Rabies (ခွေးရူးပြန်ရောဂါ)

Rabies (ခွေးရူးပြန်ရောဂါ)

ခွေးရူးပြန်ရောဂါသည် ကြောက်စရာကောင်းသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးနှင့်လင်းနို့များမှတစ်ဆင့် လူကိုကူးစက်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက်သေဆုံးနိုင်ခြေသည် (၁၀၀%) ရှိသည်။ မိမိ၏ အိမ်မွေးခွေး (ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးထားသောခွေး) အကိုက်ခံရလျှင် ခွေးရူးပြန်ရောဂါ ကူးစက်နိုင်ခြေနည်းသည်။ သို့သော်လည်း မိမိ၏ခွေးသည် အခြားပြင်ပတိရစ္ဆာန်များနှင့် ထိတွေ့မှုရှိနေလျှင် မိမိကို ရောဂါကူးစက်နိုင်ခြေရှိသဖြင့် မပေါ့ဆသင့်ပါ။ ခွေးရူးပြန်ရောဂါအတွက် အကောင်းဆုံးကုသနည်းလမ်းမှာ ကြိုတင်၍ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

‌ ခွေးရူးပြန်ရောဂါသည် ‌ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး (Rabies virus) ကြောင့်ဖြစ်သည်။ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် သွေးနွေးသတ္တဝါများ၏ တံတွေးတွင် တွေ့ရလေ့ရှိသည်။ လူသားများသို့ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေများသည့် တိရစ္ဆာန်များမှာ_

  • အိမ်မွေးတိရစ္ဆာန်နှင့် မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့် _ ကြောင်၊ ခွေး၊ နွား၊ ဆိတ်၊ မြင်းနှင့် မြွေပါများ
  • တောရိုင်းတိရစ္ဆာန်များဖြစ်သည့် _ လင်းနို့၊ ဖျံ၊ ဝံပုလွေ၊ မြေခွေး၊ မျောက်၊ ရက်ကွန်းနှင့် ရှဉ့်များ စသည်တို့ဖြစ်ကြသည်။

ခွေးရူးပြန်ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ တံတွေးနှင့် လူများ၏ ပွန်းပဲ့ဒဏ်ရာဖြစ်နေသော အရေပြား (သို့မဟုတ်) မျက်လုံး (သို့မဟုတ်) ပါးစပ်တို့ကို ထိမိ၍ ခွေးရူးပြန်ရောဂါ ကူးစက်နိုင်သည်။

ရှားရှားပါးပါး ကူးစက်နိုင်ခြေရှိသည့်နည်းများမှာ လှိုဏ်ဂူထဲမှ လင်းနို့များနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူထံမှ ကိုယ်တွင်းအင်္ဂါ လက်ခံယူမိခြင်း၊ မျက်ကြည်လွှာ လက်ခံယူမိခြင်း စသည်တို့ဖြစ်သည်။

ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်၏ အာရုံကြောများကို အဓိကထိခိုက်ပျက်စီးစေသည်။ ထိုအာရုံကြောများမှတစ်ဆင့် ဦးနှောက်သို့ ကူးစက်ပျံ့ပွါးပြီး ဦးနှောက်ထိခိုက်ပျက်စီး၍ သေဆုံးရခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် လူသို့ကူးစက်ခံရပြီး ရက်ပေါင်းများစွာကြာသည်အထိ ရောဂါလက္ခဏာ မပြပါ။

ခွေးရူးပြန်ရောဂါ၏ ကနဦးရောဂါလက္ခဏာများသည် တုပ်ကွေးရောဂါလက္ခဏာများကဲ့သို့ _ ဖျားခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အကိုက်ခံရသည့်နေရာသည် ပူလောင်ခြင်း၊ ယားယံခြင်း၊ ထုံကျဉ်ခြင်း (သို့မဟုတ်) နာကျင်ခြင်း စသည်တို့ဖြစ်သည်။

ထို့နောက် ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် ဦးနှောက်နှင့်အာရုံကြောတို့ကို ကူးစက်ဝင်ရောက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_

  • စိတ်ဂနာမငြိမ်ဖြစ်လွန်းခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ရန်လိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း
  • ခေါင်းကိုက်ခြင်း
  • လည်ပင်းတောင့်တင်းခြင်း
  • တက်ခြင်း
  • ကြွက်တက်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • အစာမျိုရခက်ခြင်း၊ တံတွေးအများအပြားထွက်ခြင်း
  • မျက်နှာတစ်ခြမ်းရွဲ့ခြင်း
  • ရေကြောက်ခြင်း
  • မျက်နှာသို့ လေထိသည်ကို ကြောက်ရွံ့ခြင်း
  • အကြောသေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။
Rabies IMG1
နောက်ဆက်တွဲပြဿနာများ

ခွေးရူးပြန်ရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာပြီး နောက်ဆုံးအသက်သေဆုံးခြင်း ဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ခွေးကိုက်ခံရဖူးပြီး ခွေးရူးပြန်ခြင်းဟု ယူဆရသည့် လက္ခဏာများရှိလျှင် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေနိုင်သောနည်းလမ်းများမှာ တံတွေးကို ဓာတ်ခွဲစစ်ဆေးခြင်း၊ လည်ပင်းနောက်မှ အရေပြားအသားစကိုယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း (Nuchal Skin Biopsy)၊ ခါးဆစ်ကြားမှအရည်ကို ထုတ်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း (Lumbar Puncture)၊ လိုအပ်သည့်သွေးစစ်ခြင်းနှင့် ဦးနှောက်သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။

ခွေးရူးပြန်ရောဂါကိုရှာဖွေရာတွင် ခွေးရူးပြန်ရောဂါလက္ခဏာ ပြသည့်အချိန်ထိ မစောင့်ဆိုင်းသင့်ပါ။ ရောဂါလက္ခဏာများခံစားရမှ ဆေးရုံ၊ ဆေးခန်းပြသမည်ဆိုလျှင် ကုသရန် နောက်ကျသွားပြီး အသက်သေဆုံးနိုင်သည်။

ကုသခြင်း

ခွေးရူးပြန်ရောဂါဖြစ်ပြီဆိုလျှင် ကုသရန်ဆေးဝါးမရှိပါ။ ထို့ကြောင့် ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ကာကွယ်ခြင်း

ခွေးရူးပြန်ရောဂါကူးစက်နိုင်သော တိရစ္ဆာန်များ အကိုက်ခံရလျှင်_

  1. အကိုက်ခံရသည့် ဒဏ်ရာကို သေချာစွာ ဆေးကြောသန့်ရှင်းရမည်၊ အကိုက်ခံရသည့်ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် (၁၅) မိနစ်ခန့်ကြာအောင် သေချာစွာ ဆေးကြောရမည်
  2. အနာကို ပိုးသတ်ဆေးရည် (အရက်ပြန်၊ ဘီတာဒိုင်း)နှင့် သန့်ရှင်းရေး ထပ်မံပြုလုပ်ရမည်
  3. သွေးထွက်နေလျှင် သန့်ရှင်းသောအဝတ်နှင့် သွေးတိတ်အောင် ဖိထားရမည်
  4. မိမိ၏ မိသားစုဆရာဝန် (သို့မဟုတ်) နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍ တိုင်ပင်ပြသပြီး လိုအပ်ပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ်ဆေးထိုးရမည်။

အထက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း (Rabies vaccine and Immunoglobulin)

ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်းအမျိုးအစား နှစ်မျိုးရှိသည်။

(၁) ထိတွေ့၊ ကိုက်ခံရပြီးနောက် ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)
(၂) ကြိုတင်ကာကွယ်ဆေးထိုးခြင်း (Pre-exposure prophylaxis) တို့ဖြစ်သည်။

(၁) ထိတွေ့၊ ကိုက်ခံရပြီးနောက် ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)

တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိပြီးနောက် ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်ရန် ပထမဦးစွာ ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေကို တွက်ဆခြင်း (risk assessment) ပြုလုပ်ရသည်။

ခွေးရူးပြန်ရောဂါ ဖြစ်နိုင်ခြေကိုတွက်ဆခြင်း
ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေ တွက်ဆရာတွင်၊ ဒေသတွင်း ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုနှုန်း၊ ထိတွေ့ကိုက်ခံရသော ဒဏ်ရာအမျိုးအစား၊ ကိုက်ခဲ့သော တိရစ္ဆာန်အမျိုးအစားနှင့် ခွေးရူးပြန်ရောဂါလက္ခဏာ ရှိမရှိ အခြေအနေ၊ တိရစ္ဆာန်အား သတ်မှတ်ကာလအတွင်း စောင့်ကြည့်နိုင်မှု ရှိမရှိ စသည့်အချက်များပေါ် မူတည်၍ တွက်ဆရသည်။

အောက်ပါအခြေအနေများတွင် ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများ၍ ခွေးရူးပြန်ကာကွယ်ဆေးထိုးရန် လိုအပ်သည်။

  • ခွေးရူးပြန်ရောဂါဖြစ်နိုင် ခြေများသည့်၊ ခွေး၊ ကြောင် (သို့မဟုတ်) ခွေးအ၊ ဝံပုလွေ၊ မြေခွေး အစရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ အခြားနို့တိုက်သတ္တဝါများ (ဥပမာ-လင်းနို့)မှ ကုတ်ခြင်း၊ ကိုက်ခဲခြင်း
  • ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများသည့် တိရစ္ဆာန်များ၏ သွားရည်နှင့်၊ မိမိတွင် ရှိသည့် အနာဒဏ်ရာများ ထိမိခြင်း
  • ထိတွေ့၊ ကိုက်ခဲ့သော တိရစ္ဆာန်တွင် ပုံမှန်မဟုတ်ဘဲ ရန်လိုသော အပြုအမူရှိခြင်း၊ ဒေါသအလွန်ကြီးပြီး ရန်စမှုမရှိဘဲ ကိုက်ခြင်း၊ ပုံမှန်မဟုတ်သော အသံအက်ဖြင့်ဟောင်ခြင်း၊ အော်ခြင်း၊ သွားရည်တစီစီကျခြင်း၊ အကြောဆွဲခြင်း၊ အကြောသေခြင်းများ တွေ့ရှိရခြင်း

အောက်ပါအခြေအနေသည် ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေနည်း၍၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးရန် ယေဘုယျအားဖြင့် မလိုအပ်ပါ။

  • ကိုက်ခဲ့သော ခွေး (သို့မဟုတ်) ကြောင်သည် အိမ်မွေးတိရိစ္ဆာန် ဖြစ်ပြီး၊ စောင့်ကြည့်ကာလ (၁၀)ရက်အတွင်း၊ နေကောင်းကျန်းမာခြင်း (သို့ရာတွင် အဆိုပါတိရစ္ဆာန်အား၊ သတ်မှတ်ရက် အတွင်းစောင့်ကြည့်ရန် မဖြစ်နိုင်ပါက ကာကွယ်ဆေးထိုးရန် လိုအပ်သည်)

ထိတွေ့၊ ကိုက်ခံရပြီးနောက် ကာကွယ်ဆေးထိုးရာတွင် ကိုက်ခံရသည့် ဒဏ်ရာအခြေအနေပေါ် မူတည်၍ ထိတွေ့မှုကို အမျိုးအစား (၃)မျိုးခွဲခြားသည်။ အမျိုးအစားအလိုက် ခွေးရူးပြန်ကာကွယ်ဆေးနှင့် ခွေးရူးအဆိပ်ဖြေဆေးထိုးရန် လိုမလိုကို ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO)မှ အောက်ပါအတိုင်း သတ်မှတ်ထားသည်။

အမျိုးအစား (၁) ထိတွေ့မှု 
(Category I exposure)
အမျိုးအစား (၂) ထိတွေ့မှု 
(Category II exposure)
အမျိုးအစား (၃) ထိတွေ့မှု 
(Category III exposure)
ဤအမျိုးအစားတွင် လူနာ၏ အရေပြားသည် ပုံမှန် ဖြစ်ပြီး ဒဏ်ရာမရှိပါ။

တိရစ္ဆာန်ကို ကိုင်တွယ်ခြင်း
သို့မဟုတ်
အစာကျွေးခြင်း

လူ၏အရေပြားအကောင်းကို တိရစ္ဆာန်လျှာနှင့် လျက်မိခြင်း

ခွေးရူးပြန် ကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။
ဤအမျိုးအစားတွင် လူနာ၏ အရေပြားသည် ဒဏ်ရာရှိသော်လည်း သွေးမထွက်ပါ။

သွေးမထွက်သော်လည်း အရေပြားကို ခြစ်မိခြင်း
သို့မဟုတ်
ပွန်းပဲ့ဒဏ်ရာရစေခြင်း

အကာအကွယ် မရှိသော(စုတ်ပြဲနေသော) အရေပြားပေါ်တွင် အနည်းငယ်ကိုက်မိခြင်း

ခွေးရူးပြန် ကာကွယ်ဆေးကို ချက်ချင်းထိုးရန်လိုအပ်သည်။

လွန်ခဲ့သော (၃)လအတွင်း ခွေးရူးပြန်ကာကွယ်ဆေးကို အပြည့်အဝ ထိုးထားသူ ဖြစ်ပါက ကာကွယ်ဆေး ထပ်မံထိုးရန် မလိုအပ်ပါ။
ဤအမျိုးအစားတွင် လူနာ၏အရေပြားဒဏ်ရာသည် ပေါက်ပြဲ၍ သွေးထွက်ခြင်းရှိသည်

အရေပြား‌ပေါက်ပြဲသည်အထိ အကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်း

အရေပြားပေါက်ပြဲနေသည့်နေရာကို တိရစ္ဆာန်လျှာနှင့်လျက်မိခြင်း

နှုတ်ခမ်း၊ ပါးစပ်၊ မျက်လုံးထဲသို့ တိရစ္ဆာန်တံတွေးနှင့် ထိတွေ့မိခြင်း

လင်းနို့ကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်း

ခွေးရူးပြန် ကာကွယ်ဆေးနှင့် ခွေးရူးအဆိပ်ဖြေဆေးကို ချက်ချင်းထိုးရန် လိုအပ်သည်။

လွန်ခဲ့သော (၃) လအတွင်း ခွေးရူးပြန်ကာကွယ်ဆေးကို အပြည့်အဝထိုးထားသူ ဖြစ်ပါက ကာကွယ်ဆေး ထပ်မံထိုးရန် မလိုအပ်ပါ။ ခွေးရူးအဆိပ်ဖြေဆေးလည်း ထိုးရန်မလိုပါ။

မှတ်ချက်

  • ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများ‌သော တိရစ္ဆာန်များသည် လူ၏ အန္တရာယ်ရှိသောနေရာများ (ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ၊ လက်များနှင့် လိင်အင်္ဂါများ)တွင် ကိုက်ခဲ့ပါက အမျိုးအစား (၃) ထိတွေ့မှုအဖြစ် ကုသမှုခံယူရန် လိုအပ်သည်
  • တောရိုင်းတိရစ္ဆာန်များ အကိုက်ခံရပါက အားလုံးကို အမျိုးအစား (၃)ထိတွေ့မှုအတိုင်း ကုသမှုခံယူရန် လိုအပ်သည်

ခွေးရူးအဆိပ်ဖြေဆေး (Rabies Immunoglobulin)
အမျိုးအစား (၃) ထိတွေ့မှု (Category III Exposure) တွင် Rabies Immunoglobulin ဟုခေါ်သည့် ခွေးရူးအဆိပ်ဖြေဆေးကို ကာကွယ်ဆေးပထမအကြိမ်ထိုးသည့်နေ့မှစ၍ (၇) ရက်အတွင်း ထိုးနှံနိုင်သည်။ ခွေးရူးအဆိပ်ဖြေဆေး ထိုးနှံရာတွင် ကိုယ်အလေးချိန်ပေါ်မူတည်၍ ဆေးပမာဏကို တွက်ချက်ပြီး ကိုက်ခံရသည့် ဒဏ်ရာပတ်ပတ်လည်တွင် ထိုးရန်လိုအပ်သည်။

ခွေးရူးပြန် ကာကွယ်ဆေးထိုးခြင်း (Rabies vaccination)
ခွေးရူးပြန် ကာကွယ်ဆေးကို ထိုးနှံရာတွင် သတ်မှတ်ထားသောရက်များအတိုင်း အရေပြားအောက် (သို့မဟုတ်) အသားထဲသို့ ထိုးနှံနိုင်သည်။

အ‌ရေပြားအောက် ထိုးခြင်း
(Intradermal regimen – 2 sites ID)
အသားထဲသို့ ထိုးခြင်း
(Intramuscular regimen – 1 site IM)
ခွေးရူးပြန် ကာကွယ်ဆေးကိုထိုးရာတွင် အရေပြားအောက် ထိုးခြင်းကို ရွေးချယ်မည်ဆိုပါက တစ်ကြိမ်ထိုးလျှင် (၂)နေရာ (လက်မောင်း တစ်ဖက်တွင် တစ်ချက်စီ)ကို အောက်ပါရက်များ အတိုင်း ထိုးရန်လိုအပ်သည်။



စတင်ထိုးနှံသည့်နေ့ (D 0) – ပထမအကြိမ်
(၃) ရက်မြောက်နေ့ (D 3) – ဒုတိယအကြိမ်
(၇) ရက်မြောက်နေ့ (D 7) – တတိယအကြိမ်
ခွေးရူးပြန် ကာကွယ်ဆေးကိုထိုးရာတွင် အသားထဲသို့ထိုးမည် ဆိုပါက လက်မောင်း ကြွက်သား (အသက် (၂)နှစ်အောက်ကလေးများတွင် ပေါင်အ‌ရှေ့ဘက်ဘေး) တွင် အောက်ပါရက်များအတိုင်း ထိုးရန်လိုအပ်သည်။ (တစ်ကြိမ်ထိုးလျှင် တစ်ချက်သာထိုးရန်လိုအပ်သည်။)

စတင်ထိုးနှံသည့် နေ့ (D 0) – ပထမအကြိမ်
(၃) ရက်မြောက်နေ့ (D 3) – ဒုတိယအကြိမ်
(၇) ရက်မြောက်နေ့ (D 7) – တတိယအကြိမ်
(၁၄) ရက်မြောက်နေ့ (D 14) – စတုတ္ထအကြိမ်

ယခင်က ခွေးရူးပြန်ကာကွယ်ဆေး ထိုးဖူးသူများတွင် ကာကွယ်ဆေးထိုးခြင်း

ယခင်က ကာကွယ်ဆေးကို အပြည့်အဝထိုးထားသည့် အထောက်အထားရှိသူများနှင့် ခွေးကိုက်ခံရပြီးနောက် ကာကွယ်ဆေးအနည်းဆုံး (၂) ကြိမ်ထိုးပြီး ဆက်မထိုးဖြစ်သူများတွင် ထပ်မံထိတွေ့မှု၊ သို့မဟုတ် အကိုက်ခံရခြင်း ရှိလျှင် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်သည်။

  • ကိုက်ခံရသော ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် အနည်းဆုံး (၁၅) မိနစ်ခန့် သေချာစွာ ဆေးကြောပါ
  • ခွေးရူးအဆိပ်ဖြေဆေး ထိုးရန်မလိုပါ
  • ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးရာတွင် စတင်ထိုးနှံသည့်ရက်တွင် တစ်ကြိမ် နှင့် (၃)ရက်မြောက်နေ့တွင် တစ်ကြိမ် စုစုပေါင်း (၂)ကြိမ်ထိုးနှံရမည်။ (တစ်ကြိမ်ထိုးလျှင် တစ်နေရာသာထိုးရန်လိုအပ်ပြီး အရေပြားအောက် သို့မဟုတ် အသားထဲသို့ထိုးနှံနိုင်သည်)
  • ယခင်က ခွေးရူးပြန်ကာကွယ်ဆေးကို အပြည့်အဝထိုးထားသည့် အထောက်အထားမပြနိုင်သူများတွင် ကာကွယ်ဆေးကို အပြည့်အဝပြန်လည်ထိုးရမည့်အပြင် လိုအပ်လျှင် ခွေးရူးအဆိပ်ဖြေဆေးပါ ထိုးနှံရမည်။

ခုခံအားကျဆင်းသူများတွင် ခွေးရူးပြန်ကာကွယ်ဆေးနှင့် ခွေးရူးအဆိပ်ဖြေဆေးထိုးခြင်း

ခုခံအားကျဆင်းသူ (ဥပမာ_အိတ်ချ်အိုင်ဗွီရောဂါရှိသူများ၊ စတီးရွိုက်ဆေး၊ ကင်ဆာရောဂါကုသဆေး ကဲ့သို့ ကိုယ်ခံအားလျော့ကျစေနိုင်သည့် ဆေးဝါးများသောက်သုံးနေရသူများ) ဖြစ်ပါက အမျိုးအစား (၂) နှင့် (၃) ထိတွေ့မှုများတွင် ယခင်က ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးဖူးသည်ဖြစ်စေ မထိုးဖူးသည် ဖြစ်စေ ခွေးရူးပြန်ကာကွယ်ဆေးအပြင် ခွေးရူးအဆိပ်ဖြေဆေးကိုပါ ချက်ချင်းထိုးရန်လိုအပ်သည်။ ခုခံအားကျဆင်းသူများတွင် ခွေးရူးပြန် ကာကွယ်ဆေးကို အသားဆေးထိုးခြင်းနည်းကိုသာ အသုံးပြုသင့်ပြီး စုစုပေါင်း (၅) ကြိမ် ပြည့်အောင် အောက်ပါရက်များအတိုင်းထိုးရန် လိုအပ်သည်။

စတင်ထိုးနှံသည့် နေ့ (D 0) – ပထမအကြိမ်
(၃) ရက်မြောက်နေ့ (D 3) – ဒုတိယအကြိမ်
(၇) ရက်မြောက်နေ့ (D 7) – တတိယအကြိမ်
(၁၄) ရက်မြောက်နေ့ (D 14) – စတုတ္ထအကြိမ်
(၂၈) ရက်မြောက်နေ့ (D 28) – ပဥ္စမအကြိမ်

(၂) ကြိုတင်ကာကွယ်ဆေးထိုးခြင်း (Pre-exposure prophylaxis)

ခွေးရူးပြန်ရောဂါကူးစက်နိုင်ခြေများသည့်သူများ (တိရစ္ဆာန်များနှင့် အထိအတွေ့များသူများ၊ တိရစ္ဆာန်ဆရာဝန်များ၊ ဓာတ်ခွဲခန်းတွင် အလုပ်လုပ်သူများ၊ တိရစ္ဆာန်ပေါများသည့် အဖြစ်များသော နေရာ‌ဒေသများသို့ ခရီးသွားလာသူများ)တွင် ထိုးနှံသင့်သည်။ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို_

  • အရေပြားအောက်ထိုးမည်ဆိုပါက တစ်ကြိမ်ထိုးလျှင် (၂)နေရာကို စတင်ထိုးနှံသည့်နေ့တွင် တစ်ကြိမ်နှင့် (၇) ရက်မြောက်နေ့တွင် တစ်ကြိမ် ထိုးနှံရမည်
  • အသားထဲသို့ ထိုးမည်ဆိုပါက တစ်ကြိမ်ထိုးလျှင် (၁)နေရာကို စတင်ထိုးနှံသည့်နေ့တွင် တစ်ကြိမ်နှင့် (၇) ရက်မြောက်နေ့တွင် တစ်ကြိမ် ထိုးနှံရမည်

အထက်ပါနည်းလမ်း နှစ်ခုမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးဖြင့် ကြိုတင်ကာကွယ်ဆေးထိုး၍ ရသည်။

ခုခံအားကျဆင်းသူများတွင် အထက်တွင် ဖော်ပြသည့်အတိုင်း နှစ်ကြိမ်ထိုးပြီးနောက် (၂၁) ရက်နှင့် (၂၈) ရက်အကြားတွင် တတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးရန် လိုအပ်သည်။ ခုခံအားကျဆင်းသူများတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပါက (၂) ပတ် (သို့မဟုတ်) (၄) ပတ်အကြာတွင် ပဋိပစ္စည်းတုံ့ပြန်မှု (antibody response) ကို ပြန်လည်စစ်ဆေးနိုင်သည်၊၊ လိုအပ်ပါက ထပ်မံထိုးနှံနိုင်သည်။

ခွေးရူးပြန်ရောဂါသည် ရောဂါဖြစ်လျှင် ကုသဆေး မရှိသည့်အတွက်ကြောင့် အသက်သေဆုံးနိုင်ခြေ ၁၀၀% ရှိသည်။ ထို့ကြောင့် ခွေးရူးပြန်ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများမှာ_

  • မိမိ၏အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း
  • မိမိ၏အိမ်မွေးတိရစ္ဆာန်များကို တခြား ပြင်ပတိရစ္ဆာန်များ ထိတွေ့မှုမရှိစေခြင်း
  • ခွေးရူးရောဂါဟု သံသယရှိသည့် လမ်းဘေးခွေးများတွေ့လျှင် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း
  • မိမိအိမ်သို့ လင်းနို့များဝင်ရောက်ခြင်းမှ ကာကွယ်ခြင်း
  • ခွေးနှင့် တစ်ခြားတိရစ္ဆာန်ပေါများသော အရပ်ဒေသသို့သွားလျှင် ကြိုတင်ပြီး ‌ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း
  • ခွေးအကိုက်မခံရ‌အောင် ဂရုစိုက်ခြင်း (လမ်းဘေးခွေးများနှင့် ဝေးဝေးမှနေခြင်း၊ ခွေးများကို ရန်မစခြင်း)
    စသည်တို့ကိုပြုလုပ်ပေးခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ခြင်းကို ကာကွယ်လျှော့ချနိုင်သည်။

References:

  1. World Health Organization. (2018). Rabies: Clinicians’ FAQs. Retrieved June 10, 2024, from https://cdn.who.int/media/docs/default-source/ntds/rabies/rabies-clinicians-faqs-20sep2018.pdf?sfvrsn=97d94712_4
  2. World Health Organization: WHO. (2024). Rabies. Retrieved June 10, 2024, from https://www.who.int/news-room/fact-sheets/detail/rabies
  3. Rabies. (2024). Cleveland Clinic. Retrieved June 10, 2024, from https://my.clevelandclinic.org/health/diseases/13848-rabies
  4. Rabies: Symptoms and Treatment. (2024). WebMD. Retrieved June 10, 2024, from https://www.webmd.com/a-to-z-guides/what-is-rabies
  5. Rabies – Symptoms & causes – Mayo Clinic. (2021). Mayo Clinic. Retrieved June 10, 2024, from https://www.mayoclinic.org/diseases-conditions/rabies/symptoms-causes/syc-20351821
  6. Rabies – Diagnosis & treatment – Mayo Clinic. (2021). Mayo Clinic. Retrieved June 10, 2024, from https://www.mayoclinic.org/diseases-conditions/rabies/diagnosis-treatment/drc-20351826

Published: 30 August 2024

Last updated: 3 April 2025

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.