Systemic Lupus Erythematosus (SLE ရောဂါ)

Systemic Lupus Erythematosus (SLE ရောဂါ)

SLE ရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို မှားယွင်းစွာ တိုက်ခိုက်သောအခါ ရောင်ရမ်းခြင်းများဖြစ်ပေါ်သော ကိုယ်ခံအားဆိုင်ရာ‌ရောဂါဖြစ်သည်။ ထိုကဲ့သို့ ‌ရောင်ရမ်းခြင်းသည် အဆစ်များ၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်များ၊ ဦးနှောက်၊ နှလုံး၊ အဆုတ် အစရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးတွင် ဖြစ်ပေါ်နိုင်သည်။ အရေပြားလက္ခဏာများ သိသာထင်ရှားသောကြောင့် SLE ရောဂါကို “အရေပြားလေးဘက်နာ” ဟုလည်းခေါ်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

SLE ‌ရောဂါသည် အသက် (၁၅)နှစ် မှ (၄၅)နှစ် အတွင်း အမျိုးသမီးများနှင့် မိသားစုမျိုးရိုးရာဇဝင်တွင် SLE ရောဂါရှိသူများ၌ ပို၍အဖြစ်များသည်။ သို့သော် ကလေးများတွင်လည်းဖြစ်နိုင်သည်။

SLE ရောဂါကို ဖြစ်ပေါ်စေနိုင်သော တိကျသည့်အကြောင်းရင်းကို မသိရသော်လည်း အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်စေနိုင်သည်။

  • မျိုးရိုးဗီဇ ပြောင်းလဲခြင်း
  • ဟော်မုန်းများ (oestrogen ဟော်မုန်း တုံ့ပြန့်မှုကြောင့် ဖြစ်ပေါ်ခြင်း)
  • နေရောင်ခြည်နှင့် ထိတွေ့ခြင်း
  • ‌ရောဂါပိုး ဝင်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အချို့သော ဆေးများ (ဥပမာ _ သွေးပေါင်ကျဆေး၊ အတက်ကျဆေး၊ ပိုးသတ်ဆေးအချို့) စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည်။
ရောဂါလက္ခဏာများ

SLE ရောဂါသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ထိခိုက်သော နေရာပေါ်မူတည်၍ အောက်ပါအတိုင်း ရောဂါလက္ခဏာ အမျိုးမျိုး ရှိနိုင်သည်။

  • မျက်နှာတွင် နှာခေါင်းနှင့်ပါးတစ်ဝိုက်၌ လိပ်ပြာပုံသဏ္ဌာန် အနီကွက်ပေါ်ခြင်း (Malar rash)
  • အ‌ရေပြားတွင် အနီရောင် အဝိုင်းကွက်များ ထွက်ခြင်း (Discoid rash)
  • နေရောင်နှင့် ထိ‌တွေ့ပြီးနောက် အ‌ရေပြားတွင် အကွက်ပေါ်ခြင်း (Photosensitivity)
  • ပါးစပ်တွင် အနာဖြစ်ခြင်း (Oral ulcer)
  • အဆစ်များ ပျက်စီးမှုမရှိဘဲ ရောင်ရမ်းနာကျင်ခြင်း (Non-erosive arthritis)
  • နှလုံး (သို့မဟုတ်) အဆုတ်အမြှေးပါးရောင်ခြင်း (Pericarditis or pleuritis) ကြောင့် အသက်ရှူလျှင် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း
  • ကျောက်ကပ်ရောင်ခြင်း (SLE nephritis) ကြောင့် ဆီးထဲတွင် အသားဓာတ် ပါဝင်မှုများပြီး ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
  • ဦးနှောက်၊ အာရုံကြောရောင်ရမ်းခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းနှင့် တက်ခြင်း၊ သတိလစ်ခြင်း
  • သွေးနီဥ နည်းသောကြောင့် သွေးအားနည်းခြင်း၊ သွေးဖြူဥ နည်းသောကြောင့် ‌ရောဂါပိုး အဝင်လွယ်ခြင်း၊ သွေးဥမွှား နည်းသောကြောင့် သွေးယိုစီးထွက်ခြင်း
  • ဖျားခြင်း၊ နုံးနယ်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတွင် ဂလင်းများရောင်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

SLE ရောဂါသည် နာတာရှည် ကိုယ်ခံအားဆိုင်ရာရောဂါဖြစ်ပြီး သာမန်ရောဂါလက္ခဏာများမှ နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်သည်အထိ ဆိုးရွားသောလက္ခဏာများလည်း ဖြစ်ပေါ်နိုင်သည်။ ထိုရောဂါလက္ခဏာများသည် ဆိုးရွားလာချိန် (flares up/ relapses) ရှိပြီး သက်သာသောအချိန် (remission) လည်းရှိသည်။ ခန္ဓာကိုယ်၏ အ‌ရေးကြီးသော အစိတ်အပိုင်းများဖြစ်သည့် နှလုံး၊ အဆုတ်၊ ဦးနှောက် (သို့မဟုတ်) ကျောက်ကပ်ကို ထိခိုက်လျှင် အသက်အန္တရာယ်ရှိနိုင်သည်အထိ ဆိုးရွားနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

SLE ရောဂါသည် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို ထိခိုက်နိုင်သောကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • ကိုယ်ခံအားကို ထိခိုက်သောကြောင့် မကြာခဏရောဂါပိုးဝင်ခြင်း
  • သွေးကြောများရောင်ခြင်း
  • ရုတ်တရက် နှလုံးထဖောက်ခြင်း
  • လေဖြတ်ခြင်း
  • တက်ခြင်း
  • ကျောက်ကပ်လုပ်ငန်း ထိခိုက်ပျက်စီးခြင်း
  • အရိုးအားနည်းပြီး ကျိုးလွယ်ခြင်း
  • ကိုယ်ဝန်ဆောင်များတွင် ဖြစ်ပါက ကိုယ်ဝန်ပျက်ကျနိုင်ခြေများခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် လမစေ့ဘဲ ကလေးမွေးဖွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
Systemic lupus erythematosus image1
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ရောဂါ ရှာဖွေပြီး စောစီးစွာကုသမှု ခံယူရန် အလွန်အရေးကြီးသည်။ မိသားစုဆရာဝန်များမှတစ်ဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ ထိ‌ရောက်သော ကုသမှုကို ခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

SLE ရောဂါကို ရှာဖွေရန် ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း၊ အထွေထွေစမ်းသပ်ခြင်းများ ပြုလုပ်၍ သွေးထဲတွင် ပဋိပစ္စည်းများ [antinuclear Ab(ANA), anti-double stranded DNA Ab, anti-Smith Ab or anti-phospholipid Ab (APLs)] တို့ကို ရှာဖွေစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ ထို့အပြင် အခြားသော သွေးစစ်ဆေးခြင်း (သွေးအားနည်းခြင်း ရှိမရှိ၊ ရောင်ရမ်းသောဓာတ်များ၊ ရောဂါပိုး ရှိမရှိ၊ ကျောက်ကပ်ဓာတ်၊ အသည်းဓာတ်)နှင့် ဆီးစစ်ဆေးခြင်း၊ လိုအပ်လျှင် ဓာတ်မှန်ရိုက်ခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်းနှင့် ကျောက်ကပ်အသားစယူစစ်ဆေးခြင်း တို့ကိုပြုလုပ်နိုင်သည်။ တစ်ခါတစ်ရံတွင် အရေပြားအသားစယူ စစ်ဆေးခြင်းဖြင့်လည်း ရောဂါရှာဖွေတွေ့ရှိနိုင်သည်။

ကုသခြင်း

SLE ရောဂါမှာ လုံးဝပျောက်ကင်းအောင် ကုသ၍မရသော်လည်း အများစုမှာ ထိရောက်သောကုသမှုကို ခံယူလျှင် ပုံမှန်လူတစ်ယောက်ကဲ့သို့ပင် နေထိုင်နိုင်သည်။ SLE ရောဂါကို ကုသရာတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် ထိခိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် မူတည်၍ အောက်ပါအတိုင်း ကုသမှုပေးနိုင်သည်။

  • အဆစ်များ တောင့်တင်းနာကျင်မှုအတွက် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး (NSAIDs)
  • အရေပြားနှင့် အဆစ်ပြဿနာများအတွက် ငှက်‌ဖျားပိုးသတ်ဆေး (Hydroxychloroquine)
  • ရောင်ရမ်းမှုကို သက်သာစေရန် စတီးရွိုက်သောက်ဆေး၊ ထိုးဆေးများ (Corticosteroids)
  • ကိုယ်ခံအားတုံ့ပြန်မှုကို သက်သာ‌စေရန် ကိုယ်ခံအားချပေးသည့်‌ဆေးများ (Immunosuppressants- Azathioprine, Mycophenolate (MMF), Methotrexate, Cyclosporine and Leflunomide)
  • အထက်ဖော်ပြပါ ဆေးများနှင့် မသက်သာလျှင် အသုံးပြုနိုင်သော ဆေး (Rituximab) အစရှိသော ဆေးများဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်ကုသမှုခံယူရန် အရေးကြီးသည်။

အထက်တွင်ဖော်ပြထားသော ‌ဆေးများ၏ ဖြစ်ပေါ်နိုင်သော သက်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးအချို့မှာ

  • NSAIDs – အစာအိမ်သွေးထွက်ခြင်း၊ အစာအိမ်နာခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း‌
  • Hydroxychloroquine – အစာအိမ်နာခြင်း၊ မျက်ကြည်လွှာ ထိခိုက်ခြင်း
  • Corticosteroids – ကိုယ်အလေးချိန်တက်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ သကြားဓာတ်တက်ခြင်း၊ အရိုးပွခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း (ဆေးပမာဏများများနှင့် ရေရှည်သောက်နေရသူများတွင် အဖြစ်များသည်)
  • Immunosuppressants – ရောဂါပိုးဝင်လွယ်ခြင်း၊ ကလေးရနိုင်ခြေနည်းခြင်း၊ ကင်ဆာဖြစ်နိုင်ခြေများခြင်း
  • Rituximab – ဓာတ်မတည့်ခြင်း၊ ရောဂါပိုး ဝင်လွယ်ခြင်းတို့ ဖြစ်ကြသည်။

ထိုသို့ ကုသမှုခံယူနေသူများတွင် သက်ဆိုင်ရာ ရောဂါကာကွယ်ဆေးများကို ကြိုတင်အချိန်မီ ထိုးထားခြင်းဖြင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်နိုင်သည်။ စတီးရွိုက်ကို ကြာရှည်စွာ အသုံးပြုရသူများတွင် အရိုးပွရောဂါကို ကာကွယ်ရန် အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးခြင်း၊ အရိုးကျန်းမာရေးအတွက် လိုအပ်သော ကယ်လ်ဆီယမ်နှင့် ဗိုက်တာမင် ဒီ များပေးခြင်းနှင့် လိုအပ်လျှင် အရိုးကျိုးခြင်းကို ကာကွယ်သည့်ဆေးများပေးခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးခြင်း၊ သကြားဓာတ် ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်၍ လိုအပ်လျှင် ကုသမှုခံယူရမည်။ ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးရန်နှင့် လိုအပ်သည့်သွေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်၍ ရက်ချိန်းမှန်မှန် ပြန်ပြရန် အလွန်အ‌ရေးကြီးသည်။

ကိုယ်ခံအားကောင်းစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသည့် အစားအသောက်များ စားခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ အိပ်‌ရေးဝအောင် အိပ်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ နှလုံးနှင့် သွေးကြောကို ထိခိုက်စေနိုင်သော ဆေးလိပ်သောက်ခြင်းကို ‌ရှောင်ကြဥ်ပါ။ နေရောင်ခြည်နှင့် ထိတွေ့မှုကြောင့် ပိုဆိုးစေနိုင်သောကြောင့် နေရောင်ကိုကာကွယ်ရန် ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီလက်ရှည်၊‌ ဘောင်းဘီရှည် ဝတ်ခြင်း၊ နေကာခရင်မ်များ လိမ်းခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။

ကာကွယ်ခြင်း

SLE ရောဂါကို ကာကွယ်၍ ရနိုင်သော နည်းလမ်းမရှိသေးပါ။

References:

  1. Lupus – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved July 2, 2024, from https://www.mayoclinic.org/diseases-conditions/lupus/symptoms-causes/syc-20365789
  2. Mfa, J. H. M. M. (2023). Systemic Lupus Erythematosus (SLE). Healthline. Retrieved July 2, 2024, from https://www.healthline.com/health/systemic-lupus-erythematosus
  3. Lupus (Systemic Lupus Erythematosus). (2024). Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/diseases/4875-lupus
  4. Brazier, Y. (2023). What are systemic lupus erythematosus (SLE) and other types of lupus? Retrieved July 2, 2024, from https://www.medicalnewstoday.com/articles/323653

Share

29 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.