ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ ပတ်ဝန်းကျင်ရှိ ဓာတ်မတည့်စေသောအရာများနှင့် ထိတွေ့မိသည့်အခါ အဆုတ်လေပြွန်များ ရောင်ရမ်းခြင်း၊ လေပြွန်အတွင်း ချွဲများထွက်လာခြင်းတို့ကြောင့် လေပြွန်ကျဉ်းသွားပြီး အသက်ရှူရခက်စေသော နာတာရှည်အဆုတ်ရောဂါတစ်မျိုးဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်ခြင်း၊ မောခြင်းများကိုဖြစ်စေသည်။ အချို့သောလှုံ့ဆော်မှုများကြောင့် ရုတ်တရက်ရင်ကျပ်ခြင်း(asthma attack)ကို ဖြစ်စေကာ ခံစားနေရသောလက္ခဏာများ ပိုဆိုးလာနိုင်သည်။ ထိုအခြေအနေသည် အသက်အန္တရာယ်ရှိသော အခြေအနေတစ်ခုဖြစ်သည်။
ပန်းနာရင်ကျပ်သည် အသက်အရွယ်မရွေး စဖြစ်နိုင်သော်လည်း ကိုယ်ခံအားစနစ် ဖွံ့ဖြိုးဆဲကာလဖြစ်သည့် ကလေးဘဝတွင် အများဆုံးစဖြစ်နိုင်သည်။ ပန်းနာရင်ကျပ်ရောဂါရှိသော ကလေးအများစုသည် အသက် (၅)နှစ်မတိုင်ခင်တွင် ရောဂါလက္ခဏာကို စတင်ခံစားရနိုင်သည်။ ပန်းနာရင်ကျပ်ရောဂါကို ကောင်းစွာမထိန်းချုပ်ပါက နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးပန်းနာရင်ကျပ် ဖြစ်စေနိုင်သော အကြောင်းအရာများကို အတိအကျမသိနိုင်သော်လည်း အောက်ပါအခြေအနေများကြောင့် ဖြစ်စေသည်ဟု ယူဆရသည်။
- မျိုးရိုးလိုက်ခြင်း
- အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (ဥပမာ-တုပ်ကွေးမိခြင်း၊ အဆုတ်ရောင်ခြင်း)
- ဓာတ်မတည့်မှုကို ဖြစ်စေသော အရာများဖြင့် ထိတွေ့ခြင်း (Allergens) (ဥပမာ- ကျပ်ခိုး၊ ပန်းဝတ်မှုန်၊ အမွှေးနံ့များ၊ မီးခိုးငွေ့များ)အစရှိသည်တို့ကြောင့် ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- ဓာတ်မတည့်သည့် ရောဂါရှိသူများ၊ နှင်းခူ ရောဂါရှိသူများ
- မိသားစုထဲတွင် ပန်းနာရင်ကျပ်ရောဂါရှိသူများ
- အသက်ရှူလမ်းကြောင်း ပိုးဝင်သည့်ရောဂါ မကြာခဏဖြစ်သူများ
- မွေးကင်းစတွင် ပေါင်မပြည့်သည့် ကလေးများ
- ဆေးလိပ်ငွေ့ဖြင့် ထိတွေ့မှုရှိနေသည့် ကလေးများ
- လေထုညစ်ညမ်းမှုများသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသူများ
- ယောက်ျားလေးများ
ရောဂါလက္ခဏာများ
ပန်းနာရင်ကျပ်ရှိသည့် ကလေးများသည် ခံစားရသည့်လက္ခဏာများ မတူညီနိုင်ပါ။ ကလေးတစ်ယောက်တည်းတွင်လည်း တစ်ခါနှင့်တစ်ခါ ဖြစ်သည့်လက္ခဏာများ မတူညီနိုင်ပါ။ အဓိကလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ မောခြင်းနှင့် အသက်ရှူလျှင် တရွှီရွှီမြည်ခြင်းတို့ဖြစ်သည်။
- ချောင်းအဆက်မပြတ်ဆိုးခြင်း – ပြေးလွှားကစားနေစဥ် ရင်ကျပ်ချောင်းဆိုး ရုတ်တရက် ဖြစ်လာတတ်သည်။ ညပိုင်း အေးသည့်အချိန်များ၊ မနက်စောစောအချိန်များတွင်လည်း ဖြစ်နိုင်သည်။
- ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်းကြောင့် ကောင်းစွာမအိပ်နိုင်ခြင်း
- တုပ်ကွေးရောဂါဖြစ်ပြီးနောက် ချောင်းပိုဆိုးလာခြင်း
- လှုပ်ရှားမှုများကို ကောင်းမွန်စွာ မလုပ်နိုင်ခြင်း
- အသက်ရှူမြန်ခြင်း၊ အားစိုက်၍ အသက်ရှူရခြင်း၊ အသက်ရှူကျပ်ခြင်း
- အစားမစားနိုင်ခြင်းနှင့် ကြီးထွားမှုနှောင့်နှေးလာခြင်း အစရှိသည့် လက္ခဏာများကို ဖြစ်ပေါ်စေသည်။
အရေးပေါ်လက္ခဏာများ
- ဝမ်းဗိုက်ကြွက်သားကို အသုံးပြု၍ အသက်ရှူရခြင်း
- နံရိုးကြား ချိုင့်ဝင်အောင် အသက်ရှူရခြင်း
- နှုတ်ခမ်းများ၊ လက်သည်းများ ပြာလာခြင်း
- နှလုံးခုန်နှုန်း မြန်လာခြင်း၊ အသက်ရှူနှုန်း မြန်လာခြင်း
- စကားကို အရှည်မပြောနိုင်တော့ခြင်း၊ စကားလုံးဝ မပြောနိုင်တော့ခြင်း
- ရေ (သို့မဟုတ်) အရည်များ မသောက်နိုင်တော့ခြင်း
- ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပြီး ဤလက္ခဏာများရှိလျှင် ချက်ခြင်းပြသရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
- ရုတ်တရက် ဆိုးဆိုးဝါးဝါး ထကျပ်ခြင်း
- ကျောင်းမကြာခဏ ပျက်ခြင်း
- ဆေးရုံ မကြာခဏတက်ရခြင်း၊ အရေးပေါ်ဌာနများသို့ မကြာခဏပြသရခြင်း
- ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
- အဆုတ်ထိခိုက်မှု ဖြစ်စေခြင်းတို့ကို ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ထို့အပြင် အရေးပေါ်လက္ခဏာများရှိပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ပန်းနာရင်ကျပ်ရောဂါသည် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်ဖြစ်သည့် အခြားသောအဆုတ်ရောဂါများနှင့် ဆင်တူသောလက္ခဏာများရှိသောကြောင့် အစောပိုင်းတွင် ရောဂါနာမည်တပ်ရန် မလွယ်ကူပါ။ ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်နိုင်ရန်အတွက် ကလေး၏ ရောဂါရာဇဝင်၊ ရောဂါလက္ခဏာများနှင့် စမ်းသပ်မှုများသည် အရေးကြီးသည်။
ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းစသည့် စစ်ဆေးခြင်းများအား ပုံမှန်အားဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။ သို့သော် ရောဂါ၏ ပြင်းထန်မှု၊ အခြေအနေကို သိရှိနိုင်ရန်၊ ဓာတ်မတည့်သည့် အရာများကို သိရှိနိုင်ရန်၊ အခြားအဆုတ်ရောဂါများ ရှိမရှိ ကြည့်ရန်အတွက် အဆုတ်လုပ်ဆောင်နိုင်စွမ်း တိုင်းတာသည့် စစ်ဆေးမှုများ၊ ဓာတ်မှန်ရိုက်ခြင်းများ၊ ဓာတ်မတည့်ပစ္စည်းစစ်ဆေးမှုများကို လိုအပ်လျှင် ပြုလုပ်နိုင်သည်။
ကုသခြင်း
ပန်းနာရင်ကျပ်ကို ကုသရာတွင် မိဘများနှင့် ကလေးများအတွက် ပန်းနာရင်ကျပ်ရောဂါ လုပ်ဆောင်ချက် အစီအစဉ် (asthma action plan)ကို ချမှတ်ပေးထားရမည်ဖြစ်သည်။ ထိုအစီအစဥ်တွင်
- ဆေးများအား မည်သည့်အချိန်တွင် မည်သို့သုံးရမည်ကို သိစေရန်
- ရောဂါလက္ခဏာဆိုးလာချိန်တွင် မည်သို့လုပ်သင့်သည်ကို သိစေရန်
- မည်သည့်အချိန်တွင် အရေးပေါ်ကုသမှုခံယူရမည်ကို သိစေရန် ထည့်သွင်းရေးသားထားရမည်ဖြစ်သည်။
ထိုကုသမှုအစီအစဥ်ကို ကျောင်းနေအရွယ်ကလေးဖြစ်ပါက ကျောင်းမှဝန်ထမ်းများနှင့် ကလေးကို ပြုစုစောင့်ရှောက်မည့် အခြားသူများပါ သိရှိအောင် ပြုလုပ်ပေးထားရမည်။ ထိုအစီအစဥ်ကို လိုက်နာရမည့်အပြင် ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်သည့်အရာများကို မထိတွေ့အောင် တားဆီးရမည်ဖြစ်သည်။
ကုသသည့်ဆေးများ (Asthma inhalers)
ကလေး၏ရောဂါပြင်းထန်မှုပေါ် မူတည်၍ ဆေးများကို နေ့စဥ် သို့မဟုတ် လိုအပ်သည့်အခါ ရှူရန် သို့မဟုတ် သောက်ရန် လိုအပ်နိုင်သည်။ လက္ခဏာသက်သာစေသည့် ဆေးများနှင့် ကာကွယ်ဆေးများ ဟူ၍ရှိသည်။ ဆေးများတွင် ရှူဆေး(Inhaler)နှင့် သောက်ဆေးဟူ၍ ခွဲခြားထားသည်။ ရှူဆေးအသုံးပြုသည့် ကလေးများတွင် ကလေး၏ အသက်အရွယ်နှင့် လုပ်ဆောင်နိုင်မှုပေါ် မူတည်၍ ကြားခံပစ္စည်း (spacers)များကို အသုံးပြုရန် လိုအပ်သည်။
လက္ခဏာအမြန်သက်သာစေသောဆေးများ (relievers)
ကလေး၏ရောဂါသည် ပြင်းထန်ခြင်းမရှိလျှင်၊ အကြိမ်မများလျှင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်မှသာ ရောဂါလက္ခဏာကို အနည်းငယ်ခံစားရလျှင် လက္ခဏာအမြန်သက်သာစေသော ရှူဆေးများကိုသာ သုံးရန်လိုအပ်သည်။ လက္ခဏာအလျင်အမြန် သက်သာစေသော ဆေးများတွင် လေပြွန်ကျယ်စေသည့် ဆေးများဖြစ်သော short acting beta2 agonists (SABAs)နှင့် short acting anticholinergics ဆေးများ ပါဝင်သည်။
ကာကွယ်ဆေးများ (preventers)
ရောဂါလက္ခဏာများ တဖြည်းဖြည်း လျော့နည်းအောင် ထိန်းသိမ်းရန်နှင့် ရုတ်တရက် ပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် နေ့စဥ်အသုံးပြုရန် လိုအပ်သည့်ဆေးဝါးများလည်း ရှိသည်။ ထိုဆေးများတွင် လေပြွန်ရောင်ရမ်းမှုကို လျှော့ချနိုင်သည့်ဆေးများ၊ လေပြွန်ကျဥ်းသွားခြင်းကို ကာကွယ်နိုင်သည့် ဆေးများပါဝင်သည်။
ပန်းနာရင်ကျပ်အတွက် သုံးသောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ
အများစုတွင် ဆိုးကျိုးများတွေ့လေ့မရှိပါ။
- အနီပြင်များထွက်ခြင်း
- ပါးစပ်တွင်း မှက္ခရုထွက်ခြင်း
- နှလုံးခုန်နှုန်း မြန်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းကိုက်ခြင်းတို့ တစ်ခါတစ်ရံ ရှိနိုင်သည်။ ပြင်းထန်သောလက္ခဏာများပေါ်လာလျှင် သက်ဆိုင်ရာဆရာဝန်ဖြင့် ပြန်ပြရန် လိုအပ်သည်။
ကာကွယ်ခြင်း
ပန်းနာရင်ကျပ်ရောဂါကို အပြည့်အဝမကာကွယ်နိုင်သော်လည်း ရုတ်တရက် ထကျပ်ခြင်းများနှင့် မကြာခဏ ရင်ကျပ်ခြင်းများကို လျှော့ချနိုင်သည့် နည်းလမ်းများရှိသည်။ ထိုနည်းလမ်းများမှာ
- ဆေးလိပ်ငွေ့၊ ဖုန်၊ မီးခိုးနှင့်လေထုညစ်ညမ်းသည့် နေရာများကို ရှောင်ကြဥ်ခြင်း
- လေသန့်စင်စက်၊ အစိုထိန်းစက်များ အသုံးပြုခြင်း
- အမွှေးရနံ့များပါသော ဖယောင်းတိုင်များသုံးခြင်း၊ ခြင်ဆေးဖြန်းဆေးများ အသုံးပြုခြင်းကိုရှောင်ကြဥ်ခြင်း
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း
- အစာအိမ် စားချဥ်ပြန်သည့်ရောဂါ ရှိပါက သေချာစွာကုသခြင်း
- မိမိကလေးအတွက် ရင်ပိုကျပ်စေနိုင်သည့် အရာများအားရှောင်ကြဥ်ခြင်း တို့ဖြစ်သည်။
ဆရာဝန်မှ ပေးထားသောရှူဆေး၊ သောက်ဆေးများကို ညွှန်ကြားချက်အတိုင်း ပုံမှန်နှင့် နည်းစနစ်မှန်မှန် သုံးစွဲရန် အရေးကြီးသည်။ ဤသို့ရောဂါလက္ခဏာများကို သေချာစွာ ထိန်းနိုင်မည်ဆိုပါက ကလေးသည် ပုံမှန်အတိုင်း နေထိုင်နိုင်ခြင်း၊ ကျောင်း ပုံမှန်တက်ရောက်နိုင်ခြင်း၊ နေ့စဥ်လုပ်ငန်းများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများသို့ အရေးပေါ်သွားရောက်ရန် မလိုအပ်ခြင်း၊ ဆေး၏ ဘေးထွက်ဆိုးကျိုးများကို မခံစားရခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.