းသည် ကလေးများတွင် အဖြစ်အများဆုံးဖြစ်သည်။ အသက် (၃)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကလေးများတွင် ဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့် နာတာရှည်ကျောက်ကပ်ရောဂါ အဆင့်အထိ ဖြစ်ပွါးနိုင်ခြေနည်းသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဘက်တီးရီးယားပိုး၊ အသည်းရောင်ပိုး၊ HIV ပိုးအစရှိသည့် ရောဂါများဝင်လာပြီးနောက် ကိုယ်ခံအားစနစ် တုံ့ပြန်ခြင်းကြောင့်ဖြစ်သော ရောဂါများနှင့် မိမိကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်သည့်ရောဂါများ (Autoimmune diseases)ကြောင့် အဓိကဖြစ်သည်။ ကလေးများတွင် အဖြစ်အများဆုံးမှာ Group A beta hemolytic streptococci ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့် ဖြစ်သည်။ ထိုပိုးဝင်ရောက်ခြင်းကြောင့် အာသီးရောင်ခြင်း၊ အရေပြားတွင် ပြည်တည်နာပေါက်ခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ် ပြီးနောက် (၂)ပတ် မှ (၄)ပတ် အကြာတွင် ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေနိုင်သည်။ မွေးရာပါနှင့် မျိူးရိုးဗီဇဆိုင်ရာ ကျောက်ကပ်ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
ကျောက်ကပ်ရောင်ခြင်း အဆင့်အမျိုးမျိုးရှိသည်။ ဆီးထဲသွေးပါပြီး အခြားလက္ခဏာများမပြသော သာမန်ကျောက်ကပ်ရောင်ခြင်းမှသည် ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်း (Acute Kidney Injury)အထိ ဖြစ်နိုင်သည်။
အတွေ့ရများသော လက္ခဏာများမှာ –
- ဆီးထဲတွင်သွေးပါခြင်း (သို့မဟုတ်) ရေနွေးကြမ်းအရောင်ကဲ့သို့သော ဆီးရောင်ရင့်ရင့် သွားခြင်း
- ဆီးသွားနည်းခြင်း
- ဖောရောင်ခြင်း – မျက်ခွံမှစတင်ဖြစ်လေ့ရှိပြီး တဖြည်းဖြည်း မျက်နှာ၊ ခြေထောက်၊ ဝမ်းဗိုက်စသောနေရာများထိ ပါဝင်လာတတ်သည်။ သို့သော် ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါ (nephrotic syndrome)ကဲ့သို့ တစ်ကိုယ်လုံးရောင်ခြင်း မရှိပါ။
- သွေးပေါင်တက်ခြင်း – ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း စသည့် လက္ခဏာများ ပြလေ့ရှိသည်။ ပုံမှန်အားဖြင့် (၂)ပတ်ကျော်လျှင် ပြန်လည်သက်သာသွားတတ်ပြီး သွေးကျဆေးများကို ရေရှည် စွဲသောက်ရန်မလိုပါ။
နောက်ဆက်တွဲပြဿနာများ
သွေးပေါင်တက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ သတိမေ့ခြင်း၊ တက်ခြင်း (Hypertensive encephalopathy)နှင့် နှလုံးအမောဖောက်ခြင်း (Hypertensive heart failure)များအပြင် ဆီးနည်းသွားရာမှ ရုတ်တရက် ကျောက်ကပ်ပျက်ဆီးခြင်း (Acute Kidney Injury) တို့အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဆီး၊ သွေးစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက ကလေးအထူးကုဆရာဝန်များ၊ ကလေးကျောက်ကပ်ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ အရေးပေါ်အခြေအနေများဖြစ်သော တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးအမောဖောက်ခြင်း၊ ရုတ်တရက်ဆီးနည်းသွားခြင်းများ ဖြစ်ပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ကလေးများတွင် အဓိကအားဖြင့် အောက်ပါအချက် (၃)ချက်ကိုအခြေခံ၍ ကျောက်ကပ်ရောင်ရောဂါ ဖြစ်ကြောင်းသတ်မှတ်လေ့ရှိသည်။
- ဆီးအရောင်ရင့်ခြင်း၊ ဆီးထဲတွင်သွေးပါခြင်း
- သွေးတိုးခြင်း
- ဖောခြင်း
ကလေး၏ ရောဂါလက္ခဏာ၊ ရောဂါရာဇဝင်ပေါ်မူတည်၍ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အချို့ကလေးများတွင် လိုအပ်လျှင် ကျောက်ကပ်အသားစယူ၍ စစ်ဆေးနိုင်သည်။
ကုသခြင်း
ကျောက်ကပ်ရောင်ခြင်းရှိသော ကလေးအများစုတွင် အစားအသောက်ပုံစံပြောင်းခြင်း၊ လက္ခဏာပေါ် မူတည်၍ ကုသခြင်းများ လိုအပ်သည်။ ဆီးဆေးများ၊ သွေးပေါင်ကျဆေးများ၊ ပိုးသတ်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်။
ကလေးဖောနေချိန်တွင် အငန်ဓာတ်လျှော့ကျွေးခြင်း၊ ဆိုဒါမှုန့်၊ အချိုမှုန့်ရှောင်ခြင်း၊ အဆီလျှော့ကျွေးခြင်း၊ ရေ၊ အရည်ကို နေ့စဉ် သတ်မှတ်ပမာဏအတိုင်း သောက်ခြင်းစသည့် အစားအသောက် ပုံစံပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။ သို့သော် အချို့ကလေးများတွင် ဆီးမထွက်ဘဲ သွေးထဲတွင် ကျောက်ကပ်ဆိပ်တက်ခြင်း၊ ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း တို့ဖြစ်လာပါက ကျောက်ကပ်ဆေးခြင်း(dialysis) ပြုလုပ်ရနိုင်သည်။
ကာကွယ်ခြင်း
ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေသော Group A Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သည့် အာသီးရောင်ခြင်း၊ အရေပြားတွင် ပြည်တည်နာပေါက်ခြင်းများကို ထိရောက်စွာ ကုသရန်လိုသည်။
ကာကွယ်ရန်ဆေးမရှိသော်လည်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာစွာပြုလုပ်ခြင်းဖြင့် ရောဂါပိုးကူးစက်ခံရမှုကို လျှော့ချနိုင်သည်။
- ချောင်းဆိုးခြင်း၊ နှာချေခြင်းရှိလျှင် အဝတ်ဖြင့်အုပ်၍ ဆိုးခြင်း
- အစားမစားခင်၊ မချက်ပြုတ်ခင် လက်ကိုဆပ်ပြာဖြင့် ဆေးကြောခြင်း
- လည်ချောင်းနာလျှင်၊ အရေပြားတွင် ယားယံလျှင်၊ ပြည်တည်နာရှိလျှင် ဆရာဝန်နှင့် ပြသခြင်း
- အနာကို ဖုန်မှုန့်များမှ ကာကွယ်ရန် အုပ်ထားခြင်းတို့ ပြုလုပ်နိုင်သည်။
References:
- Glomerulonephritis – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/glomerulonephritis/diagnosis-treatment/drc-20355710
- Rawla, P., Padala, S. A., & Ludhwani, D. (2022). Poststreptococcal Glomerulonephritis. StatPearls – NCBI Bookshelf. Retrieved June 17, 2024, from https://www.ncbi.nlm.nih.gov/books/NBK538255/
- Clinical Guidelines for Post-Streptococcal Glomerulonephritis. (2024). Group a Strep Infection. Retrieved June 17, 2024, from https://www.cdc.gov/group-a-strep/hcp/clinical-guidance/post-streptococcal-glomerulonephritis.html
- Lissienko, K. (n.d.). Poststreptococcal Glomerulonephritis (PSGN). KidsHealth NZ. Retrieved June 17, 2024, from https://www.kidshealth.org.nz/poststreptococcal-glomerulonephritis-psgn
- Queensland, C. O. S. O. (2024). Acute post-streptococcal glomerulonephritis (APSGN). Health and Wellbeing | Queensland Government. Retrieved June 17, 2024, from https://www.qld.gov.au/health/condition/infections-and-parasites/bacterial-infections/acute-post-streptococcal-glomerulonephritis-apsgn
Published: 30 August 2024
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.