Bladder Cancer (ဆီးအိမ်ကင်ဆာ)

Bladder Cancer (ဆီးအိမ်ကင်ဆာ)

ဆီးအိမ်ကင်ဆာသည် ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာအုပ်စုထဲတွင် ဆီးကျိတ်ကင်ဆာပြီးလျှင် ဒုတိယအဖြစ်များဆုံး ဖြစ်သည်။ ရောဂါကို စောစီးစွာသိရှိက ထိရောက်စွာကုသနိုင်ပြီး ရောဂါပျောက်ကင်းနိုင်ခြေများသည်။

Bladder cancer image 1
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ဆီးအိမ်ဆဲလ်များတွင် မျိုးရိုးဗီဇ ချို့ယွင်းလာမှုကြောင့် ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားသည်။ ယင်းကင်ဆာဆဲလ်များ အဆမတန် ပွားများလာပြီး ပုံမှန်တစ်ရှူးများကို ဖောက်ဝင်ကာ ကင်ဆာအကျိတ် ဖြစ်လာသည်။

ဆီးအိမ်ကင်ဆာ ဖြစ်နိုင်သည့်အကြောင်းရင်းများကို တိကျစွာ မသိရှိသော်လည်း အဓိကအားဖြင့် ဓာတုပစ္စည်းများဖြင့် ကြာရှည်ထိတွေ့ခြင်းကြောင့် အဖြစ်များသည်။

ကင်ဆာပိုမိုဖြစ်ပွါးစေနိုင်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခြင်း _ ဥပမာ – ဆေးလိပ်သောက်သုံးခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း (ဆေးလိပ်သောက်သူများသည် ဆေးလိပ် မသောက်သူများထက် (၂)ဆ မှ (၆)ဆအထိ အဖြစ်ပိုများသည်)
  • ရာဘာထုတ်လုပ်ရေးနှင့် ဆိုးဆေးထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ _ Aniline dyes ဟုခေါ်သော ဆိုးဆေး အသုံးပြုသည့် စက်ရုံများတွင် အလုပ်လုပ်သူများ
  • ပျမ်းမျှအသက် (၇၀)နှစ် ဝန်းကျင် (မှတ်ချက် _ အသက်အရွယ်မရွေးဖြစ်တတ်သည်)
  • အမျိုးသားများ
  • ဆီးအိမ်ကင်ဆာ မျိုးရိုးဗီဇရှိသူများ
  • မကြာခဏ (သို့မဟုတ်) နာတာရှည် ဆီးပိုးဝင်ခြင်းနှင့် ဆီးအိမ်ရောင်ရမ်းခြင်း
  • ဆီးအိမ်ကျောက်တည်ခြင်း၊ ဆီးပိုက်ကြာမြင့်စွာ ထည့်ထားခြင်း (Squamous cell carcinoma (SCC) ဟုခေါ်သည့် ဆီးအိမ်ကင်ဆာအမျိုးအစား ဖြစ်နှုန်းများစေသည်)
  • Schistosoma haematobium ဟုခေါ်သော ကပ်ပါးကောင် ကူးစက်ခံရခြင်း (ထိုကပ်ပါးကောင်များသည် ခရုများမှပါလာတတ်ပြီး လူ၏အရေပြားကို ဖောက်ဝင်တတ်သည်၊ ရောဂါကူးစက်ခံရသောလူများ၏ ဆီးနှင့် ဝမ်းများထဲမှလည်း ထိုကပ်ပါးကောင်များကူးစက် တတ်သည်)
ရောဂါလက္ခဏာများ

ဆီးအိမ်ကင်ဆာဖြစ်သူများ၏ (၈၀) မှ (၉၀) ရာခိုင်နှုန်းခန့်သည် နာကျင်မှု မရှိသော ဆီးထဲ၌ သွေးပါခြင်းဖြင့် လက္ခဏာပြလေ့ရှိသည်။

အခြားလက္ခဏာများမှာ _

  • ဆီးကျဥ်ခြင်း
  • ဆီးခဏခဏ သွားခြင်း
  • ဆီးသွားရခက်ခဲခြင်း၊ ဆီးကျန်ခြင်း
  • ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း
  • ခြေထောက်ဖောရောင်ခြင်း တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများ (အထူးသဖြင့် နာကျင်မှုမရှိသော ဆီးထဲသွေးပါခြင်း)ကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးမည်။ လိုအပ်ပါက သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ရောဂါလက္ခဏာရာဇဝင်များကို အသေးစိတ်မေးမြန်းပြီး ဝမ်းဗိုက်၊ မျိုးပွားအင်္ဂါစသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို စမ်းသပ်မည်။

  • ဆီးစစ်ခြင်း (urinalysis, urine cytology)
  • ဆီးထဲတွင် ဆီးပိုးဝင်ခြင်းလက္ခဏာများနှင့် ကင်ဆာဆဲလ်များကို စစ်ဆေးနိုင်သည်
  • ဆီးအိမ်အတွင်းသို့ မှန်ပြောင်းကြည့်ခြင်း (cystoscopy)
  • ဆီးထွက်ပေါက် မှတစ်ဆင့် မှန်ပြောင်းကို ထည့်၍ ဆီးအိမ်အတွင်းသို့ကြည့်ပြီး ကင်ဆာအကျိတ်ဟု သံသယရှိပါက အသားစယူ၍ စစ်ဆေးနိုင်သည်၊ ဆီးအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်းသည် ဆီးအိမ်ကင်ဆာကို စစ်ဆေးရှာဖွေနိုင်သော အကောင်းဆုံး နည်းဖြစ်သည်
  • ကွန်ပြူတာဓာတ်မှန် (CT urogram)
  • အိုင်အိုဒင်းပါသော ဆိုးဆေးတစ်မျိုးကို သွေးပြန်ကြောမှတစ်ဆင့် ထိုး၍ ကွန်ပြူတာဓာတ်မှန်ရိုက်ပြီး၊ ဆီးလမ်းကြောင်းဖွဲ့စည်းပုံ ပုံမှန်ဟုတ်မဟုတ်၊ ကျောက်များ၊ အရည်အိတ်များ၊ ကင်ဆာကျိတ်များရှိမရှိ ကြည့်နိုင်သည်

ဆီးအိမ်ကင်ဆာရှိကြောင်း အတည်ပြုပြီးလျှင် ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှုကို သိရှိရန် CT scan (ကွန်ပြူတာဓာတ်မှန်)၊ MRI (သံလိုက်ဓာတ်မှန်) စသည်တို့ကိုထပ်မံ ပြုလုပ်သည်။

ကုသခြင်း

ကင်ဆာအမျိုးအစား၊ ပျံ့နှံ့မှုအတိုင်းအတာ၊ ကင်ဆာအဆင့် တို့အပေါ်တွင်မူတည်၍ အောက်ဖော်ပြပါ ကုထုံးများကို အသုံးပြုသည်။

  1. ခွဲစိတ်ကုသခြင်း
    • Transurethral resection of bladder tumour (TURBT)
      • ဆီးထွက်ပေါက်မှတစ်ဆင့် ဆီးအိမ်ကြည့်မှန်ပြောင်း အကူအညီဖြင့် လျှပ်စစ်ဝိုင်ယာကို ထည့်ပြီး ကင်ဆာဆဲလ်များရှိရာနေရာအား အပူပေးကာ ခြစ်ထုတ်ခြင်းဖြစ်သည်
      • ကင်ဆာဆဲလ်များ ဆီးအိမ်၏ ကြွက်သားလွှာသို့ ပျံ့နှံ့မှုမရှိသော အခြေအနေတွင် ပြုလုပ်​သည်
      • ကင်ဆာဆဲလ်ပျံ့ပွားမှု အခြေအနေပေါ်မူတည်၍ ဆီးပိုက်မှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ကင်ဆာဆေးသွင်းခြင်းကို ဆက်လက်ပြုလုပ်ရသည်
    • Cystectomy
      • ကင်ဆာကျိတ်တည်ရှိသော ဆီးအိမ်၏အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ထုတ်ခြင်း သို့မဟုတ် ဆီးအိမ်တစ်ခုလုံးနှင့် ဆီးအိမ်ပတ်လည်ရှိ ပြန်ရည်ကျိတ်များကို ဖယ်ထုတ်ခြင်းဖြစ်သည်
      • ကင်ဆာဆဲလ်များ ဆီးအိမ်၏ ကြွက်သားလွှာအထိ ပျံ့နှံ့ရောက်ရှိနေသော အခြေအနေတွင် ပြုလုပ်လေ့ရှိသည်
  2. ဆီးအိမ်အတွင်းသို့ ဆီးပိုက်မှတစ်ဆင့် ကင်ဆာဆေးများသွင်းခြင်း (Intravesical chemotherapy)
    ဆီးအိမ်၏ကြွက်သားလွှာသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုမရှိသေးသည့် အခြေအနေတွင် ခွဲစိတ်ပြီးနောက် ကင်ဆာပြန်လည်ပွါးများမည့် အခြေအနေကို ကာကွယ်ရန် ကင်ဆာဆေးသွင်းခြင်းကို ပြုလုပ်သည်
  3. ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့နေနိုင်သည့် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော ကင်ဆာဆဲလ်များကို နှိမ်နင်းရန်အတွက် အသုံးပြုသည်
  4. ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation Therapy)
    ကုသမှုမပေးခင် CT (သို့မဟုတ်) MRI ရိုက်ပြီး ဓာတ်ရောင်ခြည်ပြသရမည့် နေရာအတိအကျကို ရှာဖွေသတ်မှတ်ကာ တိတိကျကျ ဓာတ်ရောင်ခြည်ပြခြင်းဖြစ်သည်။ တစ်ကြိမ်လျှင် (၅)ရက်ခန့် ရောင်ခြည်ပြရန်လိုအပ်ပြီး ရက်သတ္တပတ်ပေါင်း များစွာကြာ ပြသရသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ပြုလုပ်ချိန် မိနစ်အနည်းငယ်သာကြာပြီး နာကျင်မှုလည်း မခံစားရပါ။

    ဓာတ်ရောင်ခြည်ပြခြင်းကို အောက်ပါအခြေအနေများတွင် ပြုလုပ်သည်။
    • ခွဲစိတ်မှုပြီးလျှင်
    • ဆီးအိမ်မဖြတ်ထုတ်ချင်သော (သို့မဟုတ်) ဖြတ်ထုတ်၍ မရသော ရောဂါအခြေအနေ
    • ဆီးအိမ်ပြင်ပသို့ ကင်ဆာရောက်ရှိနေသော အဆင့်
    • ဆီးအိမ်ကင်ဆာ အဆင့်မြင့်သောအခြေအနေတွင် ခံစားရသောလက္ခဏာများ သက်သာရန်ပေးခြင်း စသည်တို့ဖြစ်သည်။
  5. ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
    ကိုယ်ခံအားမြှင့်တင်သည့်ဆေးဝါး ( BCG)ကို ဆီးအိမ်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းခြင်း သို့မဟုတ် သွေးကြောမှတစ်ဆင့် သွင်းခြင်းဖြစ်သည်။ အများအားဖြင့် ကင်ဆာနုသောအဆင့် (ကြွက်သားလွှာအထိ မရောက်သေးသောအဆင့်)တွင် သုံးလေ့ရှိသည်။
  6. ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)
    ကင်ဆာဆဲလ်များ၏ မျိုးရိုးဗီဇအချို့ကို ပစ်မှတ်ထားသောဆေးများ ပေးပြီးကုသခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များတွင် ဆေးဝါးဖြင့်ကုသနိုင်သော မျိုးရိုးဗီဇကို တွေ့ရှိလျှင် ဤကုထုံးကို အသုံးပြုသည်။ အားသာသည့်အချက်မှာ ကင်ဆာမဟုတ်သည့် ပုံမှန်ဆဲလ်များကို မထိခိုက်စေခြင်း ဖြစ်သည်။

ရောဂါပျောက်ကင်းနိုင်ခြေ

ကင်ဆာဆဲလ်များ ဆီးအိမ်အတွင်း၌သာရှိပြီး ပျံ့နှံ့မှုမရှိသေးစဉ် အခြေအနေတွင် ကုသမှုခံယူပါက လူဦးရေ (၁၀၀)တွင် (၉၆)ယောက်မှာ အနည်းဆုံး နောက် (၅) နှစ်ခန့်အထိ အသက်ရှင်နိုင်သည်။ ဆီးအိမ်ပြင်ပအနီးရှိ ကိုယ်တွင်းအင်္ဂါများ၊ ပြန်ရည်ကျိတ်များသို့ပျံ့နေပါက (၃၉) ရာခိုင်နှုန်းနှင့် ဆီးအိမ်နှင့် ဝေးရာတွင်ရှိသော ကိုယ်တွင်းအင်္ဂါများသို့ပျံ့နှံ့မှုရှိပါက (၈) ရာခိုင်နှုန်းသာ အသက်ရှင်နိုင်သည်။

ကာကွယ်ခြင်း
  • ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ
  • နေ့စဉ်အနည်းဆုံး (၂)လီတာခန့် ရေများများသောက်ပါ
  • ဓာတုပစ္စည်းများနှင့် ထိတွေ့ကိုင်တွယ်၍ အလုပ်လုပ်သူဖြစ်ပါက အန္တရာယ်ကင်းစေရန် ချမှတ်ထားသော ညွှန်ကြားမှုများအတိုင်း လိုက်နာလုပ်ဆောင်ပါ
  • အသီးအရွက်မျိုးစုံ စားသုံးပါ
  • ဆီးအိမ်ကင်ဆာဖြစ်နိုင်သည့် အကြောင်းရင်းများကို စောစီးစွာကုသပါ။

References:

  1. Facs, K. N. B. M. (n.d.). Bladder Cancer: Practice Essentials, Background, Anatomy. Retrieved November 25, 2024, from https://emedicine.medscape.com/article/438262-overview?form=fpf
  2. Bladder Cancer. (2024). Cleveland Clinic. Retrieved November 25, 2024, from https://my.clevelandclinic.org/health/diseases/14326-bladder-cancer#symptoms-and-causes
  3. Bladder cancer – Symptoms and causes. (n.d.). Mayo Clinic. Retrieved November 25, 2024, from https://www.mayoclinic.org/diseases-conditions/bladder-cancer/symptoms-causes/syc-20356104

Share

29 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.