အဆုတ်ကင်ဆာသည် ကင်ဆာရောဂါများတွင် အသေအပျောက်အများဆုံးစာရင်းဝင် ကင်ဆာရောဂါတစ်ခုဖြစ်သည်။ အဆုတ်ကင်ဆာ၏ (၈၅)ရာခိုင်နှုန်းခန့်သည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ရသည်။ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေသည် နေ့စဉ်သောက်သုံးသော ဆေးလိပ်ပမာဏနှင့် သောက်သုံးခဲ့သည့် အချိန်ကာလတို့အပေါ်တွင် များစွာမူတည်သည်။ ဆေးလိပ်သောက်သောသူသည် မသောက်သူထက် (၁၅)ဆ မှ (၂၅)ဆ ပို၍ အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိသည်။ ဆေးလိပ်ဖြတ်ပါက (၁၀)နှစ် မှ (၁၅)နှစ် ကြာသောအခါ အဆုတ်ကင်ဆာဖြစ်နိုင်ခြေမှာ မူလ၏ ထက်ဝက်သို့ ကျဆင်းသွားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ဆေးလိပ်သောက်သည့် အချိန်ကာလကြာခြင်း၊ ဆေးလိပ်သောက်သည့် အရေအတွက်များခြင်း၊ သောက်သုံးသည့်ဆေးလိပ်တွင် ဓာတုပစ္စည်းများခြင်းသည် အဆုတ်ကင်ဆာကို ပိုဖြစ်စေသည်။ - တဆင့်ခံဆေးလိပ်ငွေ့ (Passive smoking)
မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း မိမိပတ်ဝန်းကျင် နီးစပ်သူများက သောက်သောဆေးလိပ်ငွေ့ကို ရှူရှိုက်ခြင်းသည်လည်း အဆုတ်ကင်ဆာဖြစ်စေသည်။ - စက်မှုလုပ်ငန်းကြောင့်ဖြစ်သောအန္တရာယ်များ
အချို့သောဓာတ်ပစ္စည်း၊ သတ္တုဓာတ်မှုန်နှင့် ထိတွေ့လုပ်ကိုင်ရသော စက်ရုံများရှိ အလုပ်သမားများသည် ကင်ဆာဖြစ်ရန် အလားအလာပိုများသည် (ဥပမာ – ကျောက်မီးသွေးဓာတ်ငွေ့-Coal gas၊ နီကယ်-Nickel၊ အာဆင်းနစ်-Arsenic၊ မီးခံပြားအမှုန့်-Asbestos) - ဓာတ်ရောင်ခြည်ကုသမှုခံယူဖူးခြင်း
အခြားကင်ဆာတစ်မျိုးမျိုးအတွက် ရင်ဘတ်ကို ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးပါက အဆုတ်ကင်ဆာ ဖြစ်စေသော အလားအလာ ပိုများစေသည်။
ရောဂါလက္ခဏာများ
အဓိကလက္ခဏာများမှာ –
- အဆက်မပြတ် ချောင်းဆိုးခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချောင်းဆိုး သွေးပါခြင်း
- မောခြင်းတို့ ဖြစ်သည်။
အကယ်၍ အဆုတ်ကင်ဆာသည် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့သွားပါက အောက်ပါရောဂါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
- အရိုးနာခြင်း
- ခေါင်းကိုက်ခြင်း
- မျက်နှာဖောရောင်ခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
အဆုတ်ကင်ဆာအမျိုးအစားများ
အဏုကြည့်မှန်ဘီလူးအောက်တွင် တွေ့ရသော ကင်ဆာဆဲလ်များ၏ ရုပ်သွင်ပြင်အရ (၂)မျိုး ခွဲခြားထားသည်။
- Small cell lung cancer
ဆေးလိပ်အရေအတွက်များများကို နှစ်ကြာရှည်စွာ သောက်သုံးသူများတွင် ဖြစ်တတ်သည်။ ကင်ဆာပျံ့ပွားမှုနှုန်း ပိုမြန်သည်။ - Non-small cell lung cancer
အဖြစ်များသော အမျိုးအစားဖြစ်သည်။ ကင်ဆာအဆင့်ပေါ် မူတည်၍ ကုသမှုအမျိုးမျိုး ကွဲပြားနိုင်သည်။
ဆေးရုံ၊ ဆေးခန်း ပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါလက္ခဏာများကို မေးမြန်းစမ်းသပ်ပြီး အဆုတ်ကင်ဆာဖြစ်နိုင်သည်ဟု သံသယရှိပါက အောက်ပါအတိုင်း စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest x-ray) – အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်းတို့ကို သိနိုင်ပြီး ကင်ဆာသံသယရှိဖွယ် အခြေအနေများကို သိနိုင်သည်။
- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan) – ရင်ဘတ်ဓာတ်မှန်တွင် ကောင်းမွန်စွာ မတွေ့ရသော ကင်ဆာကျိတ်များကို ရှာဖွေနိုင်သည်။
- အသားစယူစစ်ဆေးခြင်း (Biopsy)
နှာခေါင်း (သို့မဟုတ်) ပါးစပ်မှ မှန်ပြောင်း (bronchoscopy)ကိုထည့်ပြီး လေပြွန်မကြီးမှတစ်ဆင့် လေပြွန်ငယ်လေးများတွင်းမှ အသားစကိုယူနိုင်သည်။ အဆုတ်အမြှေးပါးအတွင်း ရေဝင်နေသည့် (pleural effusion)လူနာများတွင် နံရိုးကြားထဲမှတဆင့် အဆုတ်အမြှေးပါးကို အသားစယူနိုင်သည်။ လည်ပင်းအကျိတ်ရှိနေသူများတွင် လည်ပင်းအကျိတ်ကို ခွဲထုတ်၍ အသားစပို့ စစ်ဆေးသည်။ အသားစကို အဏုကြည့်မှန်ဘီလူးဖြင့် ကြည့်ရှုစစ်ဆေးသည်။ - သွေးစစ်ခြင်း – သွေးစစ်ခြင်းဖြင့် အဆုတ်ကင်ဆာရောဂါကို မသိနိုင်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ အခြားကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာများ ကောင်းမွန်ခြင်း ရှိမရှိကို အကြမ်းဖျင်း သိရှိနိုင်သည်။
ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)
ကင်ဆာအဆင့်သတ်မှတ်ခြင်းဆိုသည်မှာ ကင်ဆာဆဲလ်ပမာဏနှင့် တည်နေရာကို ရှာဖွေဖော်ထုတ် မှတ်တမ်းတင် ခွဲခြားထားခြင်းဖြစ်သည်။ လူနာအတွက် အကောင်းဆုံးကုသမှုနည်းလမ်းများ ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရသော အချက်များထဲမှတစ်ခု အပါအဝင်ဖြစ်သည်။
ကင်ဆာဆဲလ်များသည် အဆုတ်ပြင်ပသို့ ပျံ့နှံ့ခြင်း ရှိမရှိ၊ ပြန်ရည်ကျိတ်များ၊ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း ရှိမရှိပေါ် မူတည်ပြီး ကင်ဆာအဆင့်သတ်မှတ်သည်။
Stage 0 – ကင်ဆာဆဲလ်များသည် အဆုတ် (သို့မဟုတ်) လေပြွန်၏အပေါ်ယံအလွှာတွင်သာရှိပြီး အကျိတ်အဖြစ် မတွေ့ရပေ။ အဆုတ်၏ အခြားအစိတ်အပိုင်းများ (သို့မဟုတ်) အဆုတ် ပြင်ပသို့ ပျံ့နှံ့ခြင်းမရှိသေး။
Stage I – ကင်ဆာကျိတ်သည် အဆုတ်အတွင်း၌သာ ရှိသည်။ ကင်ဆာဆဲလ်များသည် အဆုတ် ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေး။
Stage II – ကင်ဆာကျိတ်သည် Stage I ထက် အရွယ်အစားပိုကြီးပြီး အဆုတ်အတွင်း အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိသည်။ အဆုတ်ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးပါ။
Stage III – ကင်ဆာကျိတ်သည် Stage II ထက် အရွယ်အစားပိုကြီးပြီး အဆုတ်ပြင်ပအနီးအနားရှိ ပြန်ရည်ကျိတ်နှင့် အခြားနေရာများသို့ ပျံ့နှံ့ရောက်ရှိပြီဖြစ်သည်။
Stage IV – ကင်ဆာဆဲလ်များသည် အခြားတစ်ဖက်ရှိ အဆုတ်နှင့် အခြားကိုယ်တွင်းအင်္ဂါများအထိပါ ပျံ့နှံ့ပြီဖြစ်သည်။
ကုသခြင်း
ကင်ဆာအမျိုးအစား၊ ပျံ့ပွားမှုနှင့် အခြားအကြောင်းအရာများပေါ် မူတည်၍ လူတစ်ဦးနှင့် တစ်ဦး ကုသမှုနည်းလမ်းများ ကွဲပြားနိုင်သည်။
ခွဲစိတ်ကုသခြင်း (Surgery)
ကင်ဆာအကျိတ်ရှိသောနေရာနှင့် အနီးအနားကို ခွဲစိတ်ဖယ်ရှားနိုင်သည်။ လိုအပ်ပါက အဆုတ်၏အစိတ်အပိုင်းအချို့ (သို့မဟုတ်) အဆုတ်တစ်ခုလုံးကို ဖယ်ရှားနိုင်သည်
ဓာတ်ရောင်ခြည်ပြကုသခြင်း (Radiation therapy)
ကင်ဆာအကျိတ်များ သေးငယ်သွားစေရန်နှင့် ရောဂါလက္ခဏာများ သက်သာစေရန် ဓာတ်ရောင်ခြည်ဖြင့် ကုသနိုင်သည်
ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များ ပျံ့ပွားခြင်းကို ဟန့်တားပေးသောဆေးများသွင်းခြင်း ဖြစ်သည်
ကင်ဆာဆဲလ်ပစ်မှတ်ထားကုသခြင်း (Targeted drug therapy)
မျိုးရိုးဗီဇပြောင်းလဲမှုကို ဦးတည်၍ ကင်ဆာဆဲလ်များကို ပစ်မှတ်ထားကုသခြင်း ဖြစ်သည်
ကိုယ်ခံအားမြှင့်ကုသခြင်း (Immunotherapy)
ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကူညီအားပေးသောဆေးများကို ပေးခြင်း ဖြစ်သည်
နာကျင်မှုဝေဒနာကုသခြင်း (Palliative care)
အဆုတ်ကင်ဆာကြောင့် နာကျင်မှု၊ အသက်ရှူခက်ခဲမှုများအပါအဝင် ခံစားရသော ရောဂါလက္ခဏာများ သက်သာအောင် ပြုလုပ်ပေးသော ကုသမှုဖြစ်သည်
ကာကွယ်ခြင်း
- ဆေးလိပ်သောက်ခြင်းမှ ရပ်ပါ
- တဆင့်ခံဆေးလိပ်ငွေ့နှင့် အခြားအန္တရာယ်ရှိသော ဓာတ်ငွေ့များကို ရှောင်ပါ
- ကျန်းမာရေးနှင့် ညီညွတ်သောအစာကို စားပါ
- အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေများပါက ပုံမှန်ဆေးစစ်ပါ (ဥပမာ_ဆေးလိပ်သောက်သုံးမှု ပမာဏများခြင်းနှင့် အချိန်ကြာမြင့်ခြင်း၊ ဓာတုပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင်ရသောစက်ရုံများရှိ အလုပ်သမားများ)
References:
- Lung cancer – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 2, 2024, from https://www.mayoclinic.org/diseases-conditions/lung-cancer/symptoms-causes/syc-20374620
- Lung Cancer. (2024). Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/diseases/4375-lung-cancer
- World Health Organization: WHO & World Health Organization: WHO. (2023). Lung cancer. Retrieved July 2, 2024, from https://www.who.int/news-room/fact-sheets/detail/lung-cancer?gad_source=1&gclid=Cj0KCQjwmMayBhDuARIsAM9HM8eymEemeIyqj_yk79YLjkMsySu7WOufGEnzPp6XnB8Dw2j_dLXbHqsaAlUUEALw_wcB
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.