ခံတွင်း မှက္ခရု ဆိုသည်မှာ ပါးစပ်အတွင်း ကင်ဒီဒါ (Candida) မှိုပိုးများ စွဲကပ်ခြင်းဖြစ်သည်။ ကင်ဒီဒါမှိုပိုးသည် ပါးစပ်အတွင်းတွင် ပုံမှန်တွေ့ရှိနိုင်သော်လည်း ထိုကင်ဒီဒါမှိုပိုးများ အလွန်များပြားပေါက်ပွားလာသည့်အခါ လျှာ (သို့မဟုတ်) ပါးစောင်တွင် အဖြူရောင်အဖတ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မှက္ခရုသည် အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (၁) လအောက်နှင့် လမ်းလျှောက်စအရွယ် ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် ခုခံအားကျဆင်းသူများတွင် အဖြစ်များဆုံးဖြစ်သည်။ ခံတွင်း မှက္ခရုကို မှိုပိုးသတ်ဆေးဖြင့် ကုသသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ပုံမှန်အားဖြင့် ကိုယ်ခံအားစနစ်မှ ကင်ဒီဒါမှိုပိုးများ မပွားများစေရန် ကာကွယ်ထားသည်။ သို့သော် ကိုယ်ခံအားကျဆင်းသည့် အခြေအနေတွင် ထိုမှိုပိုးများ ပေါက်ပွားကြီးထွားလာပြီး ခံတွင်း မှက္ခရု ဖြစ်ပေါ်ခြင်းဖြစ်သည်။ ခံတွင်း မှက္ခရု အဖြစ်အများဆုံးမှိုပိုးမှာ ကင်ဒီဒါ အယ်ဘီကန် (Candida albicans) အမျိုးအစားဖြစ်သည်။
ခံတွင်း မှက္ခရု အဖြစ်များသူ များမှာ –
- ခုခံအား ကျဆင်းသည့်သူများ – အိတ်ချ်အိုင်ဗွီ (HIV)ရှိသူများ၊ ကင်ဆာရောဂါ ရှိသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူများ၊ ခုခံအားကျဆင်းစေသည့် ဆေးဝါးများ သောက်သုံးနေရသူများ
- ဆီးချိုရောဂါ ရှိသူများ
- အမျိုးသမီးအင်္ဂါ မှိုရောဂါ ဖြစ်ခြင်း (Vaginal yeast infections) – ထိုမှိုရောဂါပိုးသည် ခံတွင်း မှက္ခရု ဖြစ်စေသော မှိုပိုးနှင့်တူသောကြောင့် ခံတွင်း မှက္ခရု ဖြစ်နိုင်ခြေများသည်။
- စတီးရွိုက်ဆေးများ သောက်သုံးခြင်း သို့မဟုတ် ရှူဆေးဂေါက်တံ (inhaler)များ ရှူရခြင်း
- ပဋိဇီဝ ပိုးသတ်ဆေးများ ကြာရှည်စွာ အသုံးပြုနေရသူများ
- သွားအံကပ် တပ်ထားခြင်း
- ခံတွင်း ခြောက်ခြင်း
ရောဂါလက္ခဏာများ
- ကျန်းမာသော ကလေးနှင့် လူကြီးများ
- လျှာ၊ ပါးစောင်၊ အာခေါင်၊ သွားဖုံးနှင့် အာသီးတွင် အဖြူဖတ်များ ဖြစ်ခြင်း
- အဖြူဖတ်များသည် ဒိန်ခဲပျော့ ပုံသဏ္ဌာန်ကဲ့သို့ အနည်းငယ်ထူနေခြင်း
- နီမြန်းခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်းများ ဆိုးရွားသောကြောင့် အစာစားရခက်ခြင်း၊ အစာမျိုရခက်ခြင်း
- အဖြူဖတ်များ ခြစ်မိခြင်း၊ ဖဲ့မိခြင်းဖြစ်ပါက သွေးအနည်းငယ် ထွက်ခြင်း
- ပါးစပ်ထောင့်များတွင် အက်ကွဲနီမြန်းခြင်း
- ပါးစပ်တွင် ဂွမ်းကဲ့သို့ ခံစားချက်မျိုးရခြင်း
- အရသာမရခြင်း
- သွားအံကပ် တပ်ဆင်ထားသည့်နေရာတွင် နီမြန်းခြင်း၊ နာကျင်ခြင်း (Denture stomatitis)
- ခုခံအားကျဆင်းသည့်လူနာများ
အိတ်ချ်အိုင်ဗွီ (HIV)ရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ စသည့်သူများတွင် ခံတွင်း မှက္ခရု ပိုမိုဆိုးရွားနိုင်ပြီး အစာရေမျိုပြွန်အထိ (Candida esophagitis) ကူးစက်ပျံ့နှံနိုင်သည်။ ထိုသို့ လေပြွန်အထိ ကူးစက်ပျံ့နှံခြင်းကြောင့် အစာမျို၍မရခြင်း၊ အစာမျိုသည့်အခါ နာကျင်ခြင်းနှင့် လည်ချောင်းတွင် အစာတစ်ဆို့ခြင်းများ ဖြစ်ပေါ်နိုင်သည်။ - နို့တိုက်မိခင်နှင့် မွေးကင်းစ ကလေးများ
နို့စို့အရွယ် ကလေးငယ်များတွင် ခံတွင်း မှက္ခရု ဖြစ်ပါက နို့စို့ရာတွင် ခက်ခဲခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ ငိုလွန်းခြင်း စသည်တို့ ဖြစ်နိုင်သည်။
ကလေး၏ ခံတွင်း မှက္ခရုသည် နို့စို့စဉ် မိခင်၏ရင်သားသို့ ကူးစက်ကာ မိခင်တွင် အောက်ပါ ရောဂါလက္ခဏာများ ခံစားရနိုင်သည်။- မိခင်၏ နို့သီးခေါင်းတွင် ယားယံခြင်း၊ အက်ကွဲခြင်း၊ နီမြန်းခြင်း
- နို့သီးကွင်း၏ အရေပြား အလွှာလိုက် ကွာကျခြင်း
- ကလေးနို့စို့စဉ် သို့မဟုတ် ရင်သား သန့်ရှင်းရေးပြုလုပ်စဉ် နာကျင်ခြင်း
- ရင်သားအတွင်းထဲမှ ထိုးအောင့်ခြင်း
နောက်ဆက်တွဲပြဿနာများ
ခံတွင်း မှက္ခရုသည် ပုံမှန်ကျန်းမာသော လူများတွင် အလိုအလျောက် ပြန်လည် ကောင်းမွန်နိုင်သောကြောင့် စိုးရိမ်ရန် မရှိပါ။ သို့သော် အိတ်ချ်အိုင်ဗွီ (HIV)ရောဂါရှိသူ၊ ကင်ဆာရောဂါ ရှိသူ၊ ဆီးချိုရောဂါရှိသူ စသည့်သူများတွင် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်နိုင်သည်။ ထိုသူများတွင် ခံတွင်း မှက္ခရုကို သေချာစွာ ကုသမှုမခံယူပါက ကင်ဒီဒါမှိုပိုးများသည် အစာရေမျိုပြွန်သို့ ကူးစက်ခြင်း၊ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ကူးစက်ခြင်းများ ဖြစ်နိုင်သည်။ ထို့နောက် ခန္ဓာကိုယ်အတွင်းပိုင်းသို့ ကူးစက်ဝင်ရောက်ပြီး သွေးဆိပ်တက်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
မိမိတွင် သို့မဟုတ် မိမိ၏ကလေးတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း (အထူးသဖြင့် ခုခံအားကျဆင်းသည့် အခြေအနေ ရှိမရှိ မေးမြန်းခြင်း)နှင့် လူနာကို စမ်းသပ်ခြင်းများ ဦးစွာပြုလုပ်လိမ့်မည်။ ပုံမှန်အားဖြင့် သွေးစစ်၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ မလိုပါ။ ခံတွင်း မှက္ခရုနာသည် အစာမျိုပြွန်အတွင်းသို့ ပျံ့နှံပါက အစာမျိုပြွန်အတွင်း မှန်ပြောင်းကြည့်ခြင်း၊ အသားစယူခြင်း၊ သွေးစစ်ခြင်း စသည်တို့ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ခံတွင်း မှက္ခရုသည် ပျောက်ကင်းပြီးသော်လည်း ထပ်မံဖြစ်ပွားနိုင်သောကြောင့် ဖြစ်ပေါ်ရသော အကြောင်းရင်းကို ရှာဖွေကုသရမည်။
- ကျန်းမာသော ကလေးနှင့် လူကြီးများ
ပုံမှန်အားဖြင့် ကျန်းမာသော ကလေးနှင့် လူကြီးများတွင် မှိုပိုးသတ်ဆေးပေးခြင်းဖြင့် လွယ်ကူစွာ ပျောက်ကင်းနိုင်သည်။ မှိုပိုးသတ်ဆေးများသည် ဆေးပြား၊ ငုံဆေး၊ အရည်စသဖြင့် ပုံစံအမျိုးမျိုးရှိသည်။ ဆရာဝန်သည် ခံတွင်း မှက္ခရု အခြေအနေပေါ် မူတည်၍ အရည် (သို့မဟုတ်) ငုံဆေးဖြင့် ကုသမှုများ ပြုလုပ်လိမ့်မည်။ - နို့တိုက်မိခင်နှင့် မွေးကင်းစ ကလေးများ
ကလေး၏ ပါးစပ်တွင်းနှင့် မိခင်၏ရင်သားကို မှိုပိုးသတ်ဆေး အစက်ချဆေး၊ လိမ်းဆေးများပေး၍ ကုသနိုင်သည်။ - ခုခံအားကျဆင်းသည့် လူနာများ
ခုခံအားကျဆင်းသည့် လူနာများသည် ရောဂါပြင်းထန်နိုင်ပြီး များသောအားဖြင့် မှိုပိုးသတ်ဆေး သောက်ဆေးဖြင့် ကုသရသည်။
ကာကွယ်ခြင်း
- စတီးရွိုက် ရှူဆေးဂေါက်တံ (inhaler)များ ရှူပြီးတိုင်း ပလုပ်ကျင်းခြင်း
- တစ်နေ့ (၂)ကြိမ် နေ့စဉ် သွားတိုက်ခြင်း
- သွားအံကပ် တပ်ဆင်ထားပါက ညမအိမ်မီ ဖြုတ်ထားခြင်း၊ နေ့စဉ် သန့်ရှင်းရေးပြုလုပ်ခြင်း
- ဆီးချိုရောဂါရှိသူများ (သို့မဟုတ်) အံတုတပ်ထားသူများသည် သွားဆရာဝန်နှင့် ခံတွင်း ကျန်းမာရေးကို ပုံမှန် စစ်ဆေးခြင်း
- သကြားဓာတ်လွန်ကဲသော အစားအစာများ လျှော့စားခြင်း
- ဆီးချိုရောဂါရှိပါက သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းခြင်း
- အမျိုးသမီးအင်္ဂါ မှိုရောဂါ ဖြစ်ပါက ကုသခြင်း
- ခံတွင်းခြောက်ခြင်း ရှိပါက ကုသခြင်း
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.