ဘယ်ရီဘယ်ရီရောဂါ (Beri Beri)သည် ဗီတာမင်ဘီဝမ်း ခေါ် သိုင်ရာမင်း(Thiamine) ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားရသည်။ သိုင်ရာမင်းသည် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်တည်ဆောက်သုံးစွဲခြင်း၊ ကြွက်သားများနှင့် အာရုံကြောစနစ်များ၏ ပုံမှန်လှုပ်ရှားဆောင်ရွက်ခြင်းများတွင် အလွန်အရေးပါသည်။ သိုင်ရာမင်းဓာတ် ချို့တဲ့ခြင်းကြောင့် နှလုံးနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများစွာ ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဗီတာမင်ဘီဝမ်း ကို လူ့ခန္ဓာကိုယ်အတွင်း ထုတ်လုပ်နိုင်ခြင်းမရှိသည့်အပြင် လုံလောက်အောင် သိုမှီးထားနိုင်ခြင်းလည်း မရှိချေ။ နေ့စဉ်လိုအပ်သောပမာဏကို အစားအစာများမှသာရရှိသည်။
ထို့ကြောင့် ရောဂါဖြစ်ပွါးရသောအကြောင်းရင်းများမှာ
- အစားအစာများမှ လုံလောက်စွာမရရှိခြင်း (ပြုပြင်ထားသော ကစီဓာတ်များအစားများခြင်း)
- ခန္ဓာကိုယ်မှ ဆုံးရှုံးခြင်း (ကာလကြာရှည်စွာ ဝမ်းလျှောခြင်း)
- ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပြောင်းလဲခြင်း (ကိုယ်ဝန်ဆောင်ခြင်း)
- သိုင်ရာမင်းဓာတ်ကို ပျက်စီးစေသောအစာများ (အချို့သောငါးများ၏ကိုယ်တွင်းကလီစာများ) စားသုံးခြင်းများ ဖြစ်သည်။
နို့တိုက်မိခင်သည် ဗီတာမင် ဘီဝမ်းဓာတ်ချို့တဲ့သောအခါ မိခင်နို့တစ်မျိုးတည်းကို အဓိကတိုက်သော၊ ဖြည့်စွက်စာတွင် ဗီတာမင် ဘီဝမ်း လုံလောက်အောင် မရရှိသော အသက်တစ်နှစ်အောက် ကလေးငယ်များတွင် ဘယ်ရီဘယ်ရီဖြစ်ပွားနိုင်သည်။
ရောဂါလက္ခဏာများ
ကလေးငယ်များတွင် အသက်အရွယ်အပေါ်မူတည်၍
- နှလုံးကို အဓိကထိခိုက်သော ဘယ်ရီဘယ်ရီ
- အသံပျောက်ဝင်သွားသော ဘယ်ရီဘယ်ရီနှင့်
- ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်သော ဘယ်ရီဘယ်ရီ ဟူ၍တွေ့နိုင်သည်။
နှလုံးကိုအဓိကထိခိုက်သောဘယ်ရီဘယ်ရီ
ဤအမျိုးအစားကို မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသော အသက် (၁)လ မှ (၃)လအတွင်း ကလေးငယ်များတွင် အများဆုံးတွေ့ရသည်။
- နို့ကောင်းစွာမစို့ခြင်း၊ နို့စို့ချိန်အလွန်ကြာပြီး ချွေးများထွက်လာခြင်း
- ပျို့အန်ခြင်း
- တအင့်အင့်ညည်းနေခြင်း
- ဖောရောင်ခြင်း
- အသက်ရှူမြန်ခြင်း၊ နှုတ်ခမ်းနှင့် လျှာများ ပြာခြင်း၊ နှလုံးခုန်မြန်ခြင်း
- အသည်းကြီးခြင်း၊ နှလုံးကြီးခြင်း
- ဆီးသွားနည်းခြင်း စသည့် နှလုံးအမောဖောက်သောက္ခဏာများတွေ့ရသည်။
အချိန်အနည်းငယ်အတွင်း ရောဂါပိုမိုပြင်းထန်လာတတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်သဖြင့် အလျင်အမြန် ဆေးကုသမှုခံယူရန် လိုအပ်သည့် အရေးပေါ်အခြေအနေဖြစ်သည်။
အသံပျောက်ဝင်သောဘယ်ရီဘယ်ရီ
အာရုံကြောများအားနည်းမှုကြောင့် အသံအိုးကြွက်သားများ ကောင်းစွာအလုပ်မလုပ်နိုင်သဖြင့် ငိုသံ တိမ်ဝင် ပျောက်ကွယ်သွားတတ်သော ရောဂါမျိုးဖြစ်သည်။ အသက် (၄)လမှ (၆)လကြား ကလေးငယ်များတွင် တွေ့ရတတ်သည်။
ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်သောဘယ်ရီဘယ်ရီ
ဤရောဂါအမျိုးအစားသည် ဆိုးရွားသောလက္ခဏာများ ချက်ချင်းမတွေ့ရဘဲ တဖြည်းဖြည်း ဖြစ်လာသော ရောဂါမျိုးဖြစ်သည်။ အသက် (၇)လ မှ (၉)လကြား ကလေးများတွင် တွေ့ရတတ်သည်။
လက္ခဏာများမှာ_
- နုံးခြင်း၊ မအီမသာဖြစ်ခြင်း
- ခြေလက်လေးလံခြင်း
- ကြွက်သားများအားပျော့ခြင်း၊ နာခြင်း
- အာရုံကြောတုံ့ပြန်မှုများ နှေးကွေးလာခြင်း
- အလွန်မှိန်းခြင်း
- ပုံမှန်မဟုတ်သော မျက်လုံးလှုပ်ရှားမှုများဖြစ်ခြင်း၊ အမြင်အာရုံထိခိုက်ခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း များဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဘယ်ရီဘယ်ရီရောဂါသည် စောလျင်စွာသိရှိကုသလျှင် နောက်ဆက်တွဲပြဿနာမရှိဘဲ ပျောက်ကင်းနိုင်သည်။ စနစ်တကျမကုသလျှင် နှလုံးအမောဖောက်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်းနှင့် အသက်ဆုံးရှုံးသည် အထိဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးချက်များအရ ရောဂါသတ်မှတ်နိုင်သည်။ လိုအပ်ပါက သွေး၊ ဆီးစစ်ဆေးခြင်းများပြုလုပ်နိုင်သည်။
ကုသခြင်း
ကလေးများတွင် ဖြစ်ပွားသည့် ဘယ်ရီဘယ်ရီရောဂါသည် ဗီတာမင်ဘီဝမ်းထိုးဆေးဖြင့် အချိန်မီ ကုသပါက တုံ့ပြန်မှုအလွန်ကောင်းသည်။ နှလုံးထိခိုက်မှုလက္ခဏာများ နာရီပိုင်းအတွင်း သက်သာသည်ကို တွေ့ရှိရသည်။ နို့တိုက်မိခင်များတွင် အမေနှင့်ကလေးနှစ်ဦးလုံးကို ကုသမှုပေးရသည်။ ရောဂါအခြေအနေ အလိုက် လိုအပ်သောကုသမှုများနှင့် ဗီတာမင်ဘီဝမ်းထိုးဆေး၊ သောက်ဆေးများဖြင့် ကုသလေ့ရှိသည်။
ကာကွယ်ခြင်း
နေ့စဉ်စားသုံးသောအစားအစာများတွင် ဗီတာမင်ဘီဝမ်းဓာတ်လုံလောက်အောင်စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။ ကလေးများနှင့် လူကြီးများတွင် အသက်အရွယ်အလိုက် ဗီတာမင်ဘီဝမ်း နေ့စဉ်လိုအပ်ချက် ကွာခြားသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် နေ့စဥ်လိုအပ်ချက် ပိုများနိုင်သည်။
အသက် | နေ့စဥ်လိုအပ်သောပမာဏ |
---|---|
မွေးစ မှ ၆ လ | ၀.၂ mg |
အသက် ၇ လ မှ ၁၂ လ | ၀.၃ mg |
အသက် ၁ နှစ် မှ ၃ နှစ် | ၀.၅ mg |
အသက် ၄ နှစ် မှ ၈ နှစ် | ၀.၆ mg |
အသက် ၉ နှစ် မှ ၁၃ နှစ် | ၀.၉ mg |
အသက် ၁၄ နှစ် မှ ၁၈ နှစ် (မ) | ၁.၀ mg |
အသက် ၁၄ နှစ် မှ ၁၈ နှစ် (ကျား) | ၁.၂ mg |
ကိုယ်ဝန်ဆောင်မိခင် | ၁.၄ mg |
နို့တိုက်မိခင် | ၁.၄ mg |
ဗီတာမင်ဘီဝမ်းကြွယ်ဝသော အစားအစာများမှာ –
- ပဲအမျိုးမျိုး
- အသား (ဥပမာ-ဝက်သား)
- အသည်း
- ငါး
- နေကြာစေ့
- ဆန်လုံးညို
- အစေ့အဆန် ကောက်ပဲသီးနှံများ
- အသည်း
- ဒိန်ချဥ်စသည်တို့ဖြစ်သည်။
အစားအသောက်ပြင်ဆင်ရာတွင် ဗီတာမင်ဘီဝမ်းဓာတ်များမဆုံးရှုံးစေရန် ကာကွယ်နည်း
အစားအသောက် ပြင်ဆင်ရာတွင် ဗီတာမင်ဘီဝမ်း ဓာတ်များမဆုံးရှုံးစေရန် ကာကွယ်ရန်လည်း အလွန်အရေးကြီးသည်။ ဗီတာမင်ဘီဝမ်း ချို့တဲ့ရခြင်း၏ အဓိကပြဿနာမှာ အစားအစာပြင်ဆင် ချက်ပြုတ်ရာတွင် အလွယ်တကူ ပျက်စီးလျော့နည်းနိုင်ခြင်းဖြစ်သည်။ ရေတွင်ပျော်ဝင်သော ဗီတာမင် (water soluble vitamin) အမျိုးအစားဖြစ်သော သိုင်ရာမင်းဓာတ်သည် ရေနှင့် အချိန်ကြာကြာ ထိတွေ့မိပါက ရေတွင် ပျော်ဝင်သွားကာ အစားအသောက်တွင် ပမာဏအနည်းငယ်သာ ကျန်ရှိခဲ့နိုင်သည်။ ဥပမာ-
- ထမင်းမချက်မီ ဆန်ကို ရေနှင့် အထပ်ထပ်အခါခါ လက်ဖြင့် ပွတ်ဆေးခြင်း၊
- ထမင်းရည် ငှဲ့ချက်ခြင်း၊
- အစားအစာများကို အပူရှိန်ပြင်းပြင်းနှင့် ကြာကြာချက်ခြင်း၊
- ပြုပြင်ထားသော ဂျုံနှင့် ကောက်ပဲသီးနှံများ (ဖြူအောင်ဖွတ်ထားသော ဆန်၊ ခေါက်ဆွဲ၊ ကြာဆံ၊ ပေါင်မုန့်အဖြူ၊ ကိတ်မုန့် စသည့်သွားရည်စာများ) စားသုံးခြင်း၊
- ထမင်းဆီဆမ်းနှင့် ငါးခြောက်ကိုသာ စားသုံးခြင်းများသည် ဗီတာမင်ဘီဝမ်း ချို့တဲ့စေနိုင်သောကြောင့် ရှောင်ကြဥ်သင့်သည်။
ထို့ကြောင့်လိုအပ်ပါက ဗီတာမင်ဘီဝမ်းအပါအဝင် အခြားဗီတာမင်ဘီအုပ်စုများပါဝင်သော အားဆေးများသောက်ခြင်း၊ ဗီတာမင်ဘီဝမ်းကြွယ်ဝသော အစားအစာများကို နေ့စဥ်စားသုံးခြင်း၊ အထူးသဖြင့် ဗီတာမင်ဘီဝမ်း အားဖြည့်ထားသော အစားအစာများ (ဥပမာ- ဗီတာမင်ဘီဝမ်း အားဖြည့်ထားသော သီးနှံများ- thiamine fortified breakfast cereal) စားသုံးခြင်းကို ပြုလုပ်သင့်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.