Endometriosis (သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း)

Endometriosis (သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း)

သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်းဆိုသည်မှာ သားအိမ်အတွင်းနံရံတစ်ရှူးနှင့် ဆင်တူသော တစ်ရှူးများ သားအိမ်ပြင်ပတွင် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာပြီး သွေးလုံးဖြစ်တည်လာခြင်း ဖြစ်သည်။ အများအားဖြင့် သားဥပြွန်၊ သားဥအိမ်နှင့် တင်ပါးဆုံရိုးခွင်အတွင်းရှိ တစ်ရှူးများတွင် အဖြစ်များသည်။ တစ်ခါတစ်ရံ ယောနိလမ်းကြောင်း၊ ဝမ်းခေါင်းအမြှေးပါး၊ ဆီးအိမ်၊ ဆီးပြွန်၊ အူလမ်းကြောင်းနှင့် အစာဟောင်းအိမ်၊ ရင်ခေါင်းနှင့် ဝမ်းခေါင်းခြားထားသော Diaphragm သာမက ခန္ဓာကိုယ်အနှံ့ မည်သည့်နေရာတွင်မဆို ရှားပါးစွာ တွေ့ရှိရတတ်သည်။

ထိုတစ်ရှူးများသည် တည်ရှိရာနေရာတွင် သားအိမ်အတွင်းသားဖြစ်စဉ်ကဲ့သို့ ရာသီစက်ဝန်းအလိုက် ဖြစ်ပေါ်ပြောင်းလဲနေတတ်သည်။ ထိုအခါ လစဉ် တစ်ရှူးတည်ရှိရာနေရာများ ရောင်ရမ်းခြင်း (Inflammation)၊ အမာရွတ်ဖြစ်လာ၍ ရာသီလာလျှင် နာကျင်ကိုက်ခဲမှုဖြစ်ခြင်း၊ သားဥအိမ်အတွင်း ထိုတစ်ရှူးများတည်ရှိပါက သွေးလုံးများ ဖြစ်ပေါ်လာခြင်း (Endometrioma)၊ တစ်ရှူးတည်ရှိရာ အင်္ဂါအစိတ်အပိုင်း အချင်းချင်းတွယ်ကပ်လာခြင်း (Adhesion)တို့ဖြစ်၍ အိမ်ထောင်ရှင်အမျိုးသမီးများတွင် သားသမီးရရန် ခက်ခဲလာတတ်သည်။

Endometriosis ကြောင့် ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်းခံစားရမှုသည် နေ့စဉ်လူမှုဘဝကို အနှောင့်အယှက်ဖြစ်စေရုံသာမက နှစ်ရှည်ကြာလာလျှင် ကျန်းမာရေးနှင့် အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်သောကြောင့် ကုသမှုခံယူသင့်သည်။

Endometriosis image1
ဖြစ်ပေါ်ရသော အကြောင်းရင်း

ဖြစ်ပေါ်ရသော အကြောင်းရင်းမှန်ကို ရှင်းလင်းစွာမသိကြပါ။ ဖြစ်နိုင်သော အကြောင်းရင်းနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်အချို့မှာ

  1. ဓမ္မတာသွေး နောက်ပြန်ဆန်ခြင်း – လစဉ် ဓမ္မတာသွေး ဖြစ်ပေါ်သည့်အခါ အချို့ဓမ္မတာသွေးများသည် သားအိမ်ညှစ်ခြင်းကြောင့် နောက်ပြန်ဆန်တက်ကာ သားဥပြွန်မှတစ်ဆင့် သားအိမ်ပြင်ပသို့ ဓမ္မတာသွေးများနှင့်အတူ သားအိမ်အတွင်းသားတစ်ရှူး ရောက်ရှိသွားနိုင်သည်။ ထိုတစ်ရှူးများသည် ရောက်ရှိရာနေရာတွင် တဖြည်းဖြည်းပွားများလာပြီး လစဉ် ဓမ္မတာသွေးထွက်ခြင်းနှင့် ရောင်ရမ်းခြင်းကို ဖြစ်စေသည်။
  2. ဝမ်းဗိုက်ခေါင်းမြှေးပါးဆဲလ်များ (Peritoneal Lining Cells) ပုံပြောင်းခြင်း – ဟော်မုန်း (သို့မဟုတ်) ကိုယ်ခံအားစနစ် မတည်ငြိမ်ခြင်းကြောင့် ဝမ်းဗိုက်ခေါင်း အမြှေးပါးဆဲလ်များသည် သားအိမ်အတွင်းသားနံရံဆဲလ်များအဖြစ် ပုံပြောင်းသွားခြင်းဖြစ်သည်ဟု ပညာရှင်များက ထင်မြင်ယူဆကြသည်။
  3. ခွဲစိတ်အမာရွတ် နောက်ဆက်တွဲပြဿနာ (ဥပမာအားဖြင့် ကလေးကို ဗိုက်ခွဲမွေးသည့်အခါ သားအိမ်အတွင်းသားနံရံဆဲလ်များသည် အခြားနေရာများရှိ အမာရွတ်များ၌ တွယ်ကပ်မိပြီး ထိုနေရာတွင် Endometriosis ဖြစ်စဉ် ဖြစ်ပေါ်လာသည်)
  4. endometrial cell transport – သားအိမ်အတွင်းသားဆဲလ်များ သွေးကြောများထဲမှ​ သော်လည်းကောင်း၊ ပြန်ရည်စနစ်ထဲမှ သော်လည်းကောင်း အခြားကိုယ်တွင်းအင်္ဂါများ (အဆုတ်၊ နှာခေါင်းနှင့် ဦးနှောက်အတွင်း)သို့ ရောက်ရှိတတ်သည်။

ဖြစ်နိုင်ခြေများသောအမျိုးသမီးများ

  • အသက် (၂၅) နှင့် (၄၀)နှစ်ကြား
  • ကလေးမမွေးဖူးသူများ
  • ပျိုဖော်ဝင်ချိန်စောသူများ
  • သွေးဆုံးချိန်နောက်ကျသူများ
  • Endometriosis ဖြစ်ဖူးသောမျိုးရိုးရှိသူများ
  • ခန္ဓာကိုယ်ပိန်သူ (Low Body Mass Index) များတွင် ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ

လူတစ်ဦးနှင့် တစ်ဦး ခံစားရသည့် လက္ခဏာများမတူညီဘဲ ရောဂါရှိသည့်နေရာပေါ် မူတည်၍ ကွာခြားသည်။

  • ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်း – ရာသီလာလျှင် ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်းကို ရာသီသွေးမပေါ်မီ စတင်ခံစားရတတ်ပြီး ရက်အနည်းငယ်ကြာတတ်သည်။ နောက်ကျောအထိ နာကျင်ကိုက်ခဲတတ်သည်။ ရောဂါရင့်လာသည်နှင့်အမျှ ဓမ္မတာပြီးသည့်တိုင် နာကျင်ကိုက်ခဲမှု ကျန်နေခြင်း၊ နာသည့်ရက်စိပ်လာခြင်း၊ ထို့နောက် အမြဲနာကျင်နေခြင်းတို့ ဖြစ်လာသည်။ နာကျင်ခြင်းဝေဒနာ အမြဲခံစားနေရသဖြင့် မိမိ၏နေ့စဉ်ဘဝကို ထိခိုက်လာသည်။
  • အမျိုးသားနှင့် လိင်ဆက်ဆံချိန် သို့မဟုတ် ဆက်ဆံပြီးချိန် နာကျင်ခြင်း
  • ဆီးစပ်နေရာနှင့် ဗိုက်အောက်ပိုင်းတွင် အလုံးစမ်းမိခြင်း၊ အထိမခံနိုင်အောင် နာခြင်း
  • ဓမ္မတာပေါ်ချိန်တွင် သွေးဆင်းများခြင်း
  • ရာသီလာချိန်တွင် ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း
  • ရာသီလာချိန်အတွင်း ဝမ်းကိုက်သကဲ့သို့ ခံစားရခြင်း၊ ဝမ်းထဲသွေးပါခြင်း
  • အမာရွတ်နေရာတွင် ရောဂါတစ်ရှူးရှိပါက ရာသီလာချိန်အတွင်း အမာရွတ်မှ ဖောင်းလာခြင်း၊ နာခြင်း
  • ချက်နေရာတွင် ရောဂါတစ်ရှူးရှိပါက ရာသီလာချိန်အတွင်း ချက်မှ သွေးယိုခြင်း
  • နှာခေါင်းတွင် ရောဂါတစ်ရှူးရှိပါက ရာသီလာချိန်အတွင်း နှာခေါင်းသွေးလျှံခြင်း
  • အဆုတ်တွင် ရောဂါတစ်ရှူးရှိပါက ရာသီလာချိန်အတွင်း ချောင်းဆိုးသွေးပါခြင်း၊ မောခြင်းတို့ဖြစ်သည်။
  • တချို့သောအမျိုးသမီးများတွင် ကိုယ်ဝန်မရနိုင်ခြင်း အကြောင်းရင်းကို ရှာဖွေစစ်ဆေးရာမှ Endometriosisရောဂါကို ပထမဆုံး ရှာဖွေတွေ့ရှိတတ်သည်။
နောက်ဆက်တွဲပြဿနာများ
  • သားဥအိမ်တွင် Endometrioma ဟုခေါ်သော သွေးလုံးဖြစ်တည်ပြီး သားဥအိမ်အတွင်း ဓမ္မတာသွေးများ လစဉ်စုစည်းမိကာ ကြီးလာခြင်း (စုစည်းမိသော ဓမ္မတာသွေးများသည် ကာလကြာရှည်လာသည့်အခါ ချောကလက်အရောင်ပျစ်ပျစ်နှင့် တူသည့်အတွက် Chocolate Ovarian Cyst ဟုလည်းခေါ်ကြသည်)
  • ဝမ်းဗိုက်အတွင်း ရောဂါတစ်ရှူးများ၊ သွေးများနှင့် နာတာရှည်ရောင်ရမ်းမှုကြောင့် အမာရွတ်ဖြင့်ကပ်ပြီး တင်ပါးဆုံရိုးခွေတွင်းရှိ ကိုယ်တွင်းအင်္ဂါများ ကျပ်ခဲကုန်ခြင်း (Frozen Pelvis)
  • ဝမ်းဗိုက်အောက်ပိုင်း သားအိမ်တစ်ဝိုက် နာတာရှည်နာကျင်ခြင်း (Chronic Pelvic Pain Syndrome)
  • ကလေးရရန်ခက်ခဲခြင်း
  • စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်သည်။

Endometriosisရောဂါသည် ကင်ဆာမဟုတ်ပါ။ သို့သော် သားအိမ်ပြင်ပ သွေးလုံးတည်သူများသည် ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းသော်လည်း ကင်ဆာတစ်မျိုးဖြစ်သော Endometriosis Associated Adenocarcinoma ဖြစ်နိုင်ခြေရှိသည့်အတွက် ဆရာဝန်နှင့် ပုံမှန်စစ်ဆေးရန် လိုအပ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သားအိမ်ပြင်ပ သွေးလုံးတည်နေသည်ကို သံသယရှိပါက ရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ မိန်းမကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက ဆက်လက်ရောဂါရှာဖွေရန်

  • မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (Transvaginal Ultrasound)
  • သွေးစစ်ဆေးခြင်း
  • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းနှင့်
  • ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်၍ စစ်ဆေးခြင်း (Laparoscopy)တို့ကို လိုအပ်သလို ပြုလုပ်နိုင်သည်။
ကုသခြင်း

ခံစားနေရသည့် လက္ခဏာများပေါ်မူတည်၍ လည်းကောင်း၊ သားသမီးလိုချင်သော မျှော်လင့်ချက်ပေါ် တွင်မူတည်၍ လည်းကောင်း ဆေးဖြင့်ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသရခြင်းများရှိသည်။

ဆေးဖြင့်ကုသခြင်း

  • နာကျင်ကိုက်ခဲခြင်းကို Ibuprofen၊ Paracetamol စသည့်အကိုက်အခဲပျောက်ဆေးများ ဖြင့်ကုသနိုင်သည်။
  • သွေးဆင်းများပါက သွေးတိတ်ဆေးများဖြင့် ယာယီကုသနိုင်သည်။

ဟော်မုန်းကုထုံး

ရောဂါနုစဉ် အမျိုးသမီးဟော်မုန်းကို ထိန်းညှိပေးခြင်းဖြင့် ရောဂါတစ်ရှူးများ အလုပ်မလုပ်ဘဲ ငြိမ်သက်သွားပြီး ခံစားရသော ရောဂါလက္ခဏာများ သက်သာနိုင်သည်။

  • ကိုယ်ဝန်တား ဟော်မုန်းသောက်ဆေး (OC pills) ကို ဓမ္မတာမပေါ်ရန် နေ့စဉ်ရက်ဆက် တိုက်ခြင်း
  • (၃) လခံတားဆေးကို အချိန်ကပ်ကာထိုးခြင်း (ဥပမာ – တစ်လတစ်ကြိမ်)
  • ဟော်မုန်းထုတ်သည့် သန္ဓေတားပစ္စည်း (IUS) ကို သားအိမ်ထဲထည့်ခြင်း
  • ဟော်မုန်းထုတ်သည့် ပိုက်ချောင်း (Implant) ကို လက်မောင်းထဲထည့်ခြင်း
  • အခြား ဟော်မုန်းဆေးများဖြင့် ကုသခြင်းတို့ရှိသည်။

ခွဲစိတ်ကုသခြင်း

  1. သားအိမ်နှင့် သားဥအိမ်တို့ကို မထိခိုက်စေဘဲ ခွဲစိတ်ကုသခြင်း (Conservative Surgery)
    သားအိမ်နှင့် သားဥအိမ်ကို မထိခိုက်စေဘဲ ရောဂါတစ်ရှူးများကိုသာ ခွဲစိတ်ဖြတ်ထုတ်ခြင်း ဖြစ်သည်။ နာကျင်ခြင်းဝေဒနာကို ဆေးဖြင့်မထိန်းနိုင်ခြင်း၊ ဆေးကုသပါလျက် ရောဂါတစ်ရှူးများ ပိုမိုပွားများနေခြင်းနှင့် ရောဂါကြောင့်ကလေးယူရန် ခက်ခဲနေသော အိမ်ထောင်သည်များတွင် အကျိုးရှိနိုင်သည်။ ခွဲစိတ်ရာတွင် ဝမ်းဗိုက်မှ အပေါက်ငယ်ဖောက်၍ မှန်ပြောင်းဖြင့် ရောဂါတစ်ရှူးများကို ဖြတ်ထုတ်ခြင်း (Laparoscopic Excision of Endometriotic Deposit or Nodule) ပြုလုပ်နိုင်သည်။
  2. သားဥအိမ်သွေးလုံးအရည်အိတ် ဖြတ်ထုတ်ခြင်း (Ovarian Cystectomy)
    သားဥအိမ်သွေးလုံး (Endometrioma) (သို့မဟုတ်) ချောကလက်အရည်အိတ် (Chocolate Cyst) အရွယ်အစား (၃) စင်တီမီတာထက်ကြီးလျှင် သားဥအိမ်အရည်အိတ်ကို ဖြတ်ထုတ်သင့်သည်။ ထိုသို့ဖြတ်ထုတ်ခြင်းကို ဝမ်းဗိုက်တွင် ခွဲကြောင်းရာကြီးကြီးပေးပြီး အရည်အိတ်ဖြတ်ထုတ်ခြင်း သို့မဟုတ် ဝမ်းဗိုက်မှအပေါက်ငယ်ဖောက်၍ မှန်ပြောင်းဖြင့် အရည်အိတ်ဖြတ်ထုတ်ခြင်း (Laparoscopic Ovarian Cystectomy)များ ပြုလုပ်နိုင်သည်။
  3. သားအိမ်ထုတ်ခြင်း (Hysterectomy)
    သားအိမ်ကြွက်သားအလွှာတွင် သွေးလုံးဖြစ်ခြင်း (Adenomyosis) ဖြစ်လျှင် နာကျင်ကိုက်ခဲမှု သက်သာစေရန် သားအိမ်ထုတ်ရနိုင်သည်။ ဝမ်းဗိုက်မှခွဲ၍ သားအိမ်ထုတ်ခြင်း သို့မဟုတ် ဝမ်းဗိုက်မှ အပေါက်ငယ်ဖောက်၍ မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်း (Laparoscopic Hysterectomy) ဖြင့် ပြုလုပ်နိုင်သည်။
  4. သားအိမ်နှင့် သားဥအိမ်နှစ်ဖက်လုံးဖြတ်ထုတ်ခြင်း (Hysterectomy and Bilateral Oophorectomy)
    အသက် (၄၀) ကျော် ကလေးရှိပြီးသား သို့မဟုတ် ကလေးထပ်မယူရန် ဆုံးဖြတ်ထားသည့် အမျိုးသမီးများတွင် သားအိမ်၊ သားဥပြွန်နှင့် သားဥအိမ်တစ်စုံလုံး ဖြတ်ထုတ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဟော်မုန်းများ မထုတ်နိုင်တော့ဘဲ သွေးဆုံးသကဲ့သို့ ဖြစ်သွားပြီး ရောဂါတစ်ရှူးများ အလုပ်မလုပ်တော့သည့်အတွက် ခံစားရသော ရောဂါလက္ခဏာများ ပျောက်ကင်းနိုင်သည်။ ခွဲစိတ်မှုကို ဝမ်းဗိုက်မှ ခွဲ၍သော်လည်းကောင်း၊ ဝမ်းဗိုက်မှ အပေါက်ငယ်ဖောက်၍ မှန်ပြောင်းဖြင့်ခွဲစိတ်မှု (Total Laparoscopic Hysterectomy and Bilateral Salpingo-Oophorectomy) ဖြင့် သော်လည်းကောင်း ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း

အကြောင်းရင်းကို တိတိကျကျ မသိရှိခြင်းကြောင့် သားအိမ်အတွင်းနံရံတစ်ရှူးများ သားအိမ်ပြင်ပသို့ ရောက်ရှိသဖြင့် သွေးလုံးဖြစ်နေခြင်းကို မကာကွယ်နိုင်ပါ။ သို့သော် ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်ခြင်း၊ မိမိကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်းတို့ ပြုလုပ်ကြသည့် အမျိုးသမီးများတွင် ၎င်းရောဂါသည် ဖြစ်ပွါးမှုနည်းကြောင်းတွေ့ရှိပါသည်။

Share

15 October 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.