မျက်လုံး၏မျက်နှာပြင်ကို ကျန်းမာအောင် ထိန်းသိမ်းရန်နှင့် ကြည်လင်ပြတ်သားသော အမြင်အာရုံရှိစေရန်အတွက် မျက်ရည်သည် မရှိမဖြစ် လိုအပ်သည်။ မျက်လုံးခြောက်ခြင်းသည် အတွေ့ရများသော အခြေအနေတစ်ခုဖြစ်ပြီး မျက်လုံးအား အစိုဓာတ် လုံလုံလောက်လောက် ပေးနိုင်ရန်နှင့် အာဟာရပေးနိုင်စွမ်းရှိသော မျက်ရည်များ လုံလောက်အောင် မထုတ်နိုင်ခြင်းကြောင့်ဖြစ်သည်။ မျက်ရည်လုံလောက်စွာ မထုတ်နိုင်ခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး နောက်ဆက်တွဲပြဿနာအနေဖြင့် မျက်လုံးရောင်ရမ်း ထိခိုက်နိုင်သည်။
မျက်ရည်တွင် အင်ဇိုင်းများ၊ အဆီများနှင့် ဆားဓာတ်များပါဝင်ပြီး အပြင်ပိုင်းအဆီအလွှာ၊ အလယ်ပိုင်းအရည်အလွှာနှင့် အတွင်းပိုင်းအချွဲအလွှာဟူ၍ အလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အလွှာတစ်ခုချင်းသည် မျက်စိ၏ အပေါ်ယံမျက်နှာပြင်အား အာဟာရပေးခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်ပေးသည်။
မျက်ရည်အမျိုးအစားများမှာ_
- မျက်စိကိုအစိုဓာတ်ထိန်းထားရန်၊ အာဟာရပေးရန်နှင့် မျက်ကြည်လွှာကို ကာကွယ်ရန် ပုံမှန်ထွက်နေသောမျက်ရည် (basal tears)
- မီးခိုး၊ အငွေ့၊ စူးရှသောအလင်းရောင် စသည်တို့နှင့် ထိတွေ့မှုကြောင့်ထွက်သော မျက်ရည် (reflex tears)နှင့်
- ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းစသည့် စိတ်အခြေအနေများတွင် ထွက်သောမျက်ရည် (emotional tears) ဟူ၍ ခွဲခြားထားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မျက်လုံးခြောက်ခြင်းသည် မျက်ရည်လုံလောက်စွာ မထုတ်နိုင်ခြင်းနှင့် ထွက်သည့်မျက်ရည်သည် အရည်အသွေးမပြည့်မီခြင်းတို့ကြောင့် ဖြစ်သည်။
မျက်ရည်လုံလောက်စွာ မထုတ်နိုင်ခြင်း
မျက်ခွံအတွင်းနှင့်ပတ်လည်တွင်ရှိသော ဂလင်းများမှ မျက်ရည်ကို ထုတ်လုပ်သည်။ မျက်ရည်ထုတ်လုပ်မှု နည်းပါးခြင်းကြောင့်ဖြစ်သော မျက်လုံးခြောက်ခြင်းကို keratoconjuncitvitis sicca ဟုခေါ် ပြီး အသက်အရွယ်ကြီးသူများ၊ အချို့သောရောဂါခံစားနေရသူများ၊ အချို့သောဆေးဝါးများကို သုံးစွဲနေသူများနှင့် မျက်ကပ်မှန်အသုံးပြုမှုကြောင့် မျက်ကြည်လွှာအာရုံကြောထိခိုက်သူများတွင် ပို၍အဖြစ်များသည်။ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများဖြစ်သော ပူပြင်းခြောက်သွေ့ခြင်း၊ လေတိုက်ခြင်းများကြောင့် မျက်ရည်အငွေ့ပျံမှုများပြီး မျက်ရည်ပမာဏကို လျော့နည်းစေသည်။ မျက်ရည်ထုတ်လုပ်မှု နည်းပါးခြင်း သို့မဟုတ် မျက်ရည်အငွေ့ပျံမှုများခြင်းတို့ကြောင့် မျက်လုံးခြောက်ခြင်းလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
မျက်ရည်၏အရည်အသွေးမပြည့်မီခြင်း
အဆီပါဝင်၍ ချောမွေ့သောအပြင်အလွှာသည် မျက်ရည်များအငွေ့ပျံခြင်းကို ကာကွယ်ပေးသည်။ အလယ်ပိုင်းအရည်အလွှာသည် မျက်စိကို အစိုဓာတ်ထိန်းထားရန်၊ ဘက်တီးရီးယားများအား ဖယ်ရှားရန်နှင့် မျက်ကြည်လွှာကို ကာကွယ်ရန်အတွက် ကူညီပေးသည်။ အတွင်းပိုင်း အချွဲအလွှာသည် မျက်စိ၏အပေါ်ယံမျက်နှာပြင်တွင် မျက်ရည်များ ညီညာစွာ ပျံ့နှံ့စေရန် ကူညီပေးသည်။ ထိုမျက်ရည်အလွှာသုံးလွှာမှ တစ်လွှာချို့ယွင်းခြင်းကြောင့် မျက်ရည်များအငွေ့ပျံမှုများခြင်း သို့မဟုတ် မျက်စိ၏အပေါ်ယံမျက်နှာပြင်တွင် မျက်ရည်များ ညီညာစွာ ပျံ့နှံ့မှု မရှိပါက မျက်လုံးခြောက်ခြင်းလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- အသက် (၅၀)နှစ် အထက်လူကြီးများ – မျက်ရည်ထုတ်ခြင်းသည် အသက်ကြီးလာသည်နှင့်အမျှ နည်းသွားသည့်အတွက် မျက်လုံးခြောက်ခြင်းလက္ခဏာများကို အသက် (၅၀) နှစ်နှင့်အထက် လူကြီးများတွင် ပို၍အတွေ့ရများသည်
- အမျိုးသမီးများ – အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နှင့် သန္ဓေတားဆေးများသုံးခြင်းတို့ကြောင့် ဟော်မုန်းပြောင်းလဲမှုများ ခံစားရသဖြင့် မျက်လုံးခြောက်ခြင်း ပို၍တွေ့နိုင်သည်
- ဆေးဝါးများ – အချို့သောဆေးဝါးများဖြစ်သော ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၊ ချွဲဖျော်ဆေးများ၊ သွေးထိန်းဆေးများနှင့် စိတ်ရောဂါကုဆေးများသည် မျက်ရည်ထုတ်လုပ်မှုကို နည်းစေသည်
- အချို့သောကျန်းမာရေးအခြေအနေများ – အချို့သော ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့်ဆိုင်သော ရောဂါများ (ဥပမာ – SLE, Sjögren ရောဂါစု)၊ ဆီးချိုရောဂါရှိသူများသည် မျက်လုံးခြောက်သည့် လက္ခဏာများ ပို၍ခံစားရနိုင်သည်
- အစားအသောက် – အစားအစာထဲတွင် ဗီတာမင်အေဓာတ် လုံလောက်စွာမရရှိသူများ သို့မဟုတ် အိုမီဂါ (၃) အဆီဓာတ်ချို့တဲ့သူများ
- ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ – မီးခိုးများနှင့်ထိတွေ့မှုများခြင်း၊ ပူပြင်းခြောက်သွေ့သော နေရာဒေသ၊ လေတိုက်နှုန်းမြင့်သောဒေသများတွင် နေထိုင်သူများ
- အချို့သောအချက်များ – မျက်ကပ်မှန် ကြာရှည်စွာတပ်သူများ၊ လေဆာဖြင့် မျက်စိပြုပြင်မှု ပြုလုပ်ထားသူများ စသည်တို့တွင် ပို၍တွေ့ရတတ်သည်။
ရောဂါလက္ခဏာများ
- မျက်စိထဲတွင် စူးအောင့်ခြင်း၊ ပူခြင်း
- မျက်ဝတ်ထွက်ခြင်း
- အလင်းရောင်ကိုမခံနိုင်ခြင်း
- မျက်စိရဲခြင်း၊ မျက်စိယားယံခြင်း
- မျက်စိထဲတွင် တစ်စုံတစ်ခုရှိနေသကဲ့သို့ ခံစားရခြင်း
- မျက်ကပ်မှန်တပ်ဆင်လျှင် နာကျင်ခြင်း
- မျက်လုံးခြောက်ခြင်းကို တုံ့ပြန်မှုကြောင့် မျက်ရည်ပို၍ထွက်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
နောက်ဆက်တွဲပြဿနာများ
မျက်လုံးခြောက်ဝေဒနာခံစားရသူများတွင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။
- မျက်စိပိုးဝင်ခြင်း – မျက်ရည်များသည် မျက်စိ၏အပေါ်ယံမျက်နှာပြင်အား ရောဂါပိုးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်၊ မျက်ရည်များလုံလောက်စွာမထွက်သောအခါ မျက်စိပိုးဝင်နိုင်သည့် အခွင့်အလမ်းပိုများလာသည်
- မျက်စိ၏အပေါ်ယံမျက်နှာပြင် ပျက်စီးခြင်း – မကုသဘဲထားပါက အလွန်အမင်း မျက်လုံးခြောက်ခြင်းကြောင့် မျက်စိရောင်ရမ်းခြင်း၊ မျက်ကြည်လွှာပွန်းခြင်း၊ မျက်ကြည်လွှာအနာဖြစ်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်းတို့ ခံစားရနိုင်သည်
- လူနေမှုအရည်အသွေးလျော့ကျခြင်း – မျက်လုံးခြောက်ခြင်းကြောင့် စာဖတ်ခြင်း၊ ကားမောင်းခြင်း စသည့် နေ့စဥ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲရှိခြင်းတို့ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
မျက်လုံးခြောက်ခြင်းအား မျက်စိအထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်မှုများပြုလုပ်ခြင်း၊ မျက်စိကို အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခြင်း၊ မျက်ရည်ပမာဏကို တိုင်းတာသည့် စစ်ဆေးမှုများ၊ မျက်ရည်၏အရည်အသွေးကို စမ်းသပ်သည့် စစ်ဆေးမှုများ စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။
ကုသခြင်း
မျက်လုံးခြောက်ခြင်းအားကုသမှုသည် မျက်စိကျန်းမာရေးကို ထိန်းသိမ်းရန်၊ မျက်ရည်ပမာဏကို ပုံမှန်အတိုင်းဖြစ်စေရန်၊ မျက်လုံးခြောက်ခြင်းကို သက်သာစေရန်နှင့် ၄င်းနှင့်ဆက်စပ်သည့် ပြဿနာများကို လျှော့ချရန်ဖြစ်သည်။
ကုသမှုပေးနိုင်သည့်နည်းလမ်းများမှာ_
- မျက်လုံးခြောက်ခြင်းကိုဖြစ်စေသည့် အကြောင်းအရာကို ကုသခြင်း
(ဥပမာ – သောက်သုံးနေသော ဆေးဝါးများကြောင့် မျက်လုံးခြောက်ခြင်းကို ဖြစ်စေပါက ထိုဆေးကိုရပ်၍ အခြားဆေးပြောင်းခြင်း၊ မျက်ခွံလန်နေခြင်း၊ မျက်ခွံစိုက်နေခြင်းတို့ကြောင့် ဖြစ်ပါက ခွဲစိတ်ကုသခြင်း၊ မျက်စိဆရာဝန်မှ ညွှန်းသော မျက်စဥ်းများသုံးခြင်း၊ မျက်ခွံကို အဝတ်သန့်သန့်နွေးနွေးဖြင့် ကပ်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းဖြင့် မျက်စိတစ်ဝိုက်တွင် ဖြစ်နေသော ရောင်ရမ်းမှုများကို လျော့ကျစေခြင်း တို့ဖြစ်သည်) - မျက်ရည်တုခပ်ခြင်း
မျက်လုံးခြောက်ခြင်းသည် မပြင်းထန်ပါက မျက်ရည်တုခပ်ခြင်းဖြင့် ကုသမှုပေးနိုင်သည်၊ သဘာဝအတိုင်း မျက်ရည်ထုတ်ခြင်းအတွက် အထောက်အပံ့အနေဖြင့်လည်း အသုံးပြုနိုင်သည်။ - မျက်ရည်ကိုထိန်းထားခြင်း
မျက်ရည်များကို မျက်စိထဲတွင် ကြာရှည်စွာ ထိန်းထားခြင်းအားဖြင့် မျက်လုံးခြောက်ခြင်း လက္ခဏာများကို သက်သာစေနိုင်သည်၊ သဘာဝအတိုင်းစီးဆင်းနေသော မျက်ရည်များကို မျက်ရည်ပြွန်ရှိအပေါက်များသို့ မစီးဆင်းစေရန် ပိတ်ဆို့နိုင်သည်၊ ဖြုတ်နိုင်တပ်နိုင်သော ဆီလီကွန် (သို့မဟုတ်) ဂျယ်လ်ပလပ်များဖြင့် မျက်ရည်ပြွန်များကိုပိတ်ခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းဖြင့် မျက်ရည်ပြွန်များကို အပြီးပိတ်စေခြင်းတို့ ပြုလုပ်နိုင်သည်၊ ကုသမှု၏ပန်းတိုင်မှာ မျက်ရည်များအား ကြာရှည်စွာထိန်းထားခြင်းဖြင့် မျက်လုံးခြောက်ခြင်းနှင့် ဆက်စပ်သည့် ပြဿနာများကို လျှော့ချရန်ဖြစ်သည် - မျက်ရည်ထုတ်လုပ်မှုကိုများစေခြင်း
မျက်ရည်ထုတ်လုပ်မှုကို များစေသည့် မျက်စဥ်းဆေးများကို မျက်စိဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အသုံးပြုခြင်းအားဖြင့်လည်း သက်သာစေနိုင်သည်
ကာကွယ်ခြင်း
- ဆံပင်လေမှုတ်စက်၊ လေအေးပေးစက် (သို့မဟုတ်) ပန်ကာလေများအား မျက်စိနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဥ်ရမည်
- စာအုပ်ဖတ်ခြင်း သို့မဟုတ် ကွန်ပြူတာမျက်နှာပြင်အား အချိန်ကြာရှည်စွာ ကြည့်ခြင်းမှ ရှောင်ကြဥ်ရမည်၊ ထိုအချိန်များတွင် မျက်စိအား မိနစ်အနည်းငယ်မှိတ်ထားခြင်း သို့မဟုတ် မျက်ရည်များ မျက်စိအတွင်းသို့ ပျံ့နှံ့သွားစေရန် မျက်တောင်ခတ်ခြင်း စသည်တို့ ပြုလုပ်ရမည်
- လေသည် အလွန်မြင့်မားသော နေရာဒေသများ၊ ပူပြင်း၍ခြောက်သွေ့သော ဒေသများနှင့် လေယာဥ်အတွင်းတွင် အလွန်ခြောက်သွေ့နေနိုင်သောကြောင့် ထိုနေရာဒေသများတွင် မျက်ရည်များ အငွေ့ပျံခြင်းကို လျော့နည်းစေရန် မျက်စိကို မကြာခဏ မိနစ်အနည်းငယ်မျှ မှိတ်ထားပေးခြင်းပြုလုပ်သင့်သည်
- အိမ်နှင့်အလုပ်ရှိ လေထုအား (အထူးသဖြင့် ဆောင်းရာသီတွင်) စိုထိုင်းဆများစေရန် ရေငွေ့ထိန်းစက် အသုံးပြုသင့်သည်
- နေရောင်နှင့် လေပူများနှင့် ထိတွေ့ခြင်းကို လျှော့ချစေရန် နေကာမျက်မှန်များတပ်ဆင်ခြင်း၊ မျက်စိအကာတပ်ဆင်ခြင်းများ ပြုလုပ်သင့်သည်
- မီးခိုးငွေ့များကိုရှောင်ကြဥ်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ရမည်
- မျက်ရည်တုကို ပုံမှန်ခပ်ပေးခြင်း၊ ကာလရှည်ကြာ မျက်လုံးခြောက်ခြင်းရှိပါက မျက်စိအား အစိုဓာတ်ကောင်းစွာ ထိန်းသိမ်းထားရန်အတွက် မျက်ရည်တုကို ပုံမှန်ခပ်ပေးသင့်သည်။
References:
- National Eye Institute. (2024). Dry Eye | National Eye Institute. Retrieved October 31, 2024, from https://www.nei.nih.gov/learn-about-eye-health/eye-conditions-and-diseases/dry-eye
- Dry eye. (n.d.). AOA. Retrieved October 31, 2024, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/dry-eye?sso=y
- Dry eyes – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved October 31, 2024, from https://www.mayoclinic.org/diseases-conditions/dry-eyes/symptoms-causes/syc-20371863
- Facts About Tears. (2023). American Academy of Ophthalmology. Retrieved October 31, 2024, from https://www.aao.org/eye-health/tips-prevention/facts-about-tears
- Dry Eye. (2024). Cleveland Clinic. Retrieved October 31, 2024, from https://my.clevelandclinic.org/health/diseases/24479-dry-eye#symptoms-and-causes
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.