သက်ကြီးမိခင်ကိုယ်ဝန်ဆောင်ခြင်းဆိုသည်မှာ အမျိုးသမီးသည် အသက် (၃၅) နှစ်နှင့်အထက်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ တစ်နည်းဆိုသော် ကလေးမွေးဖွားချိန်တွင် မိခင်သည် အသက် (၃၅) နှစ်နှင့်အထက် ရှိနေခြင်းကို ခေါ်သည်။ ယခုခေတ်ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပြုနောက်ကျခြင်း၊ ကိုယ်ဝန်ဆောင် နောက်ကျခြင်းများ ပိုမိုတွေ့ရှိရသည်။ အသက် (၃၅) နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ရံဖန်ရံခါ ကြုံတွေ့ရတတ်သည်။
အသက် (၃၅) နှစ်နှင့် အသက် (၄၀) နှစ်အတွင်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက ကျန်းမာသောကလေးငယ်များ မွေးဖွားနိုင်သော်လည်း မိခင်ရော ကလေးငယ်ပါ ကျန်းမာစေရန် ကိုယ်ဝန်စောင့်ရှောက်မှုများကို ကောင်းမွန်စွာခံယူပြီး ကျင့်သုံးနေထိုင်သင့်သည်။
သက်ကြီးမိခင်ကိုယ်ဝန်ဆောင်ခြင်းတွင် အန္တရာယ်များရသော အကြောင်းရင်းများ
အမျိုးသမီးများတွင် အသက်ကြီးလာသောအခါ သားဥအိမ်မှ ကြွေသောသားဥများ၏ အရည်အသွေးများ နိမ့်ကျလာသည်။ အသက်ကြီးမိခင်မှ ကြွေသောသားဥများသည် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်ကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။ ဤသို့ မျိုးရိုးဗီဇ ချို့ယွင်းချက် ဖြစ်ပွါးမှု ရှိမရှိကို ပထမကိုယ်ဝန် (၃) လအတွင်းတွင် စမ်းသပ်စစ်ဆေး သိရှိနိုင်သည်။
ကြုံတွေ့နိုင်သောလက္ခဏာများ
မိခင်တွင် ကြုံတွေ့ရနိုင်သော အန္တရာယ်များ
အမျိုးသမီးတစ်ဦးသည် အသက် (၃၅)နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်ပါက အောက်ပါဆိုးကျိုးအန္တရာယ်များ ကြုံတွေ့ ခံစားရနိုင်သည်။
- ကိုယ်ဝန်ဆောင်နေစဥ် ကိုယ်ဝန်ဆိပ်တက်ခြင်း
- ကိုယ်ဝန်ဆောင်နေစဉ် ဆီးချိုရောဂါဖြစ်ခြင်း
- အမြွှာကိုယ်ဝန်ဖြစ်နိုင်ခြေများခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း
- ကလေးအသေ မွေးဖွားနိုင်ခြေများခြင်း
- သွေးသွင်းရနိုင်ခြေများခြင်း
- ခန့်မှန်းမွေးဖွားရက်ထက် စောစီးစွာမွေးဖွားခြင်း
- ကိုယ်ဝန်ဆောင်နေစဥ် သွေးကြောများအတွင်း သွေးခဲပိတ်ဆို့ခြင်း
- ခွဲစိတ်မွေးဖွားရနိုင်ခြေများခြင်း
- အချင်းရှေ့ရောက်ခြင်း
- သွေးသွန်ခြင်း
ကလေးတွင် ကြုံတွေ့ရနိုင်သော အန္တရာယ်များ
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင် အသက်ကြီးခြင်းကြောင့် ကလေးတွင် မျိုးရိုးဗီဇနှင့်ဆိုင်သော ရောဂါများ ဥပမာ – ဒေါင်းလက္ခဏာစု (Down Syndrome) အပါအဝင် အခြားသော မျိုးရိုးဗီဇနှင့် ဆက်စပ်သော ကိုယ်တွင်းအင်္ဂါ ချို့ယွင်းချက်များပါလာခြင်း၊ ကလေးပေါင်မပြည့်၊ လမစေ့မွေးဖွားခြင်းနှင့် ကလေးကြီးထွားမှုနှုန်းနှေးခြင်းတို့ကို တွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အသက် (၃၅) နှစ်နှင့်အထက် အမျိုးသမီးများသည် ကိုယ်ဝန်ရှိသည်ဟု သိရှိသည်နှင့် တစ်ပြိုင်နက် မိခင်နှင့် သန္ဓေသားကျန်းမာရေးကို အထူးဂရုစိုက်ရန်အတွက် မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်အထူးကု ဆရာဝန်များထံသို့ စောစီးစွာ သွားရောက်ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ခံယူရန် အလွန်အရေးကြီးသည်။ သို့မှသာ မလိုလားအပ်သော အန္တရာယ်များကို ကာကွယ်နိုင်မည် ဖြစ်သည်။
ရောဂါရှာဖွေခြင်း
- မျိုးရိုးဗီဇချို့ယွင်းချက် ဖြစ်နိုင်ခြေ ရှိမရှိ စမ်းသပ်စစ်ဆေးခြင်းကို သက်ကြီးကိုယ်ဝန်ဆောင်မိခင်တိုင်း ပြုလုပ်သင့်သည်။ သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းဖြင့် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက် ဖြစ်နိုင်ခြေကို သိနိုင်သည်။
- အကယ်၍ ဖြစ်နိုင်ခြေရှိသည်ဟု စစ်ဆေးတွေ့ရှိရပါက မျိုးရိုးဗီဇချို့ယွင်းချက် ရှိမရှိ သေချာစေရန် လိုအပ်သော စစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်။ သန္ဓေသားအချင်း၏ ဆဲလ်အချို့ယူ၍ မျိုးရိုးဗီဇချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း (Chorionic Villus Sampling) နှင့် ဝမ်းဗိုက်မှတစ်ဆင့် အပ်နှင့် ရေမြွှာရည်ကို စုပ်ယူပြီး မျိုးရိုးဗီဇချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း (Amniocentesis)ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
သက်ကြီးကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်ထက်ပို၍ ကိုယ်ဝန်စောင့်ရှောက်မှု ခံယူသင့်သည်။ မျိုးရိုးဗီဇချို့ယွင်းချက် စစ်ဆေးခြင်းမှ မွေးရာပါ ချို့ယွင်းချက် ရှိနိုင်ကြောင်း အဖြေထွက်ရှိပါက သားဖွားမီးယပ်အထူးကု ဆရာဝန်များနှင့် စောင့်ရှောက်မှုခံယူရမည်။ အချို့သော သက်ကြီးကိုယ်ဝန်ဆောင် မိခင်များသည် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပွားနိုင်ခြေများ၍ ဆီးချိုစစ်ဆေးမှု (Glucose Screening) ပြုလုပ်ခြင်း၊ ကလေးပုံမှန်ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးကောင်းမွန်မှု သိရှိနိုင်ရန်အတွက် အာထရာဆောင်း ပိုမိုရိုက်ရတတ်ခြင်း၊ ကလေး၏နှလုံးခုန်နှုန်းကို စောင့်ကြည့်မှတ်သား စစ်ဆေးမှုပြုခြင်း (Fetal Heart Rate Monitoring) များပြုလုပ်ရမည်။ သက်ကြီးကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia) ဖြစ်နိုင်ခြေများသောကြောင့် ထိုဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် ကိုယ်ဝန်ကာလ တစ်လျှောက်လုံး သွေးကျဲဆေး (Aspirin) သောက်သုံးရန် တစ်ခါတစ်ရံ လိုအပ်တတ်သည်။
အကယ်၍ အမျိုးသမီးသည် ကိုယ်ဝန်မဆောင်မီကတည်းက သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါများ ရှိနေလျှင် ကိုယ်ဝန်ဆောင်နေစဉ် ထိုရောဂါများပိုဆိုးလာပြီး ထိန်းရခက်တတ်သည်။ ထို့ကြောင့် ကိုယ်ဝန်ရှိသည်ဟု သိရှိသည်နှင့် သားဖွားမီးယပ် အထူးကုဆရာဝန်များအပြင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် စောစီးစွာ တွေ့ဆုံဆွေးနွေးသင့်သည်။ သို့မှသာ မိခင်နှင့်ကလေး အသက်အန္တရာယ်နည်းပါးအောင် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်မည်သာမက ထိရောက်သော ကုသမှုများကိုလည်း စနစ်တကျအချိန်မီ ခံယူနိုင်မည်ဖြစ်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.