Hypertension (သွေးတိုးရောဂါ)

Hypertension (သွေးတိုးရောဂါ)

သွေးတိုးရောဂါသည် ခန္ဓာကိုယ်ရှိ သွေး‌ကြောများနှင့် ထိုမှတစ်ဆင့် နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် စသည်တို့ကို ထိခိုက်စေနိုင်သည့် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။ သွေးလွှတ်ကြောနံရံကို တွန်းကန်နေသော သွေးဖိအားသည် အလွန်မြင့်မားလာသောအခါ သွေးပေါင်ချိန်ဖိအားတက်ခြင်း (သွေးတိုးခြင်း) ဖြစ်လာသည်။ ထိုမြင့်မားနေသော သွေးပေါင်ချိန်ကို ကျော်ဖြတ်၍ နှလုံးသည် သွေးညှစ်ထုတ်ရန် အလုပ်ပိုလုပ်နေရသဖြင့် အချိန်ကြာလာသောအခါ နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်း အစရှိသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာသည်။

သွေးပေါင်ချိန် တိုင်းတာရာတွင် အပေါ်သွေး (systolic blood pressure – SBP)နှင့် အောက်သွေး (diastolic blood pressure – DBP)နှစ်မျိုးကို တိုင်းတာပြီး မီလီမီတာ မာကျူရီ ယူနစ် (mmHg)ဖြင့် ဖော်ပြသည်။ နှလုံးညှစ်သည့်အချိန် သွေးလွှတ်ကြောနံရံအတွင်းရှိဖိအားကို အပေါ်သွေးဟုခေါ်၍ နှလုံးညှစ်နေရာမှ ပြန်လည်ဖြေလျှော့သည့်အချိန် သွေးလွှတ်ကြောနံရံအတွင်းရှိ ဖိအားကို အောက်သွေးဟုခေါ်သည်။

အောက်ပါအခြေအနေတစ်ခုရှိလျှင် သွေးတိုးရောဂါဟု သတ်မှတ်နိုင်သည်။

  1. ဆေးရုံ၊ ဆေးခန်းတွင် ခေတ္တနားနေပြီး တိုင်းသော သွေးပေါင်ချိန် (office BP)သည် (၁၄၀/၉၀) mmHgနှင့် အထက်ကို အချိန်တစ်လအတွင်း နှစ်ကြိမ်နှင့် အထက်ဖြစ်လျှင်
  2. တစ်ကြိမ်တည်းဖြစ်သော်လည်း သွေးပေါင်ချိန် (၁၉၀/၁၁၀)mmHgနှင့် အထက်တက်လျှင်
  3. သွေးပေါင်တက်နေပြီး သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါ ထိခိုက်မှု (hypertension mediated organ damage – HMOD)ရှိလျှင် သွေးတိုးရောဂါဟု သတ်မှတ်နိုင်သည်။

အသက် (၁၆)နှစ်နှင့် အထက်တွင် သွေးတိုးရောဂါကို အောက်ပါအတိုင်းအမျိုးအစားခွဲခြားထားသည်။

အမျိုးအစားအပေါ်သွေး (mmHg)အောက်သွေး (mmHg)
အသင့်တော်ဆုံး (optimal)<၁၂၀နှင့်<၈၀
ပုံမှန်၁၂၀-၁၂၉နှင့်၈၀-၈၄
ပုံမှန်ထက်အနည်းငယ်မြင့်သော၁၃၀-၁၃၉နှင့် /သို့မဟုတ်၈၅-၈၉
သွေးတိုးရောဂါ အဆင့် (၁)
Grade 1 hypertension
၁၄၀-၁၅၉နှင့်/ သို့မဟုတ်၉၀-၉၉
သွေးတိုးရောဂါ အဆင့် (၂)
Grade 2 hypertension
၁၆၀-၁၇၉နှင့်/ သို့မဟုတ်၁၀၀-၁၀၉
သွေးတိုးရောဂါ အဆင့် (၃)
Grade 3 hypertension
≥၁၈၀နှင့်/ သို့မဟုတ်≥၁၁၀
အပေါ်သွေးသီးသန့်တိုးသော သွေးတိုးရောဂါ
Isolated systolic hypertension
≥၁၄၉နှင့်<၉၀
အောက်သွေးသီးသန့်တိုးသော သွေးတိုးရောဂါ
Isolated diastolic hypertension
<၁၄၀နှင့်≥၉၀
ဖြစ်ပေါ်ရ‌သောအကြောင်းရင်း

သွေးတိုးရောဂါ အမျိုးအစား နှစ်မျိုးရှိသည်။

  1. အကြောင်းရင်းခံမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာသော သွေးတိုးရောဂါ (Primary or Essential Hypertension)
    (၉၅)ရာခိုင်နှုန်းခန့်သော သွေးတိုးရောဂါဖြစ်သူများတွင် ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို တိတိကျကျ မသိပါ။ သို့သော် အောက်ဖော်ပြပါအချက်များသည် သွေးတိုး‌ရောဂါဖြစ်လာစေရန် အားပေးသောအချက်များဖြစ်သည်။
    • အသက်အရွယ် ကြီးလာခြင်း (အသက် ၅၅နှစ်နှင့်အထက်)
    • မိသားစုမျိုးရိုးတွင် သွေးတိုးရောဂါရှိခြင်း
    • ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်း
    • အ၀လွန်ခြင်း
    • ဆေးလိပ်သောက်ခြင်း
    • အရက်အလွန်အကျွံသောက်ခြင်း
    • အငန်များများ စားခြင်း
    • စိတ်ဖိစီးမှုများခြင်း
  2. အခြေခံ အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော သွေးတိုးရောဂါ (Secondary Hypertension)
    (၅) ရာခိုင်နှန်းခန့်သော သွေးတိုးရောဂါများသည် အောက်ဖော်ပြပါ အခြေခံ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
    • ကျောက်ကပ်ရောဂါအခံရှိခြင်း [ဥပမာ – ကျောက်ကပ်သွေးလွှတ်ကြောကျဉ်းခြင်း (Renal artery stenosis)၊ ကျောက်ကပ်ရောင်ခြင်း (glomerulonephritis)၊ ကျောက်ကပ်ရေအိတ်တည်‌ ရောဂါ (polycystic kidney disease)]
    • မွေးရာပါ နှလုံးသွေးကြောမကြီးကျဉ်းခြင်း (Coarctation of Aorta)
    • ဟော်မုန်းနှင့် ပတ်သက်သောရောဂါများ (ဥပမာ – သိုင်းရွိုက် ဟော်မုန်းများခြင်း၊ နည်းခြင်း)
    • အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Obstructive sleep apnea)
    • ကိုယ်ဝန်ဆောင်ခြင်း
    • တချို့သောဆေးဝါးများ (အကိုက်အခဲပျောက်ဆေး၊ ကိုယ်ဝန်တားဆေး၊ စတီးရွိုက်ဆေး)
    • မူးယစ်ဆေး၀ါးများ (ကိုကိန်း)တို့ကြောင့် ဖြစ်သည်။
‌ရောဂါလက္ခဏာများ

လူအများစုတွင် မည်သည့်ရောဂါလက္ခဏာမှ မခံစားရဘဲ သွေးတိုးရောဂါရှိနေတတ်သည်။ သွေးပေါင်ချိန်တိုင်းသည့်အခါမှသာ သွေးတိုးရောဂါရှိ‌နေသည်ကို သတိထားမိကြသည်။ လူအနည်းစုတွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဇက်ကြောတက်ခြင်း၊ အမြင်ဝေဝါးလာခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရတတ်သည်။ အချို့သူများတွင် သွေးတိုးရောဂါ နောက်ဆက်တွဲပြဿနာများ၏ လက္ခဏာများဖြစ်သည့် ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးအမောဖောက်ခြင်း၊ မျက်နှာရောင်အမ်းလာခြင်း၊ မျက်စိအမြင် ချို့ယွင်းလာခြင်း စသည်တို့ကို ခံစားရသည့်အချိန်မှသာ သွေးတိုးရောဂါရှိမှန်း သိကြသည်။ သွေးတိုးရောဂါမှာ မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ နောက်ဆက်တွဲပြသနာများဖြစ်ပေါ်ကာ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သောကြောင့် အသံတိတ်လူသတ်သမား (silent killer)ဟုပင် တင်စားခေါ်‌‌‌ဝေါ် ကြသည်။

နောက်ဆက်တွဲပြဿနာများ

သွေးတိုးရောဂါကြောင့် သွေးလွှတ်ကြောနံရံအတွင်း ဖိအားဆက်တိုက်များလာပါက သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးလာသည်။ သွေးပေါင်ချိန်မြင့်လာသည်နှင့်အမျှ မကုသဘဲ အချိန်ကြာပါက ထိခိုက်ပျက်စီးမှုပိုများမည် ဖြစ်သည်။ သွေးတိုးရောဂါကို မထိန်းသိမ်းနိုင်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုများ (hypertension mediated target organ damage – HMOD) ဖြစ်ပေါ်လာသည်။

  • နှလုံးကြီးခြင်း (Cardiomegaly)၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း (Ischaemic heart disease)၊ နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
  • သွေးကြောဖောင်းခြင်း (Aneurysm)
  • ဦးနှောက်သွေးကြောပိတ်၍ သို့မဟုတ် သွေးကြောပေါက်၍ လေဖြတ်ခြင်း (stroke)
  • နာတာရှည် ကျောက်ကပ်ပျက်ဆီးခြင်း (chronic kidney disease)
  • မျက်လုံးသွေးကြောပေါက်ခြင်း၊ အမြင်အာရုံပျက်စီးခြင်း
  • ဆီးချိုသွေးချို ရောဂါဖြစ်ခြင်း
  • မှတ်ဉာဏ်ချို့ယွင်းခြင်း
  • သတိမေ့ခြင်း (Dementia) စသည်တို့ကို ခံစားရနိုင်ပြီး အသက်အန္တရာယ် ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ သွေးတိုးရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ သွေးပေါင်ချိန်တိုင်းခြင်း၊ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်းဖြင့် သွေးတိုးရောဂါကို ရှာဖွေနိုင်သည်။ သွေးတိုးရောဂါမသေချာပါက သွေးပေါင်တိုင်းသည့်စက်ကို ခန္ဓာကိုယ်တွင်တပ်ပြီး (၂၄) နာရီပတ်လုံး သွေးပေါင်ချိန် အဆက်မပြတ်တိုင်းတာခြင်း (Ambulatory Blood Pressure Monitoring)ဖြင့်လည်းကောင်း၊ နေအိမ်တွင် သွေးပေါင်ချိန်တိုင်းတာခြင်း (Home Blood Pressure Monitoring)ဖြင့်လည်းကောင်း ရှာဖွေနိုင်သည်။ သွေးတိုးရောဂါရှိသူများတွင် အခြေခံအားဖြင့် လိုအပ်သည့် သွေးစစ်ဆေးမှု (ကျောက်ကပ်ဓာတ်၊ သကြားဓာတ်၊ အဆီဓာတ်၊ သိုင်းရွိုက်ဟော်မုန်း)နှင့် ဆီးစစ်ဆေးမှုများ၊ နှလုံးအီစီဂျီ (ECG)ဆွဲခြင်းများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် သွေးတိုးရောဂါဖြစ်စေနိုင်သော အခြေခံအကြောင်းအရင်းများကို ရှာဖွေရန်နှင့် သွေးတိုး၏ နောက်ဆက်တွဲပြဿနာများ ရှိမရှိ သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်(Echocardiogram)ဖြင့် စစ်ဆေးခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းနှင့် သွေးများထပ်မံစစ်ဆေးခြင်းတို့ကို လိုအပ်လျှင် ဆက်လက်ပြုလုပ်ရသည်။

ကုသခြင်း

သွေးတိုးရောဂါကို ကုသရာတွင် အရေးကြီးဆုံးမှာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံသို့ ပြောင်းလဲခြင်း ဖြစ်သည်။။ သွေးပေါင်ကျဆေးများပေးခြင်း၊ သွေးတိုးဖြစ်စေသောအကြောင်းရင်းများကို ရှာဖွေကုသခြင်းနှင့် နောက်ဆက်တွဲ ကိုယ်တွင်းအဂႅါထိခိုက်မှု ရှိမရှိကို ရှာဖွေကုသခြင်းတို့လည်း ပါ၀င်သည်။

အသက်ငယ်ရွယ်သူများတွင်ဖြစ်သော သွေးတိုးရောဂါနှင့် ကုသရခက်ခဲသော သွေးတိုးရောဂါများတွင် သွေးတိုးရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများကို အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ‌ရောဂါရှာဖွေ ကုသနိုင်သည်။

  1. နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲ၍ ကုသခြင်း (lifestyles changes)
    သွေးတိုးရောဂါ ရှိသူ မည်သူမဆို အောက်ဖော်ပြပါ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးရမည်။
    • ကျန်းမာရေးနှင့် ညီညွတ်မျှတ‌သော အစားအစာများ စားသုံးခြင်း (အငန်များသည့်၊ အဆီများသည့် အစားအသောက်များ လျော့စားခြင်း)
    • ကိုယ်အလေးချိန်ထိန်းခြင်း
    • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
    • အရက် လျှော့သောက်ခြင်း
    • ဆေးလိပ်ဖြတ်ခြင်း
    • နေ့စဉ် (၇)နာရီမှ (၉)နာရီခန့် အိပ်စက်ချိန်ပုံမှန်ထားရှိခြင်းတို့သည် သွေးပေါင်ချိန် ထိန်းသိမ်းရာတွင် အလွန်အရေးကြီးသည်။ သွေးတိုးရောဂါ အဆင့် (၁) သမားများတွင် အထက်ပါနည်းလမ်းများကို စနစ်တကျလိုက်နာပါက သွေးပေါင်ကျဆေးသောက်စရာမလိုဘဲ သွေးပေါင်ချိန် ထိန်းသိမ်းနိုင်သည်။ သွေးပေါင်ကျဆေး သောက်နေရသူများသည်လည်း ကျန်းမာသောနေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ပါက သွေးတိုးရောဂါကို ပိုမိုသက်သာစေသည်။
  2. သွေးပေါင်ကျဆေးများပေးခြင်း
    သွေးပေါင်ကျဆေးများပေးရာတွင် သွေးပေါင်ချိန်ပမာဏ၊ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးမှု ရှိမရှိနှင့် ရောဂါအခံများပေါ်တွင် မူတည်၍ ပေးရသည်။ သွေးပေါင်ကျဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ပုံမှန် သောက်ရန် နှင့် သွေးပေါင်ချိန်ကို အိမ်တွင် ပုံမှန်တိုင်းတာခြင်း (Home Blood Pressure Monitoring – HBPM)များ ပြုလုပ်ရန် လိုအပ်သည်။
    အသုံးများသည့် သွေးပေါင်ကျဆေးများမှာ-
    • Angiotensin-converting enzyme (ACE) inhibitors (Enalapril, Captopril, Lisinopril, Perindopril)
    • Angiotensin II receptor blockers (ARBs) (Losartan, Valsartan, Telmisartan, Candesartan)
    • Calcium channel blockers (CCB) (Amlodipine, Cilnidipine, Nifedipine, Diltiazem )
    • ဆီးဆေး (Diuretics) (loop diuretics -Furosemide), Thiazide, (Thiazide like diuretics- Chlorthalidone, Indapamide, Metolazone), Aldactone,
    • Beta blockers ( Atenolol, Metoprolol, Carvedivilol, bisoprolol)

သွေးပေါင်ကျဆေးများသောက်ပြီး ထိန်းထားသင့်သည့် သွေးပေါင်ချိန်ပမာဏမှာ အသက်အလိုက် ကွာခြားမှုရှိသည်။

  • အသက် (၁၈)နှစ် မှ (၆၄)နှစ်အတွင်းဖြစ်လျှင် သွေးပေါင်ချိန် ၁၃၀/၈၀ mmHg အောက်သို့ ချပေးရန် လိုအပ်သည်။
  • အသက် (၆၅)နှစ် မှ (၇၉)နှစ်အတွင်းဖြစ်လျှင် သွေးပေါင်ချိန် ၁၄၀/၈၀ mmHg အောက်သို့‌ ချပေးရန် လိုအပ်သည်။ လူနာအခြေအနေပေါ် မူတည်၍ ၁၃၀/၈၀ mmHg အောက်သို့ ချပေးနိုင်သည်။
  • အသက် (၈၀)နှစ်နှင့် အထက်ဖြစ်ပါက ၁၄၀-၁၅၀/၈၀ mmHgသို့ ချပေးရန် လိုအပ်သည်။

သွေးပေါင်ကျဆေးပေးပြီး တစ်လအကြာတွင် ထိန်းထားသင့်သည့် သွေးပေါင်ချိန်ပမာဏသို့ မရောက်ရှိပါက ဆေးပမာဏတိုးခြင်း သို့မဟုတ် ဆေးအမျိုးအစားတိုးခြင်းတို့ကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း လိုက်နာရန် လိုအပ်သည်။ ဆေးပမာဏနှင့် ဆေးအမျိုးအစား အတိုးအလျှော့လုပ်ပြီးတိုင်း လိုချင်သော သွေးပေါင်ချိန်ပမာဏသို့ ရောက် မ‌ရောက်ကို အချိန်တစ်လခန့် စောင့်ကြည့်ရန် လိုအပ်သည်။ ထိန်းထားသင့်သည့် ပုံမှန်သွေးပေါင်ချိန်ပမာဏသို့ ရောက်ရှိပြီးလျှင်လည်း အနည်းဆုံး သုံးလ မှ ခြောက်လ တစ်ခါ ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်။

သွေးတိုးရောဂါ အရေးပေါ်အခြေအနေ သတ်မှတ်ခြင်း

သွေးပေါင်ချိန် ၁၈၀/၁၁၀mmHgနှင့် အထက် (သွေးတိုးရောဂါ အဆင့် ၃)ဖြစ်ပြီး အထက်တွင် ဖော်ပြထားသော နောက်ဆက်တွဲ လတ်တလော ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုတစ်ခုခုရှိလျှင် သွေးတိုးရောဂါ အရေးပေါ်အခြေအနေ (hypertensive emergency)အဖြစ်သတ်မှတ်၍ အရေးပေါ် ဆေးရုံတက်ကုသမှု ခံယူရန် လိုအပ်သည်။ (၂၄) နာရီ မှ (၄၈) နာရီအတွင်း ပုံမှန်သွေးပေါင်ချိန်ပြန်ဖြစ်အောင် လိုအပ်လျှင် သွေးပေါင်ကျဆေး ထိုးဆေးများပါ အသုံးပြုရသည်။ သွေးပေါင်ချိန် ၁၈၀/၁၁၀ mmHgအထက် ဖြစ်သော်လည်း ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှု မရှိပါက အလွန်အမင်းမြင့်တက်သော သွေးပေါင်ချိန် (markedly elevated BP)ဟုသာ သတ်မှတ်ပြီး ဆရာ၀န်များမှ သွေးပေါင်ကျဆေး သောက်ဆေးများကို ပြန်လည်ချိန်ညှိပေးပြီး ရက်ချိန်းပြန်လည်ပြသရန် လိုအပ်သည်။ သွေးတိုးကြောင့် ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုလက္ခဏာများ (ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ခါးနာခြင်း၊ ခြေလက်ထုံကျဥ် အားနည်းခြင်း၊ စကားပြောရန်ခက်ခဲခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း)ကို လေ့လာထားရန်နှင့် ရှိလာပါက ဆေးရုံသို့ ချက်ချင်းပြသရမည်။

ကုသရခက်ခဲသော သွေးတိုးရောဂါ (Resistant Hypertension)

ကုသရခက်ခဲသော သွေးတိုးရောဂါဆိုသည်မှာ သွေးတိုးရောဂါကုသရန် ကျန်းမာသော နေထိုင် စားသောက်မှုအပါအ၀င် သွေးပေါင်ကျဆေး အနည်းဆုံး (၃)မျိုးနှင့်အထက် (ဆီးဆေးတစ်မျိုး ပါ၀င်ပြီး) သောက်သော်လည်း သွေးပေါင်ချိန်မထိန်းသိမ်းနိုင်ခြင်း သို့မဟုတ် သွေးပေါင်ကျဆေး (၄)မျိုးနှင့် အထက်အသုံးပြုမှ သွေးပေါင်ချိန်ထိန်းနိုင်ခြင်းကိုခေါ်သည်။

ကုသရခက်သော သွေးတိုးရောဂါဖြစ်ပါက အောက်ဖော်ပြပါအချက်များကို ဆက်လက် လုပ်ဆောင်ရမည်။

  • အခြေခံ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်သော သွေးတိုးရောဂါ (secondary hypertension) ဖြစ်နိုင်သောကြောင့် အကြောင်းရင်းကို ရှာဖွေ၍ ကုသရန်လိုသည်
  • ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံကို စနစ်တကျလိုက်နာရန်နှင့် ဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း စနစ်တကျ ပုံမှန်သောက်ရန် လိုအပ်သည်
  • သွေးတိုးစေနိုင်သော အခြားသောက်ဆေးများသောက်နေခြင်း ရှိမရှိ ဆရာဝန်နှင့် စိစစ်တိုင်ပင်ပြီး ရှိနေပါက ရပ်ထားရမည်
  • အထူးကုဆရာ၀န်များနှင့် တိုင်ပင်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး၊ လိုအပ်သည့် ဆေးပမာဏနှင့် ဆေးအမျိုးအစားတိုး၍ ကုသရန် အ‌ရေးကြီးသည်
ကာကွယ်ခြင်း

သွေးတိုးရောဂါကို (လုံးဝ) မဖြစ်အောင် ကာကွယ်၍မရသော်လည်း မိမိ၏ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲ၍ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး၊ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးခြင်းတို့ကို ကာကွယ်နိုင်သည်။ ထို့အပြင် ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သွေးပေါင်ကျဆေးများကို ပုံမှန်သောက်သုံးခြင်း၊ အိမ်တွင် သွေးပေါင်ချိန် ပုံမှန်တိုင်းခြင်း၊ ရက်ချိန်းပုံမှန်ပြသခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်သည်။

သွေးတိုးရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်သောကြောင့် အသက် (၁၈)နှစ်နှင့် အထက်ရှိသူများသည် (၂)နှစ် တစ်ကြိမ် ပုံမှန် သွေးပေါင်ချိန် တိုင်းတာသင့်သည်။ အသက် (၄၀)နှင့် အထက်ရှိသူများသည် တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန် သွေးပေါင်ချိန်တိုင်းတာသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သွေးတိုးရောဂါရှိပါက စောစီးစွာသိရှိနိုင်ပြီး ကုသမှု ခံယူနိုင်မည်ဖြစ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.