High Risk Pregnancy (အန္တရာယ်များသောကိုယ်ဝန်ဆောင်မိခင်များ)

High Risk Pregnancy (အန္တရာယ်များသောကိုယ်ဝန်ဆောင်မိခင်များ)

သာမန်ကိုယ်ဝန်ဆောင်မိခင်များနှင့်မတူဘဲ အထူးဂရုစိုက်ရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များကို အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များဟု သတ်မှတ်ထားသည်။ အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်ဟု သတ်မှတ်ထားလျှင် မိခင် (သို့မဟုတ်) ကလေးသည် သာမန်ထက်ပို၍ နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာ ပြဿနာများ ခံစားရနိုင်ခြေရှိသောကြောင့် ကိုယ်ဝန်‌ဆောင်စဥ် မိမိ၏ သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် မကြာခဏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရသည်။ သို့မှသာ ကျန်းမာရေးဆိုင်ရာပြဿနာများကို အချိန်မီသိရှိကုသနိုင်ပြီး အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချနိုင်မည် ဖြစ်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များတွင် အောက်ပါရောဂါအခြေအနေများ ပါဝင်သည်။

  • ကိုယ်ဝန်မရှိခင်ကတည်းက ကျန်းမာရေးကောင်းမွန်မှု မရှိခြင်း (Preexisting health conditions) – ကိုယ်ဝန်မဆောင်မီ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးရောဂါ၊ ကင်ဆာရောဂါ၊ လည်ပင်းသိုင်းရွိုက်ရောဂါ၊ သွေးအားနည်းရောဂါ၊ လေးဖက်နာရောဂါ၊ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်သောရောဂါ (Autoimmune disorders) များရှိခြင်း
  • ကိုယ်ဝန်နှင့်ဆက်စပ်၍ ဖြစ်ပွါးသော ရောဂါအခြေအနေများ (Pregnancy-related health conditions) – ယခုလက်ရှိ ကိုယ်ဝန်ဆောင်နေစဉ် သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ အမြွှာကိုယ်ဝန်ဆောင်ဖြစ်ခြင်း
  • သဘာဝအတိုင်း ကိုယ်ဝန်ရရှိရန် ခက်ခဲသောကြောင့် အကူနည်းလမ်းများဖြင့် ကိုယ်ဝန်ရရှိအောင် ကြိုးစားထားသော ကိုယ်ဝန်ဆောင်ဖြစ်ခြင်း
  • အချင်းရှေ့ရောက်နေသော ကိုယ်ဝန်ဆောင်မိခင်များ
  • ဆုံပိုင်းနှင့်ဦးတိုက်ထားသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးအနေအထား မမှန်သော ကိုယ်ဝန်ဆောင်မိခင်များ
  • ရေမြွှာရည်များသော သို့မဟုတ် နည်းသော ကိုယ်ဝန်ဆောင်မိခင်များ
  • ကလေးကြီးထွားမှုနှုန်း နှေးနေသော ကိုယ်ဝန်ဆောင်မိခင်များ
  • ကလေး ခန့်မှန်းမွေးဖွားပေါင်ချိန် သေးလွန်း၊ ကြီးလွန်းသော ကိုယ်ဝန်ဆောင်မိခင်များ
  • အသက် (၁၈)နှစ်အောက်နှင့် (၃၅)နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်များ
  • ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေး အသုံးပြုနေသော ကိုယ်ဝန်ဆောင်မိခင်များ
  • ယခင်ကိုယ်ဝန်များတွင် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ဆီးချို သွေးချိုရောဂါများရှိခြင်း၊ မွေးဖွားရက်မတိုင်မီ သွေးဆင်း၊ ရေဆင်းခြင်းနှင့် လမစေ့ဘဲ မွေးဖွားရခြင်း၊ အချင်းကွာခြင်း၊ သွေးသွန်ခြင်းရှိဖူးသူများ
  • မကြာခဏ ကိုယ်ဝန်ပျက်ကျခဲ့သူများ
  • ကိုယ်ဝန်တစ်ခုနှင့်တစ်ခု နီးကပ်လွန်း၊ ဝေးကွာလွန်းသူများ
  • သားအိမ်ခေါင်းမလုံ၍ ခန့်မှန်းမွေးဖွားရက်မတိုင်မီ စောစီးစွာ မွေးဖွားရသူများ ပါဝင်သည်။
ရောဂါလက္ခဏာများ

အထက်ပါရောဂါ အခြေအနေများရှိသည်သာမက အောက်ပါရောဂါလက္ခဏာ တစ်ခုခုကိုပါ ယှဉ်တွဲခံစားရပါကလည်း အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်ဟု သတ်မှတ်နိုင်သည်။

  • ဗိုက်ဆက်တိုက်အောင့်နေခြင်း၊ ရင်ဘတ်အောင့်ခြင်း
  • ခေါင်းမူးပြီး သတိလစ်ချင်သလို ခံစားရခြင်း
  • မောပန်းနွမ်းနယ်မှု အလွန်အကျွံဖြစ်ခြင်း
  • ကလေးလှုပ်ရှားမှု နှေးကွေးသွားခြင်း၊ မလှုပ်တော့ခြင်း
  • အဖျား (၁၀၀.၄) ဒီဂရီ ဖာရင်ဟိုက်ထက်များခြင်း
  • နှလုံးတုန်ခြင်း
  • သာမန်ထက်ပို၍ ပျို့အန်ခြင်း၊ ခေါင်းကိုက်လွန်းခြင်း
  • မျက်နှာနှင့် ခြေလက်များ ရောင်ရမ်းနီရဲ၍ နာကျင်ခြင်း၊ အသက်ရှူရခက်ခဲခြင်း
  • မိမိကိုယ်ကို (သို့မဟုတ်) ကလေးငယ်ကို အန္တရာယ်ပြုလိုစိတ်ရှိနေခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ရေမြွှာရည်ဆင်းခြင်း တို့ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ

အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များတွင် အောက်ဖော်ပြပါ မိခင် (သို့မဟုတ်) ကလေးငယ်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်။

  1. ကိုယ်ဝန်ဆောင်နေစဉ် သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း
  2. မွေးဖွားပေါင်ချိန် သေးလွန်း၊ ကြီးလွန်းခြင်း၊ လမစေ့ဘဲ မွေးဖွားရခြင်း
  3. ခွဲစိတ်မွေးဖွားရခြင်း
  4. ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်၊ မွေးဖွားပြီးနောက် သွေးသွန်ခြင်းများ
  5. ကလေးတွင် မွေးရာပါချို့ယွင်းချက် ပါလာခြင်း၊ ဦးနှောက်ချို့ယွင်းချက်ရှိခြင်း
  6. ကလေးငယ်အား မွေးကင်းစဆောင်သို့ ဆေးရုံတင်ရနိုင်ခြင်း
  7. မိခင်အား အထူးကြပ်မတ်ခန်းတွင် စောင့်ကြည့်ကုသမှု ခံယူရနိုင်ခြင်း
  8. ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးအသေမွေးဖွားခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ရှိလျှင် သို့မဟုတ် ရှိမရှိ မသေချာပါက မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များသည် သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် ရက်ချိန်း မပျက်မကွက်ပြသရန်လိုပြီး သာမန်ထက် ကိုယ်ဝန်စောင့်ရှောက် စစ်ဆေးကုသမှု စနစ်တကျခံယူရန် လိုအပ်သည်။ သွေးနှင့်ဆီးများ မကြာခဏစစ်ဆေးရခြင်း၊ မကြာခဏအာထရာဆောင်း ရိုက်ရခြင်းတို့အပြင် လိုအပ်လျှင် အခြားသော သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ချိတ်ဆက်ပြီး မိခင်နှင့်ကလေး ဘေးကင်းစေရန်၊ ဆိုးကျိုးအနည်းဆုံးဖြစ်စေရန် အကောင်းဆုံး ဆွေးနွေးတိုင်ပင်ကုသရမည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များသည် မိမိတွင် သံသယရှိသော ရောဂါလက္ခဏာများ ခံစားရပါက စောစီးစွာစစ်ဆေးမှု၊ ရောဂါရှာဖွေမှုနှင့် ကုသမှုများ ပြုလုပ်ခြင်းဖြင့် မိခင်နှင့်ကလေး အသက်ဆုံးရှုံးရခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။

မိခင်နှင့်ကလေး နှစ်ဦးစလုံးအတွက် ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရာတွင်_

  1. သွေး၊ ဆီးများစစ်ဆေး၍ မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ၊ မွေးရာပါ ချို့ယွင်းချက်များ ရှိမရှိ စစ်ဆေးခြင်း
  2. အာထရာဆောင်းရိုက်၍ ကလေးငယ်တွင် မွေးရာပါချို့ယွင်းချက်များကို စိစစ်ရှာဖွေခြင်း
  3. သန္ဓေသားကလေးငယ်၏ ဇီဝရူပ ဖြစ်ပေါ်ပုံအဆင့်ဆင့် [biophysical profile _ ကလေး၏ အသက်ရှူမှု၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကြွက်သားတောင့်တင်းမှု၊ ရေမြွှာရည် ပမာဏ၊ သ‌န္ဓေသားကလေးငယ် လှုပ်ရှားနေချိန်တွင် ဖြစ်ပေါ်သော ကလေး၏နှလုံးတုံ့ပြန်မှုများ] တို့ကို တိုင်းတာ၍ စောင့်ကြည့်စစ်ဆေးနေခြင်းများ ပါဝင်သည်။
ကုသခြင်း

သက်ဆိုင်ရာအန္တရာယ်ရှိနေမှု အမျိုးအစားပေါ်တွင် မူတည်၍ အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်ခံရမှု၊ ကုသမှုများကွဲပြားသည်။ ကျန်းမာ​ရေးစောင့်ရှောက်မှု အစီအစဉ်များတွင် _

  • သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနှင့် ပုံမှန်ရက်ချိန်းများထက် ပို၍ အကြိမ်ရေများပြီး စောင့်ရှောက်မှု ခံယူရခြင်း
  • ကလေးအထူးကုဆရာဝန်ကြီးများနှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရခြင်း
  • အခြားသော ဆေးကုသဆိုင်ရာ အထူးပြုသမားတော်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်း
  • ကလေး၏ ကျန်းမာရေး တိုးတက်မှုကို အာထရာဆောင်းရိုက်၍ အစဉ်တစိုက် ဆန်းစစ်ခြင်း
  • အိမ်တွင်လည်း သွေးပေါင်ချိန်တိုင်း၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း
  • ကိုယ်ဝန်မရှိမီကတည်းကရှိနေသော ရောဂါများအတွက် လိုအပ်သော သောက်သုံးနေရသော ဆေးဝါးများကို သတိထား၍ လိုအပ်ချက်အတိုင်း ထိန်းညှိမှု ပြုလုပ်ပေးခြင်း တို့ပါဝင်သည်။

မိခင်နှင့်ကလေး နှစ်ဦးလုံး၏ ကျန်းမာရေးတွင် အန္တရာယ်ရှိသော လက္ခဏာများ တွေ့ရှိရပါက သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်မှ မိခင်ကို ဆေးသွင်း၍ မွေးဖွားအောင် ပြုလုပ်ခြင်း သို့မဟုတ် ခွဲစိတ်မွေးဖွားရန် လိုအပ်နေကြောင်း အကြံပြုပါလိမ့်မည်။

ကာကွယ်ခြင်း

အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များတွင် အန္တရာယ်ကျရောက်မှု နည်းပါးစေရန်

  1. မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အရက်သေစာ သောက်စားမှု ရှောင်ကြဉ်ခြင်း
  2. ကိုယ်ဝန်မဆောင်မီကပင် မိမိ၌ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများအား စောစီးစွာရှာဖွေ ကုသခြင်း၊ မိသားစုတွင်ရှိသော ရောဂါများ၊ မိမိတွင် ဖြစ်ခဲ့ဖူးသောရောဂါများကို ဆရာဝန်အား ကြိုတင်ပြောပြထားခြင်း၊ လိုအပ်ပါက ကြိုတင်ကာကွယ်ကုသထားခြင်း
  3. ကိုယ်ဝန်မဆောင်မီကပင် မိမိ၏ ခန္ဓာကိုယ်အလေးချိန်အား ထိန်းသိမ်းထားခြင်း
  4. မိမိတွင် ကိုယ်ဝန်မဆောင်မီ ရှိနေပြီးသော ရောဂါများအား ကုသမှုခံယူထားခြင်း
  5. မိမိရေရှည် သောက်သုံးနေရသော ဆေးဝါးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆက်လက်သောက်သုံး၍ ရမရကို မိမိ၏ဆရာဝန်ကို သေချာစွာ မေးမြန်းခြင်း
  6. ဆေးလိပ်ဖြတ်ခြင်း
  7. အသက် (၁၈)နှစ်ကျော်ပြီး (၃၄)နှစ်အတွင်း ကိုယ်ဝန်ဆောင်ခြင်း
  8. သားဆက်ခြားခြင်း
  9. လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ မဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်မှုများ လိုက်နာကျင့်သုံးခြင်း စသည်တို့ကို လိုက်နာသင့်သည်။

References:

  1. Steps to take for a healthy high-risk pregnancy. (n.d.). Mayo Clinic. Retrieved July 22, 2024, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/high-risk-pregnancy/art-20047012
  2. High-Risk Pregnancy. (2024). Cleveland Clinic. Retrieved July 22, 2024, from https://my.clevelandclinic.org/health/diseases/22190-high-risk-pregnancy
  3. Website, N. (2023). Pregnancy-related conditions. nhs.uk. Retrieved July 22, 2024, from https://www.nhs.uk/pregnancy/related-conditions/

Share

29 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.