Hydatidiform Mole (စပျစ်သီးသန္ဓေတည်ခြင်း)

Hydatidiform Mole (စပျစ်သီးသန္ဓေတည်ခြင်း)

စပျစ်သီးသန္ဓေတည်ခြင်းဆိုသည်မှာ အချင်းဖြစ်တည်မည့်နေရာတွင် ပုံမှန်မဟုတ်သော ဆဲလ်ကလပ်စည်းများ (Unusual Growth of Trophoblastic Cells) ဝင်ရောက်ပွါးများလာ၍ အချင်းနေရာအလုံးစုံ သို့မဟုတ် နေရာတစ်ချို့သည် စပျစ်သီးအလုံးလေးများ စီထားသကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သန္ဓေသားလောင်းသည်လည်း ကိုယ်ဝန်ပျက်သကဲ့သို့ ဖြစ်သွားသည်။ ထိုသို့ဖြစ်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော အလွန်ရှားပါးသည့် နောက်ဆက်တွဲပြဿနာ တစ်ခုဖြစ်သည်။

Hydatidiform mole image

စပျစ်သီးသန္ဓေ အမျိုးအစားများ

စပျစ်သီးသန္ဓေ နှစ်မျိုးရှိသည်။

  1. စပျစ်သီးသန္ဓေ အပြည့်အစုံဖြစ်ခြင်း (Complete Molar Pregnancy)
    အချင်းနေရာအလုံးစုံသည် ဖောင်းကားလာပြီး ရေပူဖောင်းလေးများသဏ္ဌာန် စပျစ်သီးအလုံးလေးများ စီထားသကဲ့သို့ အစားထိုးဝင်ရောက် ဖြစ်ပေါ်လာခြင်းကိုခေါ်သည်။ ဤအမျိုးအစားတွင် သန္ဓေသားဖြစ်ပေါ်မှု မရှိပါ။
  2. စပျစ်သီးသန္ဓေ တစ်ဝက်တစ်ပျက်ဖြစ်ခြင်း (Partial Molar Pregnancy)
    ဤအမျိုးအစားတွင် အချင်း၏အချို့နေရာတွင် ပုံမှန်ဆဲလ်များ တစ်ဝက်တစ်ပျက်ရှိသော်လည်း၊ အချို့တစ်ဝက်တွင် ဆဲလ်များဖောင်းကားလာပြီး ရေပူဖောင်းလေးများသဏ္ဌာန် စပျစ်သီးအလုံးလေးများ စီထားသကဲ့သို့ အစားထိုးဝင်ရောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သန္ဓေသားဖြစ်ပေါ်မှု ရှိနိုင်သော်လည်း အသက်မရှင်နိုင်ပါ။

စပျစ်သီးသန္ဓေ၏ အဆိုးရွားဆုံးသော နောက်ဆက်တွဲပြဿနာများတွင် Choriocarcinoma ဟုခေါ်သော ရှားပါးသောကင်ဆာအဖြစ် ပြောင်းလဲသွားတတ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ စပျစ်သီးသန္ဓေကို စောစီးစွာကုသမှု ခံယူရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မိခင်ထံမှ သားဥသည် ပုံမှန်မဟုတ်သော သန္ဓေအောင်ခြင်းဖြစ်၍ စပျစ်သီးသန္ဓေ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လူသားတစ်ဦးတွင် ခရိုမိုဆုမ်း Chromosome (၂၃) စုံ စီပါရှိသည်။ ခရိုမိုဆုမ်းတစ်စုံစီတွင် မိခင်ထံမှတစ်ခုနှင့် ဖခင်ထံမှတစ်ခုတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

  • စပျစ်သီးသန္ဓေ အပြည့်အစုံဖြစ်ခြင်းတွင် ဖခင်ထံမှ ခရိုမိုဆုမ်းများသာ မိတ္တူပွါး၍ ပါလာခြင်းဖြစ်သည်။ မျိုးဥတွင် မိခင်ထံမှ ခရိုမိုဆုမ်းများ အလုပ်မလုပ်ခြင်း သို့မဟုတ် မပါလာခြင်းတို့ကြောင့် ဖခင်ထံမှ သုက်ပိုးတစ်ကောင် (သို့မဟုတ်) နှစ်ကောင်သာ ပေါင်းစပ်မိပြီး သန္ဓေသားဖြစ်လာခြင်းမရှိပါ။
  • စပျစ်သီးသန္ဓေ တစ်ဝက်တစ်ပျက်ဖြစ်ခြင်းတွင် သန္ဓေသားဖြစ်လာသော်လည်း ၎င်းတွင် မိခင်ခရိုမိုဆုမ်း (၂၃)ခုအပြင် ဖခင်ထံမှ ခရိုမိုဆုမ်း (၂၃)ခု (၂) စုံပါဝင်လာ၍ သန္ဓေသားတွင် ပုံမှန်ခရိုမိုဆုမ်း (၄၆)ခုအစား (၆၉)ခု ပါရှိနေသည်။ သားဥတစ်လုံးကို သုက်ပိုး (၂) ကောင်နှင့် သန္ဓေအောင်သွားသောကြောင့် ဖခင်ထံမှ မျိုးရိုးဗီဇတစ်စုံ အပိုပါနေခြင်း ဖြစ်သည်။ သို့သော် ထိုသန္ဓေသားသည် အသက်မရှင်နိုင်ပေ။

ရောဂါအန္တရာယ်ဖြစ်နိုင်ခြေများရသော အကြောင်းရင်းများ (Risk Factors)

  • မိခင်အသက်သည် (၂၀) အောက်ငယ်ခြင်း သို့မဟုတ် (၄၀) အထက်ကြီးနေခြင်း
  • မိခင်တွင် စပျစ်သီးသန္ဓေတည်ခဲ့ဖူးသော ရာဇဝင်ရှိခြင်း
  • မိခင်တွင် ကိုယ်ဝန်ပျက်ကျဖူးသော ရာဇဝင်ရှိခြင်း
  • ကိုယ်ဝန်ရရှိရန်ခက်ခဲသော ပြဿနာများရှိခြင်း
  • အာရှတိုက်သားမျိုးနွယ်မှ ဆင်းသက်လာသူများ
ရောဂါလက္ခဏာများ

စပျစ်သီးသန္ဓေသည် ပထမလပိုင်းများတွင် ပုံမှန်ကိုယ်ဝန်ကဲ့သို့ပင် ထူးခြားမှုမရှိတတ်ပါ။ သို့သော် အောက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်တတ်သည်။

  • ပထမ (၃) လပတ်အတွင်း မိန်းမကိုယ်မှ သွေး (သို့မဟုတ်) အညိုပုပ်ပုပ်များဆင်းခြင်း
  • ပုံမှန်ကိုယ်ဝန်တွင် ဖြစ်တတ်သော ပျို့အန်ခြင်းထက် ပိုမိုဆိုးရွားစွာ ပျို့အန်တတ်ခြင်း (ကိုယ်ဝန်ဆောင် ဟော်မုန်း – Human Chorionic Gonadotrophin – HCG အလွန်မြင့်တက်နေ၍ ဆိုးရွားစွာ အန်တတ်သည်)
  • တစ်ခါတစ်ရံ မိန်းမကိုယ်မှ စပျစ်သီးသဏ္ဌာန် အရည်အိတ်လေးများ ဆင်းလာတတ်ခြင်း
  • မိန်းမကိုယ်နေရာ၊ တင်ပါးဆုံနားတွင် လေးလံလာခြင်း၊ နာလာခြင်း

ခေတ်မီတိုးတက်လာသော နည်းပညာများဖြင့် စပျစ်သီးသန္ဓေကို ပထမ (၃)လအတွင်း၌ပင် ရှာဖွေတွေ့ရှိလာခဲ့သည်။ အကယ်၍ ပထမ (၃)လတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါက၊ အောက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။

  • ကိုယ်ဝန်လနုစဉ်၌ပင် သားအိမ်သည် လျင်မြန်စွာ ကြီးထွားလာခြင်း
  • ကိုယ်ဝန်ပတ် (၂၀) မတိုင်မီ၌ပင် ကိုယ်ဝန်ဆိပ်တက်သကဲ့သို့ သွေးပေါင်ချိန်တက်ခြင်း၊ ဆီးအတွင်းပရိုတင်း (အသားဓာတ်) ပါဝင်မှုများခြင်း
  • သွေးအားနည်းခြင်း
  • သားဥအိမ်တွင် အရည်ကြည်အိတ်များဖြစ်ခြင်း (Ovarian Cysts)
  • သိုင်းရွိုက်ဂလင်း လွန်ကဲစွာအလုပ်လုပ်ခြင်း (Hyperthyroidism)
နောက်ဆက်တွဲပြဿနာများ
  1. စပျစ်သီးသန္ဓေ အလိုအလျောက်ပျက်ကျပြီး သို့မဟုတ် သားအိမ်မှ စုပ်ထုတ်ပြီးနောက်တွင် စပျစ်သီးသန္ဓေ အစအနအချို့ ကျန်နေတတ်သည်။ ထိုသို့ဖြစ်ပါက ထိုအစအနများမှ ပုံမှန်မဟုတ်သော ဆဲလ်အချို့သည် သားအိမ်၏ ကြွက်သားအတွင်း ထိုးဝင်ခြင်း (Invasive Mole)အဖြစ် ပြောင်းလဲသွားခြင်းကို သားအိမ်ခြစ်ပြီးသူ (၁၅%) ခန့်တွင် တွေ့ရတတ်သည်။
  2. စပျစ်သီးသန္ဓေမှ ကင်ဆာ (Choriocarcinoma or Gestational Trophoblastic Neoplasia – GTN)သို့ ပြောင်းလဲသွားခြင်းသည် အလွန်ရှားပါးသော်လည်း ဂရုစိုက်ရန်လိုသည်။ စပျစ်သီးသန္ဓေ အသားစများကို သားအိမ်တွင်းမှ ဖယ်ရှားပြီးသော်လည်း သွေးတွင်း၌ ကိုယ်ဝန်ဆောင်ဟော်မုန်း (HCG) သည် လျော့မသွားဘဲ ဆက်တိုက်မြင့်တက်နေပါက ကင်ဆာပြောင်းလဲမှုရှိနေပြီဟု သိနိုင်သည်။ ကင်ဆာသို့ပြောင်းလဲမှုသည် လုံးဝအပြည့်အစုံဖြစ်သော စပျစ်သီးသန္ဓေ (Complete Mole) အမျိုးအစားတွင် ပိုဖြစ်တတ်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျပြီးသော မိခင်၊ သာမန် ကလေးမွေးဖွားထားပြီးသော မိခင်များတွင်လည်း (မွေးပြီးမိခင် ၅၀,၀၀၀ တွင် တစ်ယောက်ခန့်) ဖြစ်တတ်သည်။ ထိုကင်ဆာသည် သားအိမ်တွင်း၌ စတင်ဖြစ်ပေါ်၍ ခန္ဓာကိုယ်၏အခြားနေရာများသို့ ပျံ့နှံ့နိုင်သဖြင့် ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) (သို့မဟုတ်) ဓာတ်ရောင်ခြည် (Radiotherapy) ဖြင့်ကုသခြင်းဖြင့် (၁၀၀%) နီးပါးသက်သာ ပျောက်ကင်းနိုင်သည်။ အချို့တွင်သာ သားအိမ်ထုတ်ရခြင်းများ (Hysterectomy) ရှိတတ်သည်။
  3. သွေးဆိပ်တက်ခြင်း(Sepsis)
  4. သားအိမ်ပိုးဝင်ခြင်း (Uterine Infection)
  5. ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia – Very High Blood Pressure)
  6. သွေးလန့်ခြင်း (Shock – Very Low Blood Pressure)
ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိတွင် ကိုယ်ဝန်ရှိသည်ဟု သိရှိပြီးနောက် အောက်ပါအချက်များ ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက် ပြသသင့်သည်။

  1. မိန်းမကိုယ်မှ သွေး (သို့မဟုတ်) မဲညစ်သော အရည်များဆင်းခြင်း
  2. ကိုယ်ဝန်ကြောင့် မကြာခဏဆိုးရွားသော ပျို့အန်မှုဖြစ်ခြင်း
  3. မိမိ၏ဝမ်းဗိုက်သည် ရှိရမည့် ကိုယ်ဝန်ပတ်ထက် ပိုမိုပူထွက်နေခြင်း
  4. အခြားသောစိတ်ပူဖွယ်ရာ လက္ခဏာတစ်ခုခု ခံစားရခြင်း
ရောဂါရှာဖွေခြင်း

စပျစ်သီးသန္ဓေဟု ဆရာဝန်မှ သံသယရှိပါက သွေးစစ်ခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းကို ပြုလုပ်လိမ့်မည်။ သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် သေချာစွာတိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူသင့်သည်။

  1. အာထရာဆောင်း
    စပျစ်သီးသန္ဓေသည် ပုံမှန်ရိုက်သော ပထမဆုံးရက်ချိန်း အာထရာဆောင်းတွင် စတင်တွေ့ရှိ သိနိုင်သည်။ စပျစ်သီးသန္ဓေဟု သံသယရှိပါက ကိုယ်ဝန်လနုစဉ်တွင် အာထရာဆောင်းရိုက်သော ကိရိယာကို မိန်းမကိုယ်မှ ထည့်သွင်း၍ ရိုက်ကြည့်ခြင်းဖြင့် ရှာတွေ့နိုင်သည်။
    ကိုယ်ဝန် (၈-၉) ပတ်တွင် ရိုက်သော အာထရာဆောင်းတွင် စပျစ်သီးသန္ဓေ လုံးဝအပြည့်အစုံဖြစ်ခြင်းအမျိုးအစား၌ သားဥအိမ်တွင် အရည်ကြည်အိတ် ဖြစ်တည်ခြင်းနှင့် သားအိမ်တစ်ခုလုံးအတွင်း၌ ကလေးနှင့်ရေမြွှာရည်များ မရှိဘဲ စပျစ်သီးကဲ့သို့သော ပူစီဖောင်း အရည်အိတ်ငယ်လေးများနှင့် ပြည့်နှက်နေတတ်သည်။
    စပျစ်သီးသန္ဓေ တစ်ဝက်တစ်ပျက်ဖြစ်ပါက အာထရာဆောင်းတွင် ရေမြွှာရည်အနည်းငယ်ထဲ၌ ပုံမှန်ရှိရမည့် အရွယ်ထက်သေးငယ်သော သန္ဓေသားနှင့် ပုံမှန်မဟုတ်သော စပျစ်သီးကဲ့သို့သော ပူစီဖောင်း အရည်အိတ်ငယ်လေးများ ဖြစ်ပေါ်နေသည့် အချင်းတို့ကို တွေ့နိုင်သည်။
  2. သွေးတွင်း ကိုယ်ဝန်ဆောင်ဟော်မုန်း (HCG) ပမာဏစစ်ဆေးခြင်း
    သွေးအတွင်းရှိ HCG ဟော်မုန်းပမာဏသည် ပုံမှန်ကိုယ်ဝန်တွင် ရှိရမည့် ပမာဏထက် စပျစ်သီးသန္ဓေကိုယ်ဝန်၌ လွန်စွာမြင့်တက်နေတတ်သည်။
  3. အခြားရောဂါများ ရှိမရှိ စစ်ဆေးခြင်း
    စပျစ်သီးသန္ဓေကို စစ်ဆေးတွေ့ရှိပြီးပါက ကိုယ်ဝန်ဆိပ်တက်ရောဂါ၊ သိုင်းရွိုက်‌ဟော်မုန်း လွန်ကဲခြင်းရောဂါ (Hyperthyroidism)နှင့် သွေးအားနည်းရောဂါများကို စစ်ဆေးရှာဖွေသင့်သည်။
  4. အသားစ စစ်ဆေးခြင်း
    သားအိမ်ခြစ်ထားသော အသားစကို ရောဂါဗေဒဆိုင်ရာ ဓာတ်ခွဲစစ်ဆေးပြီး အဖြေထွက်မှသာ စပျစ်သီးသန္ဓေ အမျိုးအစားနှင့် စပျစ်သီးသန္ဓေဖြစ်နေသည်ဟု သေချာစွာ ရောဂါအမည်တပ်နိုင်မည် ဖြစ်သည်။
ကုသခြင်း

စပျစ်သီးသန္ဓေဖြစ်ပါက သားအိမ်တွင်းမှ ဖယ်ရှားပစ်ရန် လိုအပ်သည်။ သို့မှသာ နောက်ဆက်တွဲပြဿနာများ မဖြစ်ပွါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ ကုသမှုတွင် အောက်ဖော်ပြပါ နည်းလမ်းတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ လိုအပ်နိုင်သည်။

  1. သားအိမ်တွင်းမှ စပျစ်သီးသန္ဓေ အသားစများကို စုပ်ထုတ်၍ကုသခြင်း
    မေ့ဆေး (သို့မဟုတ်) ခါးထုံဆေးကိုသုံး၍ ဆေးရုံတွင်သာ ပြုလုပ်ရမည်။ သားအိမ်ခေါင်းကို ချဲ့၍ သားအိမ်တွင်းမှ စပျစ်သီးသန္ဓေ အသားစများကို ပိုက်ဖြင့် (Suction Device) စုပ်ထုတ်ရမည်။ တစ်ခါတစ်ရံ သွေးသွန်မှုရှိပါက သားအိမ်ကျုံ့ဆေး ပေးရန်လိုအပ်သည်။
  2. သားအိမ်ထုတ်ခြင်း
    စပျစ်သီးသန္ဓေမှ ကင်ဆာပြောင်းသွားနိုင်ခြေရှိသူများနှင့် ကိုယ်ဝန်ထပ်ယူရန် လုံးဝဆန္ဒမရှိတော့သူများကို သားအိမ်ထုတ်ပေးနိုင်သည်။
  3. ကိုယ်ဝန်ဆောင်ဟော်မုန်း (HCG) ပမာဏကို စောင့်ကြည့်မှတ်သားခြင်း
    စပျစ်သီးသန္ဓေ အသားစများကို သားအိမ်အတွင်းမှ စုပ်ထုတ်ပြီးနောက်ပိုင်းတွင် HCG ပမာဏကို (၆)လကြာသည်အထိ စစ်ဆေးစောင့်ကြည့်လေ့ရှိသည်။ HCG ပမာဏ လုံးဝကျဆင်းရမည့်အစား အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေပါက အခြားသောကုသမှုများ လိုအပ်သည်။ စပျစ်သီးသန္ဓေမှ ကင်ဆာသို့ပြောင်းသွားသောသူများတွင်မူ HCG ပမာဏကို ကင်ဆာဆေးသွင်းပြီးနောက်ပိုင်း တစ်နှစ်ပြည့်သည်အထိ သေချာစစ်ဆေးနေရမည်ဖြစ်သည်။ စပျစ်သီးသန္ဓေဖြစ်သူများတွင် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်သည့်အချိန်၌ HCG ဟော်မုန်းပမာဏ တက်နေတတ်သောကြောင့် စပျစ်သီးသန္ဓေမှ ကျန်ရှိသည့် ဟိုမုန်းနှင့် ကိုယ်ဝန်အသစ်မှ ဟိုမုန်း ရောထွေးနိုင်သဖြင့် ခွဲစိတ်ပြီးနောက်ပိုင်း HCG ဟော်မုန်းအဖြေ ပုံမှန်ရောက်ပြီး (၆)လ မှ တစ်နှစ်အထိ သေချာစိတ်ချရသော ကိုယ်ဝန်တားနည်းကို ဆရာဝန်မှညွှန်ကြားလိမ့်မည်ဖြစ်သည်။
ကာကွယ်ခြင်း

စပျစ်သီးသန္ဓေမဖြစ်စေရန် ကာကွယ်နိုင်သောနည်းလမ်း မရှိပါ။ စပျစ်သီးသန္ဓေ တစ်ကြိမ်ဖြစ်ဖူးပါက တစ်နှစ်အတွင်း နောက်ထပ်ကိုယ်ဝန်မရအောင် တားထားခြင်းဖြင့် နောက်ဆက်တွဲ ပြဿနာများကို လျော့ကျစေနိုင်သည်။ မိမိ၏ဆရာဝန်ကို မည်သည့်အချိန်ကာလတွင် ကိုယ်ဝန်ပြန်ယူရမည်ကို မေးထားရမည်။ နောက်တစ်ကြိမ် ကိုယ်ဝန်ရှိပါက ကိုယ်ဝန်အစောပိုင်းမှစတင်၍ အာထရာဆောင်းရိုက်ပြီး၊ သန္ဓေသားသည် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေကြောင်း သေချာအောင် စစ်ဆေးထားသင့်သည်။

Share

15 October 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.