Piles (လိပ်ခေါင်းရောဂါ)

Piles (လိပ်ခေါင်းရောဂါ)

လိပ်ခေါင်းရောဂါ (Piles)သည် စအိုဝ (anus)နှင့် အစာ‌ဟောင်းအိမ် (rectum) အောက်ပိုင်းတွင် ရှိသော သွေးပြန်ကြောလေးများ ဖောင်းလာခြင်း ဖြစ်သည်။

အစာဟောင်းအိမ်အတွင်း ဖြစ်ပွါးပါက အတွင်းလိပ်ခေါင်း ဖြစ်ပြီး စအိုဝပတ်လည်ရှိ အရေပြားအောက်တွင် ဖြစ်ပွါးပါက အပြင်လိပ်ခေါင်း ဖြစ်သည်။ လိပ်ခေါင်းရောဂါ ကုသနည်းများစွာ ရှိသည့်အနက် မိမိကိုယ်တိုင်ကုသပြီး လူနာအများစုတွင် နေထိုင်မှုပုံစံ ပြောင်းလဲရုံဖြင့် လိပ်ခေါင်းရောဂါသက်သာနိုင်သည်။

Piles image1
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

စအိုဝနှင့် အစာ‌ဟောင်းအိမ်အောက်ပိုင်းရှိ သွေးပြန်ကြောများတွင် ဖိအားများလာခြင်းကြောင့် ယင်းသွေးပြန်ကြောများ ဖောင်းပြီးရောင်လာခြင်း ဖြစ်သည်။

သွေးပြန်ကြောများအပေါ် ဖိအားများစေသော အခြေအနေများမှာ –

  • ဝမ်းညှစ်ခြင်း
  • အချိန်ကြာမြင့်စွာ ထိုင်ခြင်း (အထူးသဖြင့် အိမ်သာထိုင်ခြင်း)
  • နာတာရှည် ဝမ်းချုပ်ခြင်း သို့မဟုတ် နာတာရှည် ဝမ်းလျှောခြင်း
  • ကိုယ်အလေးချိန်များခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • စအိုဖြင့် လိင်ဆက်ဆံခြင်း
  • အစားအသောက်တွင် အမျှင်ဓာတ်နည်းခြင်း
  • လေးလံသည့် ပစ္စည်းများ မကြာခဏ ‘မ’ ရခြင်း
ရောဂါလက္ခဏာများ

လိပ်ခေါင်းရောဂါ (Piles)သည် မည်သည့်လက္ခဏာမျှ မပြသနိုင်သလို ဝမ်းညှစ်သည့်အခါ သို့မဟုတ် ဝမ်းသွားသည့်အခါတွင် အောက်ဖော်ပြပါလက္ခဏာများ ခံစားရနိုင်သည်။

  • စအိုဝပတ်လည်တွင် ယားယံခြင်း
  • နာကျင်မှုမရှိဘဲ ဝမ်းသွား သွေးပါခြင်း – အိမ်သာကမုတ်အတွင်း (သို့မဟုတ်) အိမ်သာသုံးစက္ကူပေါ်တွင် နီနီရဲရဲ သွေးစအနည်းငယ် ပါတတ်သည်
  • စအိုဝတွင် နာကျင်ခြင်း – လိပ်ခေါင်းအတွင်း သွေးခဲတည်သည့်အခါ (Thrombosed pile) မခံမရပ်နိုင်အောင် နာကျင်နိုင်သည်၊ စအိုဝတွင် အလုံးစမ်းမိနိုင်သည်
  • စအိုဝမှ အလုံးထွက်ကျလာခြင်း (အထူးသဖြင့် – ဝမ်းသွားသည့်အချိန်)
Piles image 2

လိပ်ခေါင်းရောဂါ အဆင့်သတ်မှတ်ချက်

အဆင့် (၁) – စအိုတွင်းကြည့် မှန်ပြောင်းတိုဖြင့် ကြည့်ရှုစမ်းသပ်မှ တွေ့ရှိရသော လိပ်ခေါင်း
အဆင့် (၂) – ဝမ်းညှစ်သည့်အချိန် စအိုဝအပြင် ထွက်လာပြီး အလိုအလျောက် ပြန်ဝင်သွားသော လိပ်ခေါင်း
အဆင့် (၃) – ဝမ်းညှစ်သည့်အချိန် စအိုဝအပြင် ထွက်လာပြီး လက်ဖြင့် တွန်းတင်မှ ပြန်ဝင်သွားသော လိပ်ခေါင်း
အဆင့် (၄) – စအိုအတွင်း ပြန်မဝင်တော့သည့် လိပ်ခေါင်း

နောက်ဆက်တွဲပြဿနာများ

သွေးအားနည်းခြင်း – ဝမ်းသွား သွေးပါခြင်း တာရှည်ပါက ခန္ဓာကိုယ်အတွင်း သွေးနီဥပမာဏ လျော့နည်းလာကာ သွေးအားနည်းခြင်း ဖြစ်ပွါးနိုင်သည်
လိပ်ခေါင်းထွက်ပြီး ပြန်မဝင်ရာမှ လိပ်ခေါင်းအတွင်း သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း – မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ လိပ်ခေါင်းတွင် အနာဖြစ်ခြင်း၊ ပိုးဝင်ရောင်ရမ်းခြင်း စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်
လိပ်ခေါင်းတွင် သွေးခဲတည်ခြင်း (Thrombosed pile) – တစ်ခါတစ်ရံဖြစ်ပွါးတတ်ပြီး အသက်အန္တရာယ် မရှိတတ်သော်လည်း အလွန်အမင်းနာကျင်သောကြောင့် ယင်းသွေးခဲကို ခွဲစိတ်ဖယ်ထုတ်ရန် လိုအပ်သည်

ဆေးရုံ၊ ဆေးခန်း ပြသရန်

အထက်ဖော်ပြပါ လိပ်ခေါင်းရောဂါလက္ခဏာများ (အထူးသဖြင့် ဝမ်းသွား သွေးပါခြင်းနှင့် ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း) ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ထို့အပြင် အူကင်ဆာ၊ အူမကြီးရောင်ရမ်းနာ စသည့် အူလမ်းကြောင်းဆိုင်ရာ အရေးကြီးရောဂါများတွင်လည်း ဤလက္ခဏာများ ပြသနိုင်သောကြောင့် မပေါ့ဆသင့်ပေ။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် ဝမ်းဗိုက်စမ်းသပ်ခြင်း စသည်တို့ကို ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထို့နောက် –

စအိုအတွင်း လက်ညိုးထည့်စမ်းသပ်ခြင်း – ဆရာဝန်မှ လက်အိတ်စွပ်ကာ ထုံဆေးဂျယ်လ်လိမ်းထားသော လက်ညိုးဖြင့် စအိုနှင့် အစာဟောင်းအိမ်အတွင်း သွေးကြောဖောင်းများ စမ်းသပ်ရှာဖွေမည်
စအိုမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း – သတ္တု (သို့မဟုတ်) ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော မှန်ပြောင်းတိုထည့်သွင်းကာ စအိုနှင့် အစာဟောင်းအိမ်နံရံများကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်း – အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ ဖြစ်ပွါးနိုင်ခြေများသူ၊ အခြားအူမကြီးရောဂါလက္ခဏာများရှိခြင်းနှင့် အသက် (၅၅)နှစ်အထက် အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးသူ စသည့် အခြေအနေများတွင် အူမကြီး လမ်းကြောင်းတစ်လျှောက်လုံး ကြည့်ရှုစစ်ဆေးရန် ညွှန်ကြားနိုင်သည်

ကုသခြင်း

မိမိကိုယ်တိုင်ကုသနည်းများ

အမျှင်ဓာတ်များသော အစားအစာများ စားပါ။ အမျှင်ဓာတ်များသော အစားအစာများသည် ဝမ်းပျော့စေပြီး ဝမ်းတုံးအရွယ်ကြီးစေသောကြောင့် ဝမ်းညှစ်ရန်မလိုအပ်ဘဲ ဝမ်းသွားရလွယ်ကူစေသည်။

လိမ်းဆေးများ

လိပ်ခေါင်းလိမ်းဆေးခရင်မ်များ၊ စတီးရွိုက်ပါသော စအိုတွင်းထည့် ဆေးတောင့်များ၊ ထုံဆေးပါသော လိမ်းဆေးများသည် လိပ်ခေါင်းကြောင့်ဖြစ်သော နာကျင်ရောင်ရမ်းမှုများကို သက်သာစေသည်။ စတီးရွိုက်ပါသော လိမ်းဆေးများသည် အရေပြားကို ထိခိုက်စေသောကြောင့် တစ်ပတ်ထက်ပို၍ မသုံးစွဲသင့်ပါ။

ဇလုံအတွင်း ရေ‌နွေးထည့်ထိုင်ခြင်း

ရေဇလုံအတွင်း ကြက်သီးနွေးရုံ ရေ‌ထည့်ပါ။ စအိုဧရိယာ (သို့မဟုတ်) တင်ပါးမြုပ်ရုံ တစ်ကြိမ်လျှင် (၁၀ – ၁၅)မိနစ်၊ တစ်နေ့ (၃)ကြိမ် ထိုင်ပါ။ ဆပ်ပြာ (သို့မဟုတ်) အခြားဆေးဝါးများ ထည့်ရန်မလိုပါ။ ယင်းသို့ပြုလုပ်ခြင်းဖြင့် စအိုတစ်ဝိုက် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေခြင်းနှင့် စအိုကြွက်သားများကို ပြေလျော့စေသော ကောင်းကျိုးများရရှိသည်။

အထက်ပါ အိမ်တွင်းကုသနည်းများဖြင့် လိပ်ခေါင်းရောဂါလက္ခဏာများ သက်သာပျောက်ကင်းနိုင်သည်။ ပြင်းထန်စွာနာကျင်ခြင်း၊ ဝမ်းသွားသွေးပါခြင်း သို့မဟုတ် အိမ်တွင်းကုသနည်းများဖြင့် မသက်သာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

သားရေကွင်းပစ် ကုသခြင်း (Rubber band ligation)

လိပ်ခေါင်းအရင်းပိုင်းအား အထူးပြုလုပ်ထားသော ကိရိယာငယ်ကိုသုံးပြီး သေးငယ်သော သားရေကွင်းဖြင့်ပစ်၍ လိပ်ခေါင်းသို့ သွေးစီးဆင်းမှု ဖြတ်တောက်ခြင်းဖြင့် လိပ်ခေါင်းရှုံ့သွားပြီး တစ်ပတ်အတွင်း ကြွေကျသွားမည်ဖြစ်သည်။ သားရေကွင်းပစ် ကုသခြင်းသည် တစ်ခါတစ်ရံ (၂)ရက် မှ (၄)ရက်အထိ သွေးအနည်းငယ် ထွက်တတ်သော်လည်း မပြင်းထန်တတ်ပါ။

လိပ်ခေါင်း ဆေးထိုးခြင်း (Sclerotherapy)

လိပ်ခေါင်းရှုံ့သွားစေရန် လိပ်ခေါင်းတစ်ရှူးအတွင်းသို့ ဓာတုဆေးရည် ထိုးသွင်းကုသခြင်းဖြစ်သည်။ ဆေးထိုးခြင်းသည် နာကျင်မှုမရှိသော်လည်း သားရေကွင်းပစ် ကုသခြင်းထက် ထိရောက်မှု ပိုနည်းသည်။

လိပ်ခေါင်းသွေးကြောများခဲခြင်း (Coagulation)

လေဆာ (သို့မဟုတ်) အနီအောက်ရောင်ခြည်ကို အသုံးပြုကာ လိပ်ခေါင်းသွေးကြောများကို ခဲစေခြင်းဖြင့် အရွယ်သေးငယ်သော လိပ်ခေါင်းများကို ကုသသည်။ ဘေးထွက်ဆိုးကျိုးအနည်းငယ်သာ ရှိပြီး နာကျင်မှုလည်း နည်းပါးသည်။

ခွဲစိတ်ကုသခြင်း

အရွယ်အစားကြီးသော လိပ်ခေါင်းနှင့် အခြားကုသနည်းများဖြင့် မသက်သာသော လိပ်ခေါင်းများကို ခွဲစိတ်ကုသရန်လိုသည်။

လိပ်ခေါင်းခွဲစိတ်ဖြတ်ထုတ်ခြင်း (Haemorrhoidectomy)

အဆင့်(၃)နှင့် အဆင့်(၄) လိပ်ခေါင်းများ၊ နာကျင်နေသော လိပ်ခေါင်းများ၊ စအိုအတွင်းပြန်ထည့်၍ မရတော့သော လိပ်ခေါင်းများ၊ မကြာခဏပြန်ဖြစ်သော လိပ်ခေါင်းများတွင် ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် အထိရောက်ဆုံး ကုသမှုဖြစ်သည်။ သွေးထွက်နေသော သို့မဟုတ် ပိုနေသော လိပ်ခေါင်းအသားတစ်ရှူးများကို သင့်တော်သော ခွဲစိတ်နည်းဖြင့် ဖြတ်ထုတ်ကုသသည်။ ခါးဆစ်ရိုးထုံဆေး (သို့မဟုတ်) မေ့ဆေး အသုံးပြု၍ ခွဲစိတ်သည်။ ခါးဆစ်ရိုးထုံဆေး အသုံးပြုပါက ခွဲစိတ်ပြီးချိန်တွင် ဆီးသွားရခက်နိုင်သည်။ ခွဲစိတ်ပြီးနောက်တွင် နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး အနာပျောက်ဆေးများ သောက်သုံးခြင်း၊ ရေနွေးထိုင်ခြင်းဖြင့် အနာသက်သာပျောက်ကင်းနိုင်သည်။

စတက်ပလာအသုံးပြု ခွဲစိတ်ကုသခြင်း (Stapled Haemorrhoidopexy)

လိပ်ခေါင်းတစ်ရှူးများသို့ သွားသော သွေးကြောများ ပိတ်ခြင်း ဖြစ်သည်။ စအိုပတ်ပတ်လည်ဖြစ်သော လိပ်ခေါင်းများနှင့် စအိုအပြင်ကျွံထွက်လာသော လိပ်ခေါင်းများတွင် အသုံးပြုသည်။ ခွဲစိတ်ဖြတ်ထုတ်ခြင်းထက် နာကျင်မှုသက်သာပြီး နာလန်ထပိုမြန်သည်။ သို့သော် နောက်ဆက်တွဲပြဿနာအနေဖြင့် ခွဲစိတ်ပြီးနောက် သွေးထွက်များခြင်း၊ ဆီးမသွားနိုင်ခြင်း၊ အနာရင်းပြီးပိုးဝင်ခြင်းစသည့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။
ထို့အပြင် စတက်ပလာအသုံးပြု ခွဲစိတ်ကုသခြင်းသည် လိပ်ခေါင်းပြန်လည်ဖြစ်ပွါးနှုန်း (Recurrence) များပြီး အစာဟောင်းအိမ် စအိုမှ ကျွံကျခြင်း (Rectal Prolapse) ဖြစ်တတ်သည်။

ကာကွယ်ခြင်း

ဝမ်းသွားရလွယ်စေရန် ဝမ်းပျော့ပျော့သွားရန် ဂရုပြုခြင်းသည်သာ အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်။ အောက်ဖော်ပြပါ အချက်များကို လိုက်နာပါ။

  • အချိန်ကြာမြင့်စွာ မထိုင်ပါနှင့်၊ အထူးသဖြင့် အိမ်သာတွင် အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဥ်ပါ
  • ဝမ်းသွားချင်သည့်အခါ အောင့်မထားဘဲ အိမ်သာချက်ချင်းသွားပါ
  • ဝမ်းသွားသည့်အခါ အလွန်အမင်း ဝမ်းမညှစ်ပါနှင့်
  • တစ်နေ့လျှင် အနည်းဆုံး ရေဖန်ခွက် (၆)ခွက် မှ (၈)ခွက် (သို့မဟုတ်) တတ်နိုင်သမျှ အရည်များများသောက်ပါ
  • အမျှင်ဓာတ်များသော အစားအစာများဖြစ်သည့် အသီးအရွက်နှင့် အစေ့အဆန်များ ပိုမိုစားသုံးပါ၊ သို့မဟုတ် အမျှင်ဓာတ်ဖြည့်စွက်ဆေးများ သောက်သုံးပါ၊ လူတစ်ဦးသည် ပျှမ်းမျှအားဖြင့် တစ်နေ့လျှင် အမျှင်ဓာတ် (၂၅)ဂရမ် မှ (၃၅)ဂရမ် လိုအပ်သည်
  • လေ့ကျင့်ခန်းပြုလုပ်ပါ၊ ကိုယ်လက်လှုပ်ရှားခြင်းသည် ဝမ်းသွားရလွယ်ကူစေသည်
  • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဝမ်းပျော့ဆေးများ သောက်သုံးပါ။

References:

  1. Hemorrhoids – Symptoms and causes. (n.d.). Mayo Clinic. Retrieved November 11, 2024, from https://www.mayoclinic.org/diseases-conditions/hemorrhoids/symptoms-causes/syc-20360268,
  2. Hemorrhoids. (2024). Cleveland Clinic. Retrieved November 11, 2024, from https://my.clevelandclinic.org/health/diseases/15120-hemorrhoids#symptoms-and-causes,
  3. Jeyarajah S. (2022). Colorectal surgery. Oxford Handbook of Clinical Surgery (5th ed., pp. 516). OUP.

Share

26 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.