လည်ပင်းကျီးပေါင်းရောဂါသည် လည်ပင်းရိုးအဆစ်ပိုင်း တစ်ခုနှင့်တစ်ခုအကြားရှိ ဂျယ်လီအရည်အိတ်များအတွင်း ရေဓာတ်ခန်းခြောက်ပြီး ပြားသွားသဖြင့် အရိုးဆစ်ချင်း နီးကပ်ပွတ်တိုက်ရာမှ အရိုးမှ ကျီးပေါင်းအတက်ထွက်ခြင်းကို ခြုံငုံ၍ခေါ်ခြင်းဖြစ်သည်။ အသက်ကြီးသူများတွင် ပို၍ဖြစ်တတ်ပြီး အသက်(၆၀)ကျော် လူကြီးများ၏ (၈၀%)တွင် လည်ပင်းကျီးပေါင်းတက်ခြင်းကို တွေ့ရသည်။ လည်ပင်းကျီးပေါင်းရှိတိုင်း ရောဂါလက္ခဏာပြခြင်း မရှိတတ်ပေ။ အများစုတွင် ဇက်ကြောတက်ခြင်း၊ လည်ပင်းနာခြင်းတို့သာ ဖြစ်တတ်သည်။ သို့သော် အချို့တွင် လည်ပင်းအရိုးဆစ်များကြားမှ ထွက်လာသော အာရုံကြောများပိခြင်း၊ ကျောရိုးတွင်းရှိ အာရုံကြောမကြီးပိခြင်းများကြောင့် လက်ပိုင်းနှင့် ခန္ဓာကိုယ်အောက်ပိုင်းတွင် အာရုံကြောဆိုင်ရာလက္ခဏာများ ခံစားရနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကျောရိုးနှင့် လည်ပင်းအရိုးဆစ်များသည် နေ့စဥ်လှုပ်ရှားပွတ်တိုက်သည့်ဒဏ်ကြောင့် ပွန်းပဲ့လာသည်။ ပုံမှန်အတိုင်းဆိုလျှင် လည်ပင်းအရိုးဆစ်များ တစ်ခုနှင့်တစ်ခု အကြားတွင် လှုပ်ရှားမှုလွယ်ကူစေရန်နှင့် ဒဏ်မပိစေရန် အရိုးနုပြားနှင့် ဂျယ်လီကဲ့သို့အရည်အိတ်ဖြင့်ခုခံထားသည်။ အသက်(၄၀)ကျော်သည်နှင့် အဆိုပါအရည်အိတ်အတွင်းရှိ အရည်မှာ စတင်လျော့နည်းလာပြီး လူကြီးပိုင်းရောက်သည့်အခါ ခန်းခြောက်သွားသဖြင့် အရိုးနုပြားနှင့်အရည်အိတ်သည် ကျုံ့ပြီးသေးငယ်သွားသည်။ အပေါ်အောက် အရိုးဆစ်နှစ်ခု နီးကပ်လာပြီး ပွတ်တိုက်မှု ပိုဆိုးလာသည်။ အရိုးချင်းပွတ်တိုက်လျှင် အရိုးအတက်ထွက်လာသည်။ အရိုးဆစ်များကြားရှိ အရည်အိတ်ပေါက်သည့်အခါ အတွင်းမှဝတ်ဆံသည် လက်သို့သွားသော အာရုံကြောများကိုပိကာ ထုံကျဥ်ခြင်း၊ နာခြင်း၊ ကြွက်သားအားပျော့ခြင်းများ ဖြစ်နိုင်သည်။ အကယ်၍ ဝတ်ဆံသည် ကျောရိုးအာရုံကြောမကြီးကို ပိလျှင် ခန္ဓာကိုယ်အောက်ပိုင်း ထုံကျဥ်ခြင်း၊ နာကျင်ခြင်း၊ ကြွက်သားအားပျော့၍ လမ်းမလျှောက်နိုင်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်းများ ဖြစ်နိုင်သည်။ အချို့တွင် ဦးခေါင်းသွေးကြောအားပိမိလျှင် ခေါင်းမူးခြင်းဖြစ်နိုင်သည်။ လည်ပင်းကျီးပေါင်းတက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများတွင် အသက်ကြီးခြင်းသည် အဓိကအကြောင်းရင်းဖြစ်သော်လည်း အောက်ပါတို့ကြောင့် အသက်ငယ်စဉ်ကပင် ဖြစ်နိုင်သည်။
- လည်ပင်းထိခိုက်ဒဏ်ရာရဖူးခြင်း
- လုပ်ငန်းခွင်သဘာဝအရ လည်ပင်းအား ဖိအားကျရောက်စေခြင်း (ဥပမာ_ကြာရှည်စွာ ငုံ့၍ အလုပ်လုပ်ရခြင်း၊ အလေးအပင်ထမ်းရခြင်း)
- မျိုးရိုးဗီဇ (မိသားစုအတွင်း လည်ပင်းကျီးပေါင်း ဖြစ်သူရှိခြင်း)
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ရောဂါလက္ခဏာများ
လည်ပင်းကျီးပေါင်း ရှိသူအများစုတွင် ရောဂါလက္ခဏာများခံစားရလေ့မရှိပေ။ ကျီးပေါင်းရှိသူများ၏ (၁၀)ရာခိုင်နှုန်း မှ (၁၅)ရာခိုင်နှုန်းတွင်သာ ရောဂါလက္ခဏာများပြတတ်သည်။
- ဇက်ကြောတက်ခြင်း_လည်ပင်းနှင့်ပခုံးကြွက်သားများ တင်း၍နာကျင်ခြင်း ဖြစ်သည်
- ထုံခြင်း၊ နာကျင်ခြင်း_လက်မောင်း၊ လက်ဖျံမှ လက်ချောင်းများအထိ နာကျင်နိုင်သည်၊ လည်ပင်းအား လှုပ်ရှားခြင်း၊ ကြာရှည်မတ်တတ်ရပ်ခြင်း၊ ထိုင်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းများတွင် ပို၍နာကျင်တတ်သည်
- ကြွက်သားအားပျော့ခြင်း_တံတောင်ဆစ် အကွေးအဆန့်အားနည်းခြင်း၊ လက်မှ ပစ္စည်းများလွတ်ကျခြင်း၊ မြဲမြံစွာမကိုင်နိုင်ခြင်း၊ ဇွန်းခရင်း၊ တူတို့ကို ကောင်းစွာမကိုင်နိုင်ခြင်း
- လမ်းလျှောက်ရာတွင် ဟန်ချက်မထိန်းနိုင်ခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်းအားပျော့ခြင်း (အာရုံကြောမကြီးပိသည့် လက္ခဏာဖြစ်သည်)
- ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း (အာရုံကြောမကြီးပိသည့် လက္ခဏာဖြစ်သည်)
ဆေးရုံ၊ ဆေးခန်းပြသရန်
သာမန်ဇက်ကြောတက်ခြင်း၊ လည်ပင်းတင်းခြင်းများတွင် အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ အနားယူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သက်သာနိုင်သော်လည်း ရုတ်တရက် ပြင်းထန်စွာ လက်၊ ခြေထောက် ထုံကျဥ်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်းဖြစ်လျှင် အာရုံကြောပိခြင်းဖြစ်နိုင်သဖြင့် မိသားစုဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ကုသမှု ခံယူရမည်။ ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ပြီး လိုအပ်ပါက အရိုးအထူးကုဆရာဝန်ထံ ဆက်လက်ပြသစေမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ လည်ပင်း၏လှုပ်ရှားမှု၊ ထုံကျဥ်သည့်အကြောင်းရင်း၊ အာရုံကြောများပိခြင်း အခြေအနေများကို စမ်းသပ်ပြီး လိုအပ်ပါက အောက်ပါစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လိမ့်မည်။
- လည်ပင်းဓာတ်မှန်ရိုက်ခြင်း_ဓာတ်မှန်တွင် လည်ပင်းအရိုးဆစ်များ၏တည်ဆောက်ပုံ၊ အရိုးအတက်များ (ကျီးပေါင်း) တည်ရှိပုံများကို တွေ့ရှိနိုင်သည်၊ ထို့ပြင် လည်ပင်းရိုးများတွင် ဖြစ်တတ်သည့် အရိုးတီဘီရောဂါ၊ အရိုးပိုးဝင်ခြင်း၊ ကင်ဆာနှင့် အရိုးကျိုးခြင်းများကိုပါ ခွဲခြားသိရှိနိုင်သည်
- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း_လည်ပင်းရိုးများ၏ တည်ဆောက်ပုံကို ပိုမိုတိကျစွာသိနိုင်သည့်အပြင် ခါးဆစ်မှ ဆေးထိုးပြီး ပုံဖော်ကြည့်လျှင် အာရုံကြောမကြီးနှင့် အာရုံကြောများပိခြင်း ရှိမရှိ ထင်ရှားစွာတွေ့နိုင်သည်
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း_သံလိုက်ဓာတ်မှန်ဖြင့် အာရုံကြော၊ ကြွက်သား၊ သွေးကြောများကို ပိုမိုပြတ်သားစွာ စစ်ဆေးနိုင်ပြီး ပိခြင်း၊ ညပ်ခြင်းရှိနေသော အာရုံကြောကို တိကျစွာသိနိုင်သည် အာရုံကြောညပ်သည့် လက္ခဏာမရှိသေးလျှင် သံလိုက်ဓာတ်မှန် အရေးပေါ်ရိုက်ရန် မလိုအပ်ပေ
- ကြွက်သားလျှပ်စီးလှိုင်းတိုင်းတာခြင်း_မည်သည့်အာရုံကြောတွင် ပြဿနာရှိကြောင်းသိနိုင်သည်
- အာရုံကြောလျှပ်စီးလှိုင်းတိုင်းတာခြင်း_ပိညပ်နေသည့်အာရုံကြောကို သိရှိနိုင်သည်။
ကုသခြင်း
လည်ပင်းကျီးပေါင်းရောဂါအား ကုသခြင်းတွင် နာကျင်မှုသက်သာစေရန်၊ ပိုမိုဆိုရွားလာခြင်းမရှိရန်နှင့် သက်တောင့်သက်သာ နေထိုင်နိုင်ရန်ကို ရည်ရွယ်၍ ကုသမှုပေးသည်။ လူနာအများစုသည် ဆေးကုသမှုဖြင့် သက်သာနိုင်ပြီး လူနာများ၏ (၅)ရာခိုင်နှုန်း မှ (၁၀)ရာခိုင်နှုန်းသာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နိုင်သည်။
ဆိုးရွားခြင်းမရှိလျှင် လူနာသည် မိမိကိုယ်တိုင် သက်သာပျောက်ကင်းအောင် ကုသနိုင်သည်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ လည်ပင်းလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ လည်ပင်းကော်လာ(အပျော့) တပ်ဆင်ခြင်းတို့ဖြင့် သက်သာနိုင်သည်။ လည်ပင်းကော်လာကို တာရှည်တပ်လျှင် ကြွက်သားများအားပျော့နိုင်သဖြင့် အချိန်ပိုင်းမျှသာ ဝတ်ဆင်သင့်သည်။
- ဆေးဝါးဖြင့်ကုသခြင်း
ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးဖြင့် မသက်သာလျှင် ဆရာဝန်မှ အောက်ပါဆေးများ ကိုပေးလိမ့်မည်။- စတီးရွိုက်မဟုတ်သည့်အရောင်ကျဆေးများ – Ibuprofen၊ Naproxen စသည့်ဆေးများသည် ဆရာဝန်ဆေးစာမလိုဘဲ သောက်နိုင်သည်၊ သက်သာမှုမရှိလျှင် Diclofanac၊ Opoids စသည့် ပိုမိုပြင်းသည့် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရမည်
- စတီးရွိုက်ဆေးများ – နာကျင်မှု ဆိုးရွားလျှင် Prednisolone ကဲ့သို့ စတီးရွိုက်ဆေးကိုညွှန်ကြားလိမ့်မည်၊ လိုအပ်ပါက စတီးရွိုက်ထိုးဆေးကိုအသုံးပြုနိုင်သည်
- ကြွက်သားပြေလျှော့ဆေးများ – Cyclobenzaprine၊ Methocarbamol၊ Orphenadrine စသောဆေးများသည် ကြွက်သားတောင့်တင်းခြင်းကို သက်သာနိုင်သည်
- အာရုံကြောလှုံ့ဆော်မှုနည်းစေသည့်ဆေးများ – အလွန်ပြင်းထန်လျှင် Carbamazepine၊ Gabapentin၊ Pregabalin စသည့် အာရုံကြောလှုံ့ဆော်မှု နည်းစေသည့်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရမည်။
- ကာယကုထုံးဖြင့် ကုသခြင်း
နာကျင်မှုနှင့် ကြွက်သားတောင့်တင်းခြင်းကို ကုသရန် အကောင်းဆုံးဖြစ်သည်။ လည်ပင်းနှင့်ပခုံး ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းများ၊ လည်ပင်းလှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ အပူကုထုံး၊ လျှပ်စစ်လှုံ့ဆော်မှုကုထုံး၊ လေဆာကုထုံးများဖြင့် ကုသနိုင်သည်။ အချို့လူနာများတွင် လည်ရိုးဆစ်များပိခြင်းကို လည်ပင်းခဲဆွဲခြင်းကုထုံး (Traction)ဖြင့် သက်သာစေနိုင်သည်။ မည်သည့်ကာယကုထုံးဖြင့် သက်သာနိုင်သည်ဆိုသည်မှာ လူနာ တစ်ဦးနှင့်တစ်ဦး မတူညီပေ။ - ခွဲစိတ်ကုသခြင်း
အထက်ပါကုသနည်းများဖြင့် ကုသသော်လည်း သက်သာပျောက်ကင်းမှုမရှိခြင်း၊ အာရုံကြောနှင့် အာရုံကြောမကြီးပိသောကြောင့် ကြွက်သားများပျက်စီးခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ နေ့စဉ်လူနေမှုဘဝကို လူနာကိုယ်တိုင် မစွမ်းဆောင်နိုင်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်းများ ရှိလာလျှင်မူ ခွဲစိတ်ကုသရန် လိုအပ်လာသည်။ ကျွံထွက်သည့် အရည်အိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း၊ အရိုးအတက် (ကျီးပေါင်း)ကို ခွဲစိတ်ဖယ်ရှားခြင်း၊ အာရုံကြောများ ပိညပ်ခြင်းမှလွတ်အောင် ဖယ်ရှားခြင်း၊ လည်ရိုးဆစ်များ ခိုင်ခန့်စေရန် ခွဲစိတ်ခြင်းများ ပြုလုပ်ရလေ့ရှိသည်။
ကာကွယ်ခြင်း
လည်ပင်းကျီးပေါင်းရောဂါသည် အသက်အရွယ်ကြီးခြင်းနှင့် သက်ဆိုင်သောကြောင့် မဖြစ်စေရန် ကြိုတင်ကာကွယ်၍မရနိုင်ပေ။ သို့သော်လည်း ရောဂါလက္ခဏာများ ဆိုးရွားလာခြင်းမရှိစေရန်မူ ပြုမူနေထိုင်ပုံများ ပြုပြင်သင့်သည်။
- ခန္ဓာကိုယ်အလေးချိန်ထိန်းပါ
- လည်ပင်းအား ကြာရှည် ပင်ပန်းစေမည့် ငုံ့ခြင်း၊ မော့ခြင်း (စာဖတ်ခြင်း၊ ဖုန်းကြည့်ခြင်း၊ တီဗွီကြည့်ခြင်း၊ ဂေါက်သီးရိုက်ခြင်း)၊ အလေးအပင်ထမ်းခြင်း၊ အလေးအပင်ရွက်ခြင်း မပြုလုပ်ရ
- လည်ပင်းကြွက်သား သန်မာစေမည့် လေ့ကျင့်ခန်းများပုံမှန်ပြုလုပ်ပါ
- ဆေးလိပ်ဖြတ်ပါ
- နာကျင်ခြင်း၊ ထုံကျဥ်ခြင်း ပိုမိုဆိုးရွားစေမည့် ကိုယ်ဟန်အနေအထားကို ရှောင်ကြဉ်ပါ
References:
- Cervical spondylosis – Diagnosis & treatment – Mayo Clinic. (2023). Retrieved November 14, 2024, from Mayo Clinic. https://www.mayoclinic.org/diseases-conditions/cervical-spondylosis/diagnosis-treatment/drc-20370792
- Delgado, A. (2024). Cervical Spondylosis. Healthline. Retrieved November 14, 2024, from https://www.healthline.com/health/cervical-spondylosis#risk-factors
- Cervical Radiculopathy (Pinched Nerve). (2024). Cleveland Clinic. Retrieved November 14, 2024, from https://my.clevelandclinic.org/health/diseases/22639-cervical-radiculopathy-pinched-nerve
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.