Osteoporosis (အရိုးပွရောဂါ)

Osteoporosis (အရိုးပွရောဂါ)

အရိုးပွရောဂါဆိုသည်မှာ အရိုးသိပ်သည်းဆကျဆင်းပြီး အရိုးများ အားနည်းကြွပ်ဆတ်လာကာ သေးငယ်သောထိခိုက်မှုနှင့်ပင် အလွယ်တကူ အရိုးကျိုးနိုင်သော ရောဂါဖြစ်သည်။ အဓိကအားဖြင့် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ် (သို့မဟုတ်) ကျောရိုးမကြီးတို့တွင် အဖြစ်များသော်လည်း အခြားသော အရိုးများတွင်လည်း ဖြစ်ပေါ် နိုင်သည်။ အချို့သောသူများသည် အရိုးကျိုးသောအချိန်မှသာ အရိုးပွရောဂါရှိမှန်း သိရှိကြသည်။

Osteoporosis image1
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ပုံမှန်အားဖြင့် အရိုးများသည် ပျက်စီးဆုံးရှုံးသွားသော အရိုးဟောင်းများ‌နေရာတွင် အရိုးအသစ် ပြန်လည် တည်ဆောက်ပေးနိုင်သော သက်ရှိတစ်ရှူးများဖြစ်သည်။ ငယ်ရွယ်စဥ်အချိန်တွင် အရိုးအသစ် တည်ဆောက်မှုသည် အရိုးဟောင်း ပျက်စီးဆုံးရှုံးမှုထက် ပိုမိုလျင်မြန်များပြားပြီး အရိုးသိပ်သည်းဆ မြင့်မားသည်။အသက် (၃၀) အရွယ်တွင် အရိုးသိပ်သည်းဆ အမြင့်ဆုံးဖြစ်ပြီး အသက်ကြီးလာသည်နှင့်အမျှ အရိုးဟောင်း ပျက်စီးဆုံးရှုံးမှုမှာ အရိုးသစ် တည်ဆောက်နိုင်မှုထက် ပိုမိုမြန်ဆန်လာသည်။ အရိုးသစ် တည်ဆောက်မှုသည် အရိုးဟောင်း၏ ဆုံးရှုံးပျက်စီးမှုကို မဖြည့်ဆည်းနိုင်သောအခါ အရိုးပွခြင်း ဖြစ်ပေါ်လာသည်။

အရိုးပွရောဂါ ဖြစ်နိုင်ခြေများသူများမှာ

  • အမျိုးသမီးများ (အထူးသဖြင့် သွေးဆုံးပြီးသော အမျိုးသမီးများနှင့် သဘာဝအတိုင်း သွေးဆုံးခြင်း မဟုတ်ဘဲ သားအိမ်ထုတ်ရခြင်းကြောင့် စောစီးစွာ သွေးဆုံးသူများတွင်လည်း ဖြစ်နိုင်သည်)
  • အသက်အရွယ်ကြီးသူများ (အသက် ၅၀နှင့် အထက်)
  • မိသားစုမျိုးရိုးတွင် အရိုးပွရောဂါရှိသူများ
  • ကိုယ်ခန္ဓာ အချိုးအစားသေးသူများ၊ ပိန်လွန်းသောသူများ
  • ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့သူများ
  • ကိုယ်လက်လှုပ်ရှားမှု နည်းသူများ
  • အရက်အလွန်အကျွံ သောက်သူများ
  • ဆေးလိပ်သောက်သူများ
  • ဟော်မုန်းအပြောင်းအလဲရှိသူများ
    • အီစတိုဂျင် (Oestrogen) ဟော်မုန်း ကျဆင်းခြင်း (ဥပမာသွေးဆုံးပြီးသော အမျိုးသမီးများ၊ ရင်သားကင်ဆာ ကုသမှု ခံယူနေသူများ)
    • တက်စတိုစတီရုန်း (Testosterone) ‌ဟော်မုန်းကျဆင်းခြင်း (ဥပမာဆီးကျိတ်ကင်ဆာ ကုသမှု ခံယူနေသူများ)
    • သိုင်းရွိုက်ဟော်မုန်းများခြင်း
  • စတီးရွိုက်နှင့် အခြားသောဆေးများကို သုံးစွဲသူများ (ဥပမာအတက်ကျဆေး၊ ကင်ဆာ‌ရောဂါကု ဆေးများ၊ သွေးမခဲဆေးများ၊ အစာအိမ်အက်ဆစ်ဓာတ်‌ လျှော့ချပေးသည့် ဆေးများ)
  • ရောဂါအခံရှိသူများ
    • ခုခံအားဆိုင်ရာ အာဟာရစုပ်ယူမှု အားနည်းသောရောဂါ (Celiac Disease)
    • ကိုယ်ခံအားချို့ယွင်းမှုကြောင့် အူရောင်ရောဂါ (Inflammatory Bowel Disease)
    • ကျောက်ကပ် (သို့မဟုတ်) အသည်း‌ရောဂါ (Kidney or Liver Disease)
    • သွေးကင်ဆာရောဂါ (Multiple Myeloma)
    • ရူမတွိုက် အဆစ်‌ရောင်‌ရောဂါ (Rheumatoid Arthritis)
    • နာတာရှည် အဆုတ်ပွပန်းနာရောဂါ (COPD)
    • နာတာရှည် ဦးနှောက်အာရုံကြော ကြွက်သားရောဂါတို့တွင် ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ

အတွေ့ရအများဆုံး လက္ခဏာမှာ သာမန်ထိခိုက်ဒဏ်ရာ (သို့မဟုတ်) မပြင်းထန်သော ထိခိုက်ခြင်းမျှနှင့် ရုတ်တရက် အရိုးကျိုးခြင်းဖြစ်သည်။ ထို့အပြင် အရိုးသိပ်သည်းဆ လျော့နည်းလာလျှင် ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများအနေဖြင့် အရပ်ပုလာခြင်း၊ ပုံမှန်အနေအထား ပျက်ယွင်းပြီး ခါးကုန်းလာခြင်းနှင့် ခါးနာခြင်းတို့ကို သတိပြုမိနိုင်သည်။ အရိုးပွခြင်း ပြင်းထန်လျှင် ကြာရှည်စွာထိုင်ခြင်း၊ ကားဆောင့်ခြင်းဖြင့်ပင် ကျောရိုးဆစ်ပြားခြင်း ဖြစ်နိုင်သည်။ အချို့တွင် မည်သည့်‌ရောဂါလက္ခဏာမှ ခံစားရခြင်းမရှိသဖြင့် ရုတ်တရက် အရိုးကျိုးသည့်အချိန်မှသာ အရိုးပွခြင်းကို သိရှိလေ့ရှိသည်။

နောက်ဆက်တွဲပြဿနာများ

ကျောရိုးမကြီး (သို့မဟုတ်) တင်ပါးဆုံရိုးတွင် အရိုးကျိုးလျှင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ တင်ပါးဆုံရိုးကျိုးခြင်းကြောင့် မလှုပ်ရှားနိုင်ခြင်း၊ ကျောရိုးမကြီးရှိ အရိုးဆစ်များကျိုးလျှင် ခါးနာခြင်း၊ အရပ်ပုခြင်း၊ ခါးကုန်းခြင်းအစရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ဆေးရုံ၊ ဆေးခန်း ပြသခြင်း

အရိုးပွခြင်းသည် သီးခြားရောဂါလက္ခဏာများ ခံစားရခြင်းမရှိသောကြောင့် အရိုးပွခြင်းကို စောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်ရန် အထက်တွင်ဖော်ပြခဲ့သော အရိုးပွခြင်း ဖြစ်နိုင်ခြေများသူများသည် ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး စောစီးစွာကုသမှုခံယူခြင်းဖြင့် အရိုးကျိုးခြင်းကို ကာကွယ်နိုင်သည်။

ရောဂါရှာဖွေခြင်း

အရိုးပွခြင်းကို သိရှိနိုင်ရန် ဓာတ်‌ရောင်ခြည် ပမာဏအနည်းငယ်ကို အသုံးပြု၍ အရိုးသိပ်သည်းဆ (Bone Mineral Density) ကို တိုင်းတာခြင်း (DEXA scan – Dual Energy X-ray Absorptiometry) ဖြင့် သိရှိနိုင်သည်။ ထိုသို့စစ်ဆေးခြင်းကို အောက်ဖော်ပြပါအခြေအနေများတွင် ပြုလုပ်ရန်လိုအပ်သည်။

  • အသက် (၆၅) နှစ်အထက် အမျိုးသမီးများ နှင့် အသက် (၇၀) အထက် အမျိုးသားများ
  • ယခင်က အရိုးကျိုးဖူးသူများနှင့် အရိုးပွရောဂါ ဖြစ်နိုင်ခြေများသူများတွင် DEXA Scan ဖြင့် အရိုးသိပ်သည်းဆကို တိုင်းတာပြီး အရိုးပွခြင်းကို သိရှိနိုင်သည်။
Osteoporosis image2
ကုသခြင်း

အရိုးပွခြင်းကို ကုသရာတွင် အရေးကြီးဆုံးမှာ အရိုးကျိုးခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် အရိုးပျက်စီးဆုံးရှုံးမှုကို နှေးစေပြီး ရှိနေသောအရိုးတစ်ရှူးများကို သန်မာစေရန် အောက်ဖော်ပြပါ ကုသမှုများ ပြုလုပ်နိုင်သည်။

  1. ဆေးဝါးများဖြင့်ကုသခြင်း
    • Bisphosphonate (Alendronate, Risedronate, Ibandronate, Zoledronic acid) အရိုးပွခြင်းကိုကုသရာတွင် အများဆုံးအသုံးပြုသော ဆေးဖြစ်ပြီး အရိုးဆုံးရှုံးပျက်စီးမှုကို လျော့ကျအောင် ပြုလုပ်ပေးနိုင်သည်။ ယခင်က အရိုးမကျိုးဖူးလျှင် အနည်းဆုံး (၃)နှစ် နှင့် အရိုးကျိုးဖူးပါက အနည်းဆုံး (၆)နှစ်အထိ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ရန် လိုအပ်သည်။ ရရှိနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အစာရေမျိုပြွန် ရောင်နိုင်သည့်အတွက် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ရင်ပူခြင်းတို့ဖြစ်နိုင်သည်။ ထို့ကြောင့် Bisphosphonate ဆေးများကိုသောက်လျှင် ဆေးသောက်ပြီးသည်နှင့် လှဲမအိပ်ရန် လိုသည်။ ထိုးဆေးကို အသုံးပြုပါက အစာအိမ်ကို မထိခိုက်နိုင်သော်လည်း ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
    • ဟော်မုန်းဆိုင်ရာကုသမှုများ (Hormone related therapy – Oestrogen therapy, Raloxifene, Testosterone Replacement)
    • အရိုးတည်ဆောက်မှုကို အားပေးသော ကုသမှုများ (Bone Building Medicine – Teriparatide, Abaloparatide, Romosozumab)
    • အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေသော ကယ်လ်ဆီယမ် နှင့် ဗီတာမင် D ဖြည့်စွက်​ ဆေးများ
  2. လေ့ကျင့်ခန်းပြုလုပ်ခြင်း
    လေ့ကျင့်ခန်းဆရာဝန်များနှင့် တိုင်ပင်၍ အရိုးများ၊ ကြွက်သားများ၊ အရွတ်များ သန်မာစေရန် မိမိနှင့်သင့်တော်မည့် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း

အရိုးပွရောဂါ ဖြစ်နိုင်ခြေများသူများသည် အရိုးကျန်းမာရေး ကောင်းမွန်စေရန် အောက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်။

  • အရိုးပွခြင်း ဖြစ်စေသည့် အကြောင်းရင်းများကို စစ်ဆေး ကုသမှုခံယူခြင်း
  • အရိုးများသန်မာအောင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ပြည့်ဝသော အစားအသောက်များ (ဥပမာအရိုးပါ ဝါးစားနိုင်သော ငါးကလေးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ) စားခြင်း၊ လျော့နည်းနေပါက ဖြည့်စွက်သောက်သုံးခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်လျှော့သောက်ခြင်း တို့ကိုပြုလုပ်နိုင်သည်။

References:

  1. Osteoporosis – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 2, 2024, from https://www.mayoclinic.org/diseases-conditions/osteoporosis/symptoms-causes/syc-20351968#:~:text=Overview,being%20broken%20down%20and%20replaced.
  2. Osteoporosis. (2023). Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/diseases/4443-osteoporosis
  3. Website, N. (2024h). Osteoporosis. nhs.uk. Retrieved July 2, 2024, from https://www.nhs.uk/conditions/osteoporosis/
  4. Osteoporosis and Menopause. (2021). WebMD. Retrieved July 2, 2024, from https://www.webmd.com/menopause/osteoporosis-menopause

Published: 7 October 2024

Share

7 October 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.