ယုံမှားမှုစွဲမြဲလွန်ကဲခြင်း ဆိုသည်မှာ လူအများက မယုံကြည်နိုင်သော်လည်း သို့မဟုတ် မှားယွင်းနေကြောင်း အထောက်အထားများ ရှိနေသော်လည်း ကာယကံရှင်မှ စဥ်းစားတွေးခေါ်မှု လွဲမှားနေသဖြင့် အခြေအနေ အကြောင်းအရာတစ်ခုကို လွန်ကဲစွဲမြဲမှားယွင်းစွာ ယုံကြည်ထားခြင်းကို ဆိုလိုသည်။ ယုံမှားမှုစွဲမြဲလွန်ကဲခြင်းသည် စဥ်းစားတွေးခေါ်မှုနှင့် သက်ဆိုင်သည့် ရောဂါလက္ခဏာတစ်ခု ဖြစ်သည်။ ၄င်းသည် စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) ကဲ့သို့သော စိတ်ဖောက်ပြန်ခြင်းနှင့် ဆက်နွယ်သည့်ရောဂါများ (Psychotic disorders) ၏ ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ သို့သော်လည်း ဤရောဂါလက္ခဏာကို အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲသည့်ပြဿနာ၊ ဦးနှောက်အာရုံကြောနှင့် ရုပ်ပိုင်းဆိုင်ရာ အခြားရောဂါအခြေအနေများ၊ အခိုက်အတန့် ဖြစ်ပေါ် တတ်သော ရောဂါအခြေအနေများတို့တွင်လည်း တွေ့ရတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရောဂါလက္ခဏာ ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများစွာရှိသည်။ အဆိုပါအကြောင်းရင်းများတွင် အောက်ပါအခြေအနေတို့ ပါဝင်သည်-
- စိတ်ပိုင်းဆိုင်ရာရောဂါများ
- စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)
- အချိန်ကာလတိုခံစားရသည့် စိတ်ဖောက်ပြန်ရောဂါ (Brief psychotic disorder)
- စိတ်ကစဥ့်ကလျားသဏ္ဌာန် စိတ်ဖောက်ပြန်ရောဂါ (Schizophreniform disorder)
- ယုံမှားမှုစွဲမြဲလွန်ကဲခြင်းရောဂါ (Delusional disorder) – ဤရောဂါခံစားနေရသူအချို့တွင် လှုံ့ ဆော်မှုမဲ့အာရုံမှားများ ခံစားရတတ်သည်။
- စိတ်ဝေဒနာဆန်သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ရောဂါ (Schizotypal personality disorder) – ဤရောဂါခံစားနေရသူအချို့တွင် စိတ်ဖောက်ပြန်ခြင်းဖြစ်စဥ် (Psychotic episode) ခံစားရပါက လှုံ့ဆော်မှုမဲ့အာရုံမှားများ ဖြစ်ပေါ်လာတတ်သည်။
- စိတ်ကစဥ့်ကလျားဖြစ်စဥ်နှင့် စိတ်ခံစားချက်ဆိုင်ရာဝေဒနာ ရောယှက်နေသည့်ရောဂါ (Schizoaffective disorder)
- စိတ်ကြွစိတ်ကျရောဂါ (အချို့သော စိတ်ကြွစိတ်ကျရောဂါ ခံစားရသူများတွင် လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာများ ရှိတတ်သည်)
- စိတ်ကျရောဂါ (အချို့သော စိတ်ကျရောဂါ ခံစားရသူများတွင် လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာများ ရှိတတ်သည်)
- ကလေးမွေးဖွားပြီးရက် အနည်းငယ်အတွင်း ဖြစ်ပွားသည့် စိတ်ဖောက်ပြန်ခြင်း (Postpartum Psychosis)
- ဆိုးဝါးပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားရခြင်း
- ရုပ်ပိုင်းဆိုင်ရာရောဂါများ
- အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) နှင့် အခြားအသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသောရောဂါ (Dementia) များ၊ ပါကင်ဆန်ရောဂါ (Parkinson’s Disease)၊ ဦးခေါင်းဒဏ်ရာရရှိခြင်း၊ လေဖြတ်ခြင်း စသည်တို့ အပါအဝင် အခြားဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများ၊
- အခြေအနေ ပြင်းထန်သော သိုင်းရွိုက်ဟော်မုန်းလွန်ကဲ ရောဂါ (Hyperthyroidism)၊ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း မြင့်တက်သွားသည့် အနေအထား (Thyroid crisis) တွင် ကယောင်ကတမ်း (Delirium/Acute confusional state) ဖြစ်သည့် အခြေအနေများ၊
- သိုင်းရွိုက်ဟော်မုန်း ကျဆင်းရောဂါ (Hypothyroidism) ပြင်းထန်သည့် အခြေအနေ
- Addison’s disease ၊ Cushing’s disease တို့ကဲ့သို့ ဟော်မုန်းဆိုင်ရာရောဂါများ၊
- ခုခံအားကျကူးစက်ရောဂါ (AIDS)၊ ကာလသားရောဂါ (Syphilis) နှင့် ဦးနှောက်အတွင်း အခြားရောဂါပိုးများ ဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊
- Systemic Lupus Erythematosus ရောဂါ အပါအဝင် အခြားသော ခုခံအားဆိုင်ရာ (Autoimmune) ရောဂါများ၊
- ဗီတာမင် ဘီဝမ်းဓာတ် (Vitamin B-1) ချို့တဲ့မှုနှင့် ဆက်နွယ်သော Wernicke-Korsakoff syndrome (အခြားသော ရုပ်ပိုင်းဆိုင်ရာ ရောဂါများလည်း ရှိသည်)
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ၊ ကုသမှုဆိုင်ရာ ဆေးဝါးများ (ဥပမာ – စတီးရွိုက်ပါဝင်သောဆေးများ၊ ပါကင်ဆန်ရောဂါကုသသည့် အချို့ဆေးများ)ကြောင့် ဖြစ်ပေါ် လာသော စိတ်ဖောက်ပြန်ရောဂါ (Substance/medication-induced psychotic disorder)
- ကယောင်ကတမ်းဖြစ်ခြင်း (Delirium/Acute confusional state)
- ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ကယောင်ကတမ်းဖြစ်ခြင်း
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲမှုကြောင့် အမူးလွန်ခြင်း သို့မဟုတ် သုံးစွဲမှုပြတ်ခြင်း (Substance intoxication/withdrawal)
- တစ်ခုခုကြောင့် ကယောင်ကတမ်းဖြစ်ခြင်း ဥပမာ –
- အရက်စွဲပြီးနောက် ရုတ်တရက်အရက်ပြတ်ခြင်း
- လှုံ့ဆော်မှုမဲ့အာရုံမှားများ ဖြစ်ပေါ်စေနိုင်သည့်ဆေးများ (Hallucinogens) အမ်ဖက်တမင်းကဲ့သို့ စိတ်ကြွဆေး အမျိုးအစားများ [Amphetamine Type of Stimulants (ATS)] သုံးစွဲခြင်း
- ဦးနှောက်အတွင်းရှိ ဓါတုပစ္စည်းများ [Neurotransmitters] ၏အခြေအနေပြောင်းလဲမှု
- ဦးနှောက်အတွင်းရှိ Dopamine၊ Acetylcholine၊ Serotonin၊ Glutamate၊ Gama Amino Butyric Acid (GABA) စသည့် ဓါတုပစ္စည်းများ မညီမျှခြင်းနှင့် စိတ်ဖောက်ပြန်ခြင်း လက္ခဏာများ ဆက်နွယ်မှုရှိသည်
ရောဂါလက္ခဏာများ
ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion) အမျိုးအစားများနှင့် ၄င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းရင်းခံ အခြေအနေများအပေါ် မူတည်ပြီး ရောဂါလက္ခဏာများတွေ့ရတတ်သည်။
ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion) အမျိုးအစားများ
ယုံမှားမှုစွဲမြဲလွန်ကဲစွာ ဘဝင်မြင့်လွန်းခြင်း (Grandiose delusion)
- မိမိတွင် ထူးခြားသောအရည်အချင်း၊ စွမ်းအင်၊ စည်းစိမ်ဥစ္စာတို့ ပိုင်ဆိုင်ထားသည်၊ အလွန်တရာ အရေးပါသောသူ တစ်ဦးဖြစ်သည်၊ စသည်ဖြင့် ယုံမှားမှုစွဲမြဲလွန်ကဲစွာ ဘဝင်မြင့်လွန်းနေခြင်းမျိုးကို ဆိုလိုသည်။
ယုံမှားမှုစွဲမြဲလွန်ကဲစွာ မနာလိုဖြစ်ခြင်း (Delusional jealousy/Delusion of infidelity)
- မိမိ၏ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်သည် မိမိအပေါ်တွင် သစ္စာမရှိ၊ ဖောက်ပြန်နေသည်ဟု ယုံမှားမှုစွဲမြဲလွန် ကဲစွာမှတ်ယူထားခြင်းမျိုးဖြစ်သည်။
ယုံမှားမှုစွဲမြဲလွန်ကဲစွာ သံသယစိတ်ဖြစ်ခြင်း (Paranoid or persecutory delusion)
- ပတ်ဝန်းကျင်က မိမိကို အန္တရာယ်ပြုလိုသည်၊ ကောက်ကျစ်နေသည်၊ မကောင်းကြံနေသည်၊ မိမိ၏ လုပ်ဆောင်မှုများကို ဟန့်တားနှောက်ယှက်နေသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲစွာ မှတ်ယူထားခြင်းမျိုး ဖြစ်သည်။
ပတ်ဝန်းကျင်အခြေအနေများက မိမိကိုသာရည်ညွှန်းပြောဆိုနေသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion of reference)
- ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များ၊ အခြားသူများ၏ ပြုမူပြောဆိုမှုများသည် မိမိကိုယ်သာ ရည်ညွှန်းနေကြသည်၊ ပြောဆိုနေကြသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲစွာ မှတ်ယူထားခြင်းမျိုး ဖြစ်သည်။
ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်ချို့ယွင်းနေသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Somatic delusion)
- မိမိ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခု ပုံသဏ္ဌာန် သို့မဟုတ် လုပ်ဆောင်ချက်တို့ ချို့ယွင်းနေသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲစွာ မှတ်ယူထားခြင်းမျိုး ဖြစ်သည်။
အခြား ယုံမှားမှုစွဲမြဲလွန်ကဲခြင်း အမျိုးအစားများ
- မိမိ၏အတွေး၊ စိတ်ခံစားမှု၊ အပြုအမူများကို ပတ်ဝန်းကျင်ရှိ စွမ်းအားတစ်ခုခုမှ ထိန်းချုပ်ထားသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion of control)
- လူတစ်ဦးဦး အထူးသဖြင့် ထင်ရှားသောပုဂ္ဂိုလ်၊ အဆင့်အတန်း မြင့်မားသူတစ်ဦးက မိမိကို စွဲလမ်းနှစ်သက်နေသည်၊ မိမိနှင့် ချစ်ကျွမ်းဝင်နေသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Erotomanic delusion)
- အလွန် ဆင်းရဲမွဲတေသွားပြီဟု ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion of poverty)
- အရာရာပျက်စီးနေသည်၊ မိမိ၏ကိုယ်ခန္ဓာ ပျက်သုဥ်းနေသည် စသည်ဖြင့် ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Nihilistic delusion) စသည်ဖြင့် အခြားအမျိုးအစားများလည်း ရှိတတ်သည်။
အဆိုပါ ရောဂါလက္ခဏာအမျိုးအစား၊ ပြင်းထန်မှု စသည်တို့အပေါ်မူတည်ပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။ ဥပမာ –
- ဘဝင်မြင့်လွန်းနေသောကြောင့် စကားပြော ကြွားဝါလွန်းလာခြင်း၊
- မိမိ၏ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်အပေါ် သံသယစိတ်လွန်ကဲလာသဖြင့် စွပ်စွဲမှုများ လုပ်လာခြင်း၊ ဒေါသစိတ် ဖြစ်လာတတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး၊ အိမ်ထောင်ရေး ထိခိုက်လာခြင်း၊
- မိသားစုဝင်များကို မသင်္ကာစိတ် လွန်ကဲခြင်း၊ ၄င်းတို့က အန္တရာယ်ပြုမည်ဟု သံသယစိတ် လွန်ကဲလွန်းခြင်း စသည်တို့ကြောင့် အိမ်မှပြင်ဆင်ပေးသော အစားအသောက်များကို မစားဘဲနေခြင်း စသည်တို့ဖြစ်သည်။
ထို့အပြင်
- လုပ်ဆောင်နေကျ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စ၊ ပညာရေး၊ လူမှုရေးဆောင်ရွက်ချက်များကို လျစ်လျူရှုလာခြင်း၊ စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊ ပြဿနာများ ဖြစ်လာခြင်း
- လူမှုရေး စိတ်ဝင်စားမှု၊ ပေါင်းသင်းဆက်ဆံရေးပုံစံများ ပြောင်းလဲလာခြင်း၊ ထိခိုက်လာခြင်း
- မိမိနှင့် အခြားသူများအတွက် ထိခိုက်မှု၊ အန္တရာယ်များဖြစ်လာနိုင်ခြင်း စသည်တို့လည်း ဖြစ်ပေါ်လာတတ်သည်။
နောက်ဆက်တွဲပြဿနာများ
ယုံမှားမှုစွဲမြဲလွန်ကဲခြင်း အမျိုးအစားများနှင့် ၄င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းရင်းခံ အခြေအနေများအပေါ် မူတည်သည်။ အဓိကသတိပြုရမည့် အခြေအနေများမှာ –
- အပြောအဆို၊ အပြုအမူများ ပုံမှန်မဟုတ်ခြင်း
- လုပ်ဆောင်နေကျ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စ၊ ပညာရေး၊ လူမှုရေးဆောင်ရွက်ချက်များတွင် အခက်အခဲ ဖြစ်လာခြင်း
- ပေါင်းသင်းဆက်ဆံရေး ထိခိုက်လာခြင်း
- ကိုယ့်ကိုယ်ကို အန္တရာယ်ပြုခြင်း သို့မဟုတ် အဆုံးစီရင်ခြင်း၊ သူတစ်ပါးကို ထိခိုက်အောင်လုပ်ဆောင်ခြင်း စသည့် အခြေအနေများ ဖြစ်လာနိုင်ခြေရှိခြင်း
- မိမိတွင် စိတ်ကျန်းမာရေးပြဿနာ ရှိနေသည်ကို လက်သင့်မခံလိုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရသူများတွင် တွေ့ကြုံရတတ်သည့် လူမှုဂုဏ်သိက္ခာစွန်းထင်းမှုနှင့် နှိမ့်ချခွဲခြားဆက်ဆံခံရတတ်မှု (Stigma and Discrimination)များ စသည်တို့ကြောင့် ကုသမှုမခံယူခြင်း၊ အချိန်ကာလကြာမြင့်မှ သို့မဟုတ် အခြေအနေဆိုးဝါးလာမှသာ ကုသမှုခံယူခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ယုံမှားမှုစွဲမြဲလွန်ကဲသည့် ရောဂါလက္ခဏာရှိသူများ၊ စိတ်ဖောက်ပြန်ရောဂါ တစ်မျိုးမျိုးခံစားနေရသူများတွင် ကုသမှုမခံယူလိုသည့် အခက်အခဲပြဿနာ ရှိတတ်ကြသည်။ တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကယောင်ကတမ်းဖြစ်ခြင်း၊ ကာယကံရှင်နှင့် သူတစ်ပါးကို ထိခိုက်နိုင်သည့် အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများ ရှိပါက အရေးပေါ်ကုသမှု ခံယူရန်လိုအပ်သည်။ ရောဂါအခြေအနေ ပေါ်မူတည်ပြီး စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များမေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် ယုံမှားမှုစွဲမြဲလွန်ကဲခြင်း ရောဂါလက္ခဏာများနှင့် အခြားစိတ်ဖောက်ပြန် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသော အကြောင်းရင်းတို့ကို ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။
ကုသခြင်း
ယုံမှားမှုစွဲမြဲလွန်ကဲခြင်း ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းခံရောဂါ အခြေအနေများကို ထိရောက်စွာကုသမှု ခံယူရန်လိုအပ်သည်။
ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးဝါးများဖြင့်ကုသမှု၊ စိတ်ပိုင်းဆိုင်ရာ ကုထုံး၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ အကြောင်းရင်းများကို ကုသမှု၊ အခြားကုထုံး အမျိုးအစားများ၊ စသည်တို့ကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။
အဆိုပါကုသမှုများအပြင်
- လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြုစုကုသမှုများ (psychosocial interventions) လိုအပ်သလို လုပ်ဆောင်ပေးခြင်း
- ကာယကံရှင်၊ မိသားစု၊ နှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ ကုသမှုစွဲမြဲစွာ ခံယူခြင်းစသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation)၊
- လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆန့်လာစေရန် လုပ်ဆောင်ပေးခြင်းတို့လည်း လိုအပ်သည်။
ဆေးရုံတွင်ကုသခြင်း
- ကာယကံရှင်နှင့် သူတစ်ပါးအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း
- ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိခြင်း
- ရောဂါပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
- ကယောင်ကတမ်း ဖြစ်ခြင်း
- ဆေးရုံတွင်သာရရှိနိုင်မည့် ကုသမှုအမျိုးအစားလိုအပ်သည့် အခြေအနေဖြစ်ခြင်း တို့သည် ဆေးရုံတွင် ကုသရန်လိုအပ်သည့် အခြေအနေများဖြစ်သည်။
ကာကွယ်ခြင်း
ယုံမှားမှုစွဲမြဲလွန်ကဲခြင်း ရောဂါလက္ခဏာများ ဖြစ်လာနိုင်ခြေကို အတိအကျခန့်မှန်း၍ မရနိုင်ပါ။
ယုံမှားမှုစွဲမြဲလွန်ကဲခြင်း ရောဂါလက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာသတိပြုမိပြီး ဖြစ်ပေါ်စေသည့်ရောဂါနှင့် အခြားအကြောင်းရင်းများကို ထိရောက်စွာကုသခြင်းသည် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့်အချက်ဖြစ်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.