Rabies (ခွေးရူးပြန်ရောဂါ)

Rabies (ခွေးရူးပြန်ရောဂါ)

ခွေးရူးပြန်ရောဂါသည် ကြောက်စရာကောင်းသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေး နှင့် လင်းနို့များမှတစ်ဆင့် လူကိုကူးစက်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက် သေဆုံးနိုင်ခြေသည် (၁၀၀%) ရှိသည်။ မိမိ၏ အိမ်မွေးခွေး (ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးထားသောခွေး) အကိုက်ခံရလျှင် ခွေးရူးပြန်ရောဂါ ကူးစက်နိုင်ခြေနည်းသည်။ သို့သော်လည်း မိမိ၏ခွေးသည် တစ်ခြားပြင်ပ တိရိစ္ဆာန်များနှင့် ထိတွေ့မှုရှိနေလျှင် မိမိတွင်ရောဂါကူးစက်နိုင်ခြေရှိသဖြင့် မပေါ့ဆသင့်ပါ။ ခွေးရူးပြန်ရောဂါ ကုသရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေး ကြိုတင် ထိုးနှံထားခြင်း ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

‌ ခွေးရူးပြန်ရောဂါသည် ‌ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး (Rabies virus) ကြောင့်ဖြစ်သည်။ ခွေးရူးပြန် ရောဂါဗိုင်းရပ်စ်ပိုးသည် သွေးနွေးသတ္တဝါများ၏တံတွေးများတွင် တွေ့ရလေ့ရှိသည်။ လူသားများသို့ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေများသောတိရိစ္ဆာန်များမှာ –

  • အိမ်မွေးတိရိစ္ဆာန်နှင့် မွေးမြူရေးတိရိစ္ဆာန်များဖြစ်သည့် – ကြောင်၊ ခွေး၊ နွား၊ ဆိတ်၊ မြင်းနှင့် မြွေပါ
  • တောရိုင်းတိရိစ္ဆာန်များဖြစ်သည့် – လင်းနို့၊ ဖျံ၊ ဝံပုလွေ၊ မြေခွေး၊ မျောက်၊ ရက်ကွန်းနှင့် ရှဉ့် စသည့်တို့ဖြစ်ကြသည်။

ခွေးရူးပြန်ရောဂါပိုးရှိသော တိရိစ္ဆာန်များ၏ တံတွေးများနှင့် လူများ၏ ပွန်းပဲ့ဒဏ်ရာ ဖြစ်နေသောအရေပြား (သို့မဟုတ်) မျက်လုံး (သို့မဟုတ်) ပါးစပ်တို့ကို ထိမိ၍ ခွေးရူးပြန် ရောဂါကူးစက်နိုင်သည်။

ရှားရှားပါးပါးကူးစက်နိုင်ခြေရှိသည့်နည်းများမှာ လှိုဏ်ဂူထဲမှ လင်းနို့များနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူထံမှ ကိုယ်တွင်းအင်္ဂါ လက်ခံယူမိခြင်း၊ မျက်ကြည်လွှာ လက်ခံယူမိခြင်း စသည်တို့ဖြစ်သည်။

ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်၏ အာရုံကြောများကို အဓိက ထိခိုက်ပျက်စီးစေသည်။ ထိုအာရုံကြောများမှတစ်ဆင့် ဦးနှောက်သို့ကူးစက်ပျံ့ပွားပြီး ဦးနှောက် ထိခိုက်ပျက်စီး၍ သေဆုံးရခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် လူသို့ကူးစက်ခံရပြီး ရက်ပေါင်းများစွာကြာသည်အထိ ရောဂါလက္ခဏာ မပြပါ။

ခွေးရူးပြန်ရောဂါ၏ ကနဦး ရောဂါလက္ခဏာများသည် တုပ်ကွေး ရောဂါလက္ခဏာများကဲ့သို့ – ဖျားခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အကိုက်ခံရသည့်နေရာသည် ပူလောင်ခြင်း၊ ယားယံခြင်း၊ ထုံကျဉ်ခြင်း (သို့မဟုတ်) နာကျင်ခြင်း စသည်တို့ ဖြစ်သည်။

ထို့နောက် ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် ဦးနှောက်နှင့်အာရုံကြောတို့ကို ကူးစက်ဝင်ရောက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ –

  • စိတ်ဂနာမငြိမ်ဖြစ်လွန်းခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ရန်လိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း
  • ခေါင်းကိုက်ခြင်း
  • လည်ပင်းတောင့်တင်းခြင်း
  • တက်ခြင်း
  • ကြွက်တက်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • အစာမျိုရခက်ခြင်း၊ တံတွေးအများအပြားထွက်ခြင်း
  • မျက်နှာတစ်ခြမ်းရွဲ့ခြင်း
  • ရေကြောက်ခြင်း
  • မျက်နှာသို့ လေထိသည်ကို ကြောက်ရွံ့ခြင်း
  • အကြောသေခြင်းစသည်တို့ ဖြစ်ပေါ်နိုင်သည်။
Rabies IMG1
နောက်ဆက်တွဲပြဿနာများ

ခွေးရူးပြန်ရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာပြီး နောက်ဆုံးအသက်သေဆုံးခြင်း ဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ခွေးကိုက်ခံရဖူးပြီး ခွေးရူးပြန်ခြင်းဟု ယူဆရသည့် လက္ခဏာများ ရှိလျှင် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန် လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေနိုင်သောနည်းလမ်းများမှာ တံတွေးကို ဓာတ်ခွဲစစ်ဆေးခြင်း၊ လည်ပင်းနောက်မှ အရေပြားအသားစကိုယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း (Nuchal Skin Biopsy)၊ ခါးဆစ်ကြားမှအရည်ကို ထုတ်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း (Lumbar Puncture) ၊ လိုအပ်သည့်သွေးစစ်ခြင်း နှင့် ဦးနှောက်သံလိုက်ဓာတ်မှန်ရိုက် ခြင်း (MRI) တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။

ခွေးရူးပြန်ရောဂါကိုရှာဖွေရာတွင် ခွေးရူးပြန်ရောဂါ လက္ခဏာပြသည့်အချိန်ထိ မစောင့်ဆိုင်းသင့်ပါ။ ရောဂါလက္ခဏာများ ခံစားရမှ ဆေးရုံဆေးခန်းပြသမည်ဆိုလျှင် ကုသရန် နောက်ကျသွားပြီး အသက်သေဆုံးနိုင်သည်။

ကုသခြင်း

ခွေးရူးပြန်ရောဂါဖြစ်ပြီဆိုလျှင် ကုသရန်ဆေးဝါးမရှိပါ။ ထို့ကြောင့် ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ကာကွယ်ခြင်း

ခွေးရူးပြန်ရောဂါကူးစက်နိုင်သော တိရိစ္ဆာန်များ အကိုက်ခံရလျှင် –

  1. အကိုက်ခံရသည့် ဒဏ်ရာကို သေချာသန့်ရှင်းရေးလုပ်ရပါမည်။ အကိုက်ခံရသည့်ဒဏ်ရာကို ရေ နှင့် ဆပ်ပြာတို့ဖြင့် (၁၅)မိနစ်ခန့်ကြာအောင် သေချာစွာ သန့်ရှင်းရေးလုပ်ရမည်။
  2. အနာကို ပိုးသတ်ဆေးရည် (အရက်ပြန်၊ ဘီတာဒိုင်း) နှင့် သန့်ရှင်းရေး ထပ်မံပြုလုပ်ရမည်။
  3. သွေးထွက်နေလျှင် သန့်ရှင်းသော အဝတ်နှင့် သွေးတိတ်အောင် ဖိထားရမည်။
  4. မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍တိုင်ပင်ပြသပြီး လိုအပ်ပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး နှင့် မေးခိုင်ကာကွယ်ဆေးထိုးရမည်။

အထက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်း

ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်းမှာ နှစ်မျိုးရှိသည်။ ခွေးအကိုက်မခံရမီ ကြိုတင်ကာကွယ် ဆေးထိုးခြင်း (Pre-exposure prophylaxis) နှင့် ခွေးအကိုက်ခံရပြီးမှ ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis) ဟူ၍ နှစ်မျိုးရှိသည်။

ခွေးအကိုက်ခံရပြီးမှ ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)

ခွေးအကိုက်ခံရပြီးမှ ကာကွယ်ဆေးထိုးမည်ဆိုလျှင် အကိုက်ခံရသည့်ဒဏ်ရာ အခြေအနေပေါ် မူတည်ပြီး ကာကွယ်ဆေးထိုးရန်လိုမလိုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ (၂၀၁၈)လမ်းညွှန်ချက်အရ အမျိုးအစား (၃)မျိုး ခွဲခြားထားပါသည်။

အမျိုးအစား (၁) (ရောဂါပိုးနှင့် ထိတွေ့မှုမရှိခြင်း)တိရိစ္ဆာန်ကို ကိုင်တွယ်ခြင်း (သို့မဟုတ်) အစာကျွေးခြင်း။

လူ၏အရေပြားအကောင်းကို တိရိစ္ဆာန်လျှာနှင့် လျက်မိခြင်း။
အမျိုးအစား (၂) (ရောဂါပိုးနှင့် ထိတွေ့မိခြင်း)သွေးမထွက်သော်လည်း မိမိ၏အရေပြားကို ခြစ်မိခြင်း (သို့မဟုတ်) ပွန်းပဲ့ ဒဏ်ရာရစေခြင်း။

ပြဲနေသာ အရေပြားကို နှုတ်သီးဖြင့် ထိခြင်း။
အမျိုးအစား (၃) (ရောဂါပိုးနှင့် အလွန်အကျွံ ထိတွေ့မိခြင်း)အရေပြား‌ပေါက်ပြဲသည်အထိ အကိုက်ခံရခြင်း (သို့) ကုတ်ခြစ်ခြင်း။

အရေပြားပေါက်ပြဲနေသည့်နေရာကို လျှာနှင့်လျက်မိခြင်း။
နှုတ်ခမ်း၊ ပါးစပ်၊ မျက်လုံးထဲသို့ တိရိစ္ဆာန်တံတွေးနှင့်ထိတွေ့မိခြင်း။

လင်းနို့နှင့် တိုက်ရိုက်ထိတွေ့ကိုင်တွယ်မိခြင်း၊ အကိုက်ခံရခြင်း၊ တံတွေးနှင့် ထိမိခြင်း။

တိရိစ္ဆာန် နှင့် ထိတွေ့မိသည့် အမျိုးအစား (၃)မျိုးပေါ်မူတည်၍ အောက်ပါအတိုင်း ကာကွယ် ဆေးထိုးနှံရပါမည်။

ခွေးရူးပြန်ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံထားသည့် သူများခွေးရူးပြန်ကာကွယ်ဆေး အပြည့် ထိုးနှံပြီးသည့် သူများ
အမျိုးအစား (၁) ထိတွေ့မှု
(Category I Exposure)
ထိတွေ့မိသည့် အရေပြားကို သေချာသန့်ရှင်းရေး ပြုလုပ်ပါ။

ကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။
ထိတွေ့မိသည့် အရေပြားကို သေချာသန့်ရှင်းရေး ပြုလုပ်ပါ။

ကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။
အမျိုးအစား (၂) ထိတွေ့မှု
(Category II Exposure)
ထိတွေ့မိသည့် အရေပြားကို သေချာသန့်ရှင်းရေး ပြုလုပ်ပြီး ကာကွယ်ဆေးချက်ချင်းထိုးနှံပါ။

အရေပြားအောက်ထိုးဆေးကို တစ်ခါထိုးလျှင် (၂)နေရာကို စတင်ထိုးနှံသည့်နေ့တွင် ပထမဆုံး တစ်ကြိမ်၊ (၃) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့တွင် နောက်ဆုံးအကြိမ် ထိုးနှံရမည်။

(သို့မဟုတ်) အသားထိုးဆေးကို တစ်ခါထိုးလျှင် (၁)နေရာကို စတင်ထိုးနှံသည့်နေ့တွင် ပထမဆုံး တစ်ကြိမ်၊ (၃) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၁၄) ရက်နှင့် (၂၈) ရက် မြောက်နေ့ ကြားတွင် နောက်ဆုံးတစ်ကြိမ် ထိုးနှံရမည်။

(သို့မဟုတ်) အသားထိုးဆေးကို တစ်ခါထိုးလျှင် (၂)နေရာကို စတင်ထိုးနှံသည့်နေ့တွင် ပထမဆုံးတစ်ကြိမ်၊ (၁)နေရာကို နောက်တစ်ရက်တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၂၁) ရက်မြောက်နေ့တွင် နောက်ဆုံး အကြိမ် ထိုးနှံရမည်။

ခွေးရူးအဆိပ်ဖြေဆေး (Rabie Immunoglobulin “RIG”) ထိုးရန် မလိုပါ။
ထိတွေ့မိသည့် အရေပြားကို သေချာသန့်ရှင်းရေး ပြုလုပ်ပြီး ကာကွယ်ဆေးချက်ချင်းထိုးနှံပါ။

အရေပြားအောက်ထိုးဆေးကို တစ်ခါထိုးလျှင် (၁)နေရာကို စတင်ထိုးနှံသည့်နေ့တွင် ပထမဆုံး တစ်ကြိမ်၊ (၃) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့တွင် နောက်ဆုံးအကြိမ် ထိုးနှံရမည်။

(သို့မဟုတ်) အရေပြားအောက် ထိုးဆေးကို တစ်ခါထိုးလျှင် (၄)နေရာ ကို တစ်ခါတည်း တစ်ကြိမ်သာ ထိုးနှံ ရမည်။

(သို့မဟုတ်) အသားထိုးဆေးကို တစ်ခါထိုးလျှင် (၁)နေရာကို စတင် ထိုးနှံသည့်နေ့တွင် ပထမဆုံးတစ်ကြိမ်၊ (၃) ရက်မြောက်နေ့တွင် နောက်ဆုံး အကြိမ်ထိုးနှံရမည်။

ခွေးရူးအဆိပ်ဖြေဆေး (Rabie Immunoglobulin “RIG”) ထိုးရန် မလိုပါ။
အမျိုးအစား (၃) ထိတွေ့မှု
(Category III Exposure)
ထိတွေ့မိသည့် အရေပြားကို သေချာသန့်ရှင်းရေး ပြုလုပ်ပြီး ကာကွယ်ဆေးချက်ချင်းထိုးနှံပါ။

အရေပြားအောက်ထိုးဆေးကို တစ်ခါထိုးလျှင် (၂)နေရာကို စတင်ထိုးနှံသည့်နေ့တွင်ပထမဆုံး တစ်ကြိမ်၊ (၃) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့တွင် နောက်ဆုံးအကြိမ် ထိုးနှံရမည်။

(သို့မဟုတ်) အသားထိုးဆေးကို တစ်ခါထိုးလျှင် (၁)နေရာကို ပထမဆုံး တစ်ကြိမ်၊ (၃) ရက်မြောက် နေ့တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့ တွင် တစ်ကြိမ်၊ (၁၄) ရက်နှင့် (၂၈) ရက် မြောက်နေ့ ကြားတွင် နောက်ဆုံး တစ်ကြိမ် ထိုးနှံရမည်။

(သို့မဟုတ်) အသားထိုးဆေးကို တစ်ခါထိုးလျှင် (၂)နေရာကို ပထမဆုံး တစ်ကြိမ်၊ (၁)နေရာကို နောက်တစ်ရက်တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၂၁) ရက်မြောက်နေ့တွင် နောက်ဆုံး အကြိမ် ထိုးနှံရမည်။

ခွေးရူးအဆိပ်ဖြေဆေး (Rabie Immunoglobulin “RIG”) ထိုးရန် လိုအပ်ပါသည်။
ထိတွေ့မိသည့် အရေပြားကို သေချာသန့်ရှင်းရေး ပြုလုပ်ပြီး ကာကွယ်ဆေးချက်ချင်းထိုးနှံပါ။

အရေပြားအောက်ထိုးဆေးကို တစ်ခါထိုးလျှင် (၁)နေရာကို စတင်ထိုးနှံသည့်နေ့တွင် ပထမဆုံး တစ်ကြိမ်၊ (၃) ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၇) ရက်မြောက်နေ့တွင် နောက်ဆုံးအကြိမ် ထိုးနှံရမည်။

(သို့မဟုတ်) အရေပြားအောက်ထိုးဆေးကို တစ်ခါထိုးလျှင် (၄)နေရာ တစ်ခါတည်းထိုးနှံရမည်။

(သို့မဟုတ်) အသားထိုးဆေးကို တစ်ခါထိုးလျှင် (၁)နေရာကို စတင်ထိုးနှံသည့်နေ့တွင် ပထမဆုံး တစ်ကြိမ်၊ (၃) ရက်မြောက်နေ့ တွင် နောက်ဆုံးအကြိမ် ထိုးနှံရမည်။

ခွေးရူးအဆိပ်ဖြေဆေး (Rabie Immunoglobulin “RIG”) ထိုးရန် မလိုပါ။

လွန်ခဲ့သည့် (၃)လအတွင်းတွင် ခွေးရူးပြန်ကာကွယ်ဆေး အပြည့်ထိုးနှံပြီးသည့် သူများသည် အမျိုးအစား (၂)နှင့် အမျိုးအစား (၃) ထိတွေ့မှုဖြစ်ပေါ်လျှင်လည်း ကာကွယ်ဆေး ထပ်မံထိုးနှံရန် မလိုအပ်ပါ။

အမျိုးအစား (၃) ထိတွေ့မှု (Category III Exposure) အတွက် Rabies Immunoglobulin ဟုခေါ်သည့် ခွေးရူးအဆိပ်ဖြေဆေးထိုးနှံရာတွင် မိမိ၏ကိုယ်အလေးချိန်ပေါ်မူတည်၍ ဆေးပမာဏ ကိုတွက်ချက်ပြီး အကိုက်ခံရသည့် ဒဏ်ရာပတ်ပတ်လည် အရေပြားအောက်တွင် ထိုးနှံရမည်။ ဆေးပမာဏလိုအပ်သေးလျှင် ပေါင် (သို့) လက်မောင်းတွင် အသားဆေးထပ်မံထိုးနှံရမည်။ ယခင်ကဲ့သို့ ချက်ပတ်လည်တွင် အချက်ပေါင်းများစွာ ထိုးနှံခြင်းမျိုး မလိုအပ်တော့ပါ။

ကြိုတင်ကာကွယ်ဆေးထိုးခြင်း (Pre-exposure prophylaxis)

ခွေးရူးပြန်ရောဂါကူးစက်နိုင်ခြေများသည့်သူများ (တိရိစ္ဆာန်များနှင့် အထိအတွေ့များသူများ၊ တိရိစ္ဆာန်ဆရာဝန်များ၊ ဓာတ်ခွဲခန်းတွင် အလုပ်လုပ်သူများ၊ ခရီးသွားလာသူများ) ထိုးနှံသင့်သည်။ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို –

  • အရေပြားအောက်ထိုးဆေးကို တစ်ခါထိုးလျှင် (၂)နေရာ ကို စတင်ထိုးနှံသည့်နေ့တွင်ပထမဆုံး တစ်ကြိမ်နှင့် (၇) ရက်မြောက်နေ့တွင် နောက်ဆုံးတစ်ကြိမ် ထိုးနှံရမည်။ (သို့မဟုတ်)
  • အသားထိုးဆေးကို တစ်ခါထိုးလျှင် (၁)နေရာ ကို စတင်ထိုးနှံသည့်နေ့တွင် ပထမဆုံးတစ်ကြိမ်နှင့် (၇) ရက်မြောက်နေ့တွင် နောက်ဆုံးအကြိမ် ထိုးနှံရမည်။

အထက်ပါနည်းလမ်း နှစ်ခုမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် ကြိုတင်ကာကွယ်ဆေးထိုး၍ ရပါသည်။ ကာကွယ်ဆေးအားကောင်းစေရန် ထပ်မံထိုးနှံခြင်း (Booster dose) ကို ခွေးရူးပြန်ရောဂါ ကူးစက်နိုင်ခြေများသည့်သူများတွင် (၁) နှစ် (သို့မဟုတ်) (၂) နှစ်အကြာတွင် ပဋိပစ္စည်း (antibody) ကို ပြန်စစ်၍ လိုအပ်ပါက ထပ်မံထိုးနှံရမည်။

ခွေးရူးရောဂါသည် ရောဂါဖြစ်လျှင် ကုသဆေး မရှိသည့်အတွက်ကြောင့် အသက်သေဆုံးနိုင်ခြေ ၁၀၀% ရှိပါသည်။ ထို့ကြောင့် ခွေးရူးရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါသည်။ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများမှာ –

  • မိမိ၏အိမ်မွေးတိရိစ္ဆာန်များကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း
  • မိမိ၏အိမ်မွေးတိရိစ္ဆာန်များကို တစ်ခြား ပြင်ပတိရိစ္ဆာန်များ ထိတွေ့မှုမရှိစေခြင်း
  • ခွေးရူးရောဂါဟု သံသယရှိသည့် လမ်းဘေးခွေးများတွေ့လျှင် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း
  • မိမိအိမ်သို့ လင်းနို့များဝင်ရောက်ခြင်းမှ ကာကွယ်ခြင်း
  • ခွေးနှင့် တစ်ခြားတိရိစ္ဆာန်ပေါများသော အရပ်ဒေသသို့သွားလျှင် ကြိုတင်ပြီး ‌ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း
  • ခွေးအကိုက်မခံရ‌အောင် ဂရုစိုက်ခြင်း (လမ်းဘေးခွေးများနှင့် ဝေးဝေးမှနေခြင်း၊ ခွေးများကို ရန်မစခြင်း)
    စသည်တို့ကိုပြုလုပ်ပေးခြင်းဖြင့် ခွေးရူးရောဂါဖြစ်ခြင်းကို ကာကွယ်လျှော့ချနိုင်ပါသည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.