Developmental dysplasia of hips (မွေးရာပါတင်ပါးဆုံအရိုးဆစ် အားပျော့ခြင်း)

Developmental dysplasia of hips (မွေးရာပါတင်ပါးဆုံအရိုးဆစ် အားပျော့ခြင်း)

ပေါင်ရိုးနှင့် တင်ပါးဆုံအရိုးခွင်တို့သည် တင်ပါးဆုံအရိုးဆစ်တွင် တွယ်ဆက်နေသည်။ ပေါင်ရိုး၏ထိပ်ဆုံးပိုင်းသည် စက်လုံးကဲ့သို လုံးဝန်းသောသဏ္ဌာန်ရှိသည်။ ထိုအရိုးဘုလုံးသည် တင်ပါးဆုံအရိုးခွင်ရှိ အရိုးခွက်ထဲသို့ အံဝင်ခွင်ကျ ချိတ်ဆက်ထားသည်။ ဤချိတ်ဆက်မှုသည် ခြေထောက် (ပေါင်)၏ ချောမွေ့စွာလှုပ်ရှားနိုင်မှုအတွက် အလွန်အရေးကြီးသည်။ ထိုသို့ချိတ်ဆက်မှု ပုံမှန်မဖြစ်ခြင်းကို မွေးရာပါ တင်ပါးဆုံအရိုးဆစ် အားပျော့ခြင်းဟုခေါ်သည်။

ဤအခြေအနေကို အများအားဖြင့် မွေးကင်းစကလေးငယ်များတွင် တွေ့ရသည်။ အချို့တွင် အဆစ်အားပျော့ခြင်း ပြင်းထန်မှုမရှိပါက အသက်အရွယ်ကြီးရင့်လာမှ ရောဂါလက္ခဏာများ စတင်ခံစားရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

သန္ဓေသားဘဝနှင့် မွေးဖွားပြီးစအချိန်များတွင် တင်ပါးဆုံအရိုးခွက်ကို အရိုးနုများဖြင့်သာ တည်ဆောက်ထားသည်။ ပေါင်ရိုးဘုလုံးနှင့် အရိုးခွက်တို့ ကွက်တိကျချိတ်ဆက်နေမှသာ အရိုးနုများသည် ပေါင်ရိုးဘုလုံးကို ကောင်းစွာအုပ်ငုံမိလာသည်။ အကြောင်းအမျိုးမျိုးကြောင့် အနေအထားပုံမှန်မဟုတ်လျှင် (ဥပမာ_ဆုံပိုင်းဖြင့်မွေးဖွားသူများ) တင်ပါးဆုံအရိုးခွက်တိမ်ခြင်းဖြစ်ကာ တင်ပါးဆုံအရိုးဆစ် အားပျော့စေသည်။ အလွန်ပြင်းထန်လျှင် ပေါင်ရိုးသည် တင်ပါးဆုံအရိုးခွက်အတွင်းမှ ချော်ထွက်၍ အဆစ်လွဲခြင်းအထိ ဖြစ်စေနိုင်သည်။

Developmental Dysplasia of Hips Image 1

ဤဖြစ်စဉ်သည် ပေါင်နှစ်ဖက်လုံးတွင်လည်း တစ်ပြိုင်နက်ဖြစ်နိုင်သည်။ အဖြစ်များသောအခြေအနေများမှာ_

  • မိန်းကလေးများ
  • သားဦးကိုယ်ဝန်မှ မွေးဖွားသူများ
  • မိသားစုအတွင်း အလားတူ တင်ပါးဆုံအရိုးဆစ်ပြဿနာများရှိခြင်း
  • ဆုံပိုင်းဖြင့်မွေးဖွားသူများ
  • မွေးကင်းစကလေးအလွန်ကြီးခြင်းတို့ ဖြစ်သည်။
ရောဂါလက္ခဏာများ

အားပျော့ခြင်းအခြေအနေ ပြင်းထန်မှုအပေါ် မူတည်၍ ရောဂါလက္ခဏာအမျိုးမျိုးကို အသက်အရွယ်အမျိုးမျိုးတွင်တွေ့ရသည်။ မွေးကင်းစကလေးငယ်များတွင်_

  • တင်ပါး၊ ပေါင်တို့ရှိ အရေပြားအရေးအကြောင်းများ (၂)ဖက်မတူညီခြင်း
  • ရောဂါဖြစ်သောခြေထောက်သည် အပြင်သို့ ကားထွက်ခြင်း၊ လန်ထွက်ခြင်း
  • ရောဂါဖြစ်သောခြေထောက်သည် အခြားတစ်ဖက်နှင့်ယှဉ်လျှင် လှုပ်ရှားမှုနည်းခြင်း စသည်တို့ တွေ့ရသည်။

အခြေအနေမပြင်းထန်သောသူများတွင် ဆယ်ကျော်သက်အရွယ်နှင့်အထက် အရွယ်တွင်မှ လက္ခဏာများ စတင်ခံစားရတတ်သည်။

  • ပေါင်နှင့်ပေါင်ခြံတစ်ဝိုက် နာကျင်ခြင်း
  • ပေါင်၊ တင်ပါးဆုံရိုးအဆစ်ချောင်ခြင်း (သို့မဟုတ်) ဟန်ချက်မညီဖြစ်ခြင်း
  • လမ်းလျှောက်လှုပ်ရှားလျှင် ထော့နဲ့ခြင်း
  • ခြေထောက်နှစ်ဖက် အရှည်မညီခြင်းတို့ ဖြစ်ပေါ်တတ်သည်။
နောက်ဆက်တွဲလက္ခဏာများ

အနေအထားမမှန်ဘဲ အသုံးပြုနေသောကြောင့် အရိုးဆစ်ရှိအရိုးနုများ တဖြည်းဖြည်းပွန်းတီးလာခြင်း၊ အရိုးများပွတ်တိုက်ခြင်းတို့ကြောင့် အရိုးအဆစ်ရောင်ခြင်း ဖြစ်လာသည်။ ခြေထောက်ထော့နဲ့ခြင်း၊ နာကျင်ခြင်းများအပြင် ပေါင်ရိုးဆစ်လွဲထွက်သွားသည်အထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများရှိလျှင် သင်၏မိသားစုဆရာဝန်နှင့် အမြန်ပြသသင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ပုံမှန်အားဖြင့် မွေးကင်းစကလေးစစ်ဆေးခြင်းတွင် တင်ပါးဆုံအဆစ်အားပျော့ခြင်းကို မဖြစ်မနေ ထည့်သွင်းစစ်ဆေးလေ့ရှိသည်။ ကလေးငယ်၏ ခြေထောက်များကို ပုံစံအမျိုးမျိုးဖြင့် ညင်သာစွာ လှုပ်ရှားစစ်ဆေးခြင်းဖြင့် အဆစ်အနေအထားနှင့် အားပျော့ခြင်း ရှိမရှိ စစ်ဆေးသည်။ ဤစစ်ဆေးမှုသည် ကလေးငယ်ကို တစ်စုံတစ်ရာ နာကျင်စေခြင်းမရှိချေ။ လိုအပ်ပါက အာထရာဆောင်းရိုက် စစ်ဆေးနိုင်သည်။ ထို့အပြင် ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။

အောက်ပါအခြေအနေများတွင် ကလေးငယ်များအား ပုံမှန်စစ်ဆေးမှု၌ အာထရာဆောင်းစစ်ဆေးမှုကို အသက်လေးပတ်ကျော်မှစ၍ ပြုလုပ်သင့်ကြောင်း လေ့လာချက်များအရ သိရသည်။

  • မိသားစုတွင် တင်ပါးဆုံအဆစ်အားနည်းခြင်း ဖြစ်ပွါးဖူးခြင်း
  • ဆုံပိုင်းဖြင့်မွေးခြင်း
  • အမြွှာကိုယ်ဝန်များ စသည်တို့ ဖြစ်သည်။
ကုသခြင်း

တင်ပါးဆုံအရိုးဆစ် အားပျော့ခြင်းရှိသူ ကလေးငယ်အများစုတွင် အသက် (၆) လမတိုင်မီ ရောဂါသိရှိပြီး၊ စနစ်တကျကုသပါက နောက်ဆက်တွဲပြဿနာ ကျန်ရှိနိုင်ခြေ နည်းသည်။ အရိုးအဆစ်တို့သည် ကလေး၏ အသက်အလိုက် ကြီးထွားပြောင်းလဲနေသဖြင့် ကလေး၏အသက်နှင့် ရောဂါပြင်းထန်မှုအပေါ်တွင် မူတည်၍ ကုသမှုအမျိုးမျိုးရှိသည်။

ကလေးအများစုတွင် တင်ပါးဆုံအရိုးအဆစ်အနေအထားမှန်စေရန် အဝတ်စဖြင့် ကျပ်စည်းလေ့ရှိသည် (Pavlik harness)။ ၎င်းကို (၆)ပတ် မှ (၁၂)ပတ်အထိကြာအောင် တောက်လျှောက် ကျပ်စည်းထားရသည်။ သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မဖြုတ်ရပါ။ အထူးသဖြင့်

  • ကျပ်စည်းထားလျက်နှင့် ကလေးကို အဝတ်အစားလဲခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် အိပ်ရာတွင် ကလေးကို ထားရှိရမည့်အနေအထား
  • ကျပ်စည်းထားသည့်အဝတ်စများညစ်ပေလျှင် မဖြုတ်ဘဲ သန့်ရှင်းရေးလုပ်ခြင်း
  • အရေပြားလောင်ခြင်းများ မရှိအောင်ထိန်းသိမ်းခြင်းများကို စနစ်တကျ ပြုစုလုပ်ဆောင်ပေးနိုင်ရန် လိုအပ်သည်။

မွေးကင်းစ အချိန်မှစတင်၍ ကုသမှုမပေးနိုင်ပါက နောက်ဆက်တွဲပြဿနာများ ရှိလာလျှင် (အထူးသဖြင့် ကလေးကြီးများတွင်) ကျောက်ပတ်တီးစီးခြင်း၊ ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရနိုင်သည်။

ကာကွယ်ခြင်း

မွေးရာပါအခြေအနေတစ်ခုဖြစ်သဖြင့် ဆောလျင်စွာ သိရှိကုသခြင်းသည်သာ အဓိကကျသည်။ အရေးကြီးသောအချက်မှာ ကလေးအနှီးစီးခြင်းဖြစ်သည်။ ရောဂါမပြင်းထန်သော ကလေးအချို့တွင် အသက်တစ်လမပြည့်မီ သက်သာလာနိုင်သည်။ သို့သော် ပုံစံမမှန်သော၊ စနစ်မကျသော အနှီးထုတ်နည်းဖြင့်ထုတ်လျှင် အခြေအနေပိုမိုဆိုးရွားစေနိုင်သည်။

References:

  1. Hip dysplasia – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 24, 2024, from https://www.mayoclinic.org/diseases-conditions/hip-dysplasia/symptoms-causes/syc-20350209#:~:text=Overview,are%20born%20with%20the%20condition.
  2. Hip Dysplasia. (2024). Cleveland Clinic. Retrieved July 24, 2024, from https://my.clevelandclinic.org/health/diseases/17903-hip-dysplasia
  3. Hip Dysplasia. (2022). WebMD. Retrieved July 24, 2024, from https://www.webmd.com/children/what-is-hip-dysplasia
  4. International Hip Dysplasia Institute. (2020). Hip-Healthy Swaddling – International Hip Dysplasia Institute. International Hip Dysplasia Institute – It Is the Mission of the International Hip Dysplasia Institute to Reduce the Physical, Social, and Economic Burden for Children and Adults Affected by Neonatal Hip Instability and Developmental Dysplasia of the Hip. Retrieved November 22, 2024 from https://hipdysplasia.org/infant-child/hip-healthy-swaddling/

Share

26 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.