Erb’s palsy (လည်ပင်းရှိ လက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေး ထိခိုက်ဒဏ်ရာရခြင်း)

Erb’s palsy (လည်ပင်းရှိ လက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေး ထိခိုက်ဒဏ်ရာရခြင်း)

လက်ပိုင်းဆိုင်ရာအာရုံကြောအစုအဝေး (brachial plexus) သည် လည်ပင်းကျောရိုးရှိ အာရုံကြောမကြီးမှ ဖြာထွက်လာသော အာရုံကြော (၅) ခုဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါအာရုံကြောစုသည် ပခုံးနှင့်လက်မောင်းမှစ၍ လက်တစ်ချောင်းလုံး၏ လှုပ်ရှားမှု၊ အာရုံခံမှုတို့ကို ဆောင်ရွက်ပေးသည်။ အာရုံကြောအစုအဖွဲ့တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ထိခိုက်မိလျှင် ကြွက်သားများအားနည်း ပျက်စီးပြီး လက်၏လှုပ်ရှားမှု၊ အာရုံခံစားမှုတို့ကို ထိခိုက်နိုင်သည်။ ဤအခြေနေကို Erb’s palsy ဟုခေါ် ပြီး မွေးဖွားရခက်သော မွေးကင်းစကလေးငယ်များတွင် အများဆုံးတွေ့ရှိရသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်း

လက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေး ထိခိုက်ဒဏ်ရာရခြင်းသည် ထိခိုက်မှုပေါ် မူတည်၍ ရောဂါဝေဒနာ ပြင်းထန်မှုအမျိုးမျိုးရှိနိုင်သည်။ အာရုံကြောများကို အားဖြင့်ဆွဲဆန့်ခံရခြင်း၊ ဖိညှစ်ခံရခြင်းနှင့် ပြတ်ရှဒဏ်ရာများကြောင့် အာရုံကြောမကြီးမှ ပြုတ်ထွက်ခြင်း၊ ပြတ်တောက်ခြင်း၊ ထိခိုက်သွားသောတစ်ရှူးများ အနာကျက်သည့်အခါ အနာဖေးဖြင့် ရစ်ပတ်ခြင်းစသည်တို့ကြောင့် အာရုံကြောများပျက်စီးကာ လက်ပိုင်းရှိ ကြွက်သားများ အားပျော့နိုင်သည်။

လည်ပင်းရှိလက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေး ထိခိုက်ဒဏ်ရာရခြင်းကို မွေးကင်းစကလေးငယ်များတွင် အများဆုံးတွေ့ရှိရသည်။ သဘာဝအတိုင်းမွေးလမ်းကြောင်းမှ မွေးဖွားမှုတွင် ခက်ခဲစွာမွေးဖွားရလျှင် အာရုံကြောအစုအဝေးကို ထိခိုက်နိုင်သည်။ ပုံမှန်အတိုင်းမွေးဖွားလျှင် ကလေးဦးခေါင်းထွက်ပြီးသည်နှင့် ပခုံးသည် အလိုက်သင့်လှည့်ထွက်လာသည်။ အချို့အခြေအနေများတွင် ခေါင်းထွက်ပြီးသော်လည်း ပခုံးတစ်နေသည့်အခါ ဦးခေါင်းနှင့်ပခုံးကြား ဆွဲဆန့်သကဲ့သို့ဖြစ်သောကြောင့် လည်ပင်းရှိ အာရုံကြောများကို ဆွဲဆန့်သကဲ့သို့ဖြစ်စေသည်။ ထိုအခါ လည်ပင်းရှိ လက်ပိုင်းဆိုင်ရာအာရုံကြောများ ထိခိုက်ဒဏ်ရာရနိုင်သည်။ ပခုံးတစ်နိုင်ခြေများသော ကိုယ်ဝန်ဆောင်မှုများမှာ_

  • ကလေးအလွန်ကြီးခြင်း
  • ကိုယ်ဝန်ဆောင်မိခင် ဆီးချိုရှိခြင်း
  • ယခင်ကိုယ်ဝန်များတွင် ပခုံးတစ်ခြင်းများ ဖြစ်ဖူးခြင်း
  • မီးဖွားစဉ်သုံးသော အချို့ဆေးဝါးများ၏ အဖြစ်နည်းသည့်ဘေးထွက်အာနိသင်များ (ဥပမာ_ခါးရိုးထုံဆေး၊ သားအိမ်ညှစ်ဆေး)
  • အမြွှာမွေးခြင်း
  • ဆုံပိုင်းဖြင့်မွေးခြင်းများ ဖြစ်ကြသည်။

ဗိုက်ခွဲမွေးသောကလေးများတွင် လက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေးထိခိုက်ခြင်း အဖြစ်နည်းသည်။ မိခင်ဝမ်းဗိုက်အတွင်း သန္ဓေသားအနေအထား မမှန်ခြင်းကြောင့် ဖြစ်ပွါးခြင်းမျိုးမှာ အလွန်ရှားပါးသည်။

လက်ပိုင်းဆိုင်ရာအာရုံကြောထိခိုက်ခြင်းသည် မွေးဖွားချိန်သာမက အခြားသော ထိခိုက်ဒဏ်ရာများကြောင့်လည်း ဖြစ်နိုင်သည် (ဥပမာမော်တော်ဆိုင်ကယ်မတော်တဆမှုများ၊ မြင်းပေါ်မှပြုတ်ကျခြင်း၊ အားကစားနှင့်သက်ဆိုင်သော ထိခိုက်ဒဏ်ရာများ)။

ရောဂါလက္ခဏာများ

အာရုံကြောဒဏ်ရာရရှိမှုနှင့် ပြင်းထန်မှုအပေါ် မူတည်၍ လက္ခဏာပုံသဏ္ဌာန် အမျိုးမျိုးတွေ့ရနိုင်သည်။

  • လက်(၂)ဖက် လှုပ်ရှားမှုပုံသဏ္ဌာန် မတူညီခြင်း
  • လက်မောင်းသည် ခန္ဓာကိုယ်နှင့်ကပ်နေပြီး ဘေးသို့ကားမရခြင်း၊ လှုပ်ရှားမှုနည်းခြင်း
  • ထင်ရှားသောဝိသေသလက္ခဏာမှာ ပခုံးမှစ၍ လက်တစ်ခုလုံး အတွင်းဘက်သို့ လိမ်နေခြင်း၊ မှောက်လျက်အနေအထားရှိနေခြင်း (လက်ချောင်းလေးများမှာမူ ပုံမှန်အားဖြင့် ကောင်းစွာလှုပ်ရှားနိုင်သည်)
  • လက်မောင်းနှင့်လက်ဖျံတစ်လျှောက် ထုံကျဥ်ခြင်း
  • အပူအအေးနှင့် နာကျင်မှုစသော အာရုံခံစားမှုများ ပုံမမှန်ဖြစ်ခြင်းများ ရှိနိုင်သည်။

မွေးကင်းစကလေးငယ်များတွင် အခြားသောမီးဖွားစဉ်ရရှိသည့် ဒဏ်ရာများကိုပါ ပူးတွဲ၍တွေ့ရနိုင်သည်။

  • ကိုယ်ခန္ဓာအနှံ့ သွေးခြည်ဥခြင်း
  • ညှပ်ရိုး၊ လက်မောင်းရိုးများကျိုးခြင်း
  • လည်ပင်းရှိ အခြားအာရုံကြောအစုအဝေးများထိခိုက်ခြင်း (ဥပမာ _ Horner’s syndrome)
နောက်ဆက်တွဲ ပြဿနာများ

အများအားဖြင့် အာရုံကြောထိခိုက်မှုမှာ ပြင်းထန်ခြင်းမရှိသဖြင့် နောက်ဆက်တွဲဆိုးကျိုးမရှိဘဲ သက်သာပျောက်ကင်းနိုင်သည်။ အချို့တွင်မူထိရောက်သောကုသမှုမရှိလျှင် သို့မဟုတ် ပြင်းထန်လျှင်

  • အဆစ်များတောင့်တင်းခြင်း
  • ကြွက်သားများပျော့ခြင်း၊ ကြွက်သားသိမ်လှီခြင်း
  • အာရုံကြောထိခိုက်မှုကြောင့် ထုံကျဥ်ခြင်း၊ နာကျင်ခြင်း
  • လက်၏လုပ်ဆောင်ချက်များထိခိုက်ခြင်းတို့ကို နာတာရှည်ခံစားရနိုင်သည်။
ဆေးရုံ၊ ‌ဆေးခန်းပြသရန်

သင့်ကလေး၏ လက်ပုံသဏ္ဌာန်၊ လှုပ်ရှားမှုများကို သံသယရှိလျှင် ဆရာဝန်နှင့်ပြသတိုင်ပင်ရမည်။ အထူးသဖြင့် အထက်ပါ ဖြစ်နိုင်ခြေများသော ကိုယ်ဝန်ဆောင်မှုများတွင် ပိုမိုစောင့်ကြည့်စစ်ဆေးသင့်သည်။ ဆရာဝန်များဘက်မှလည်း မွေးကင်းစကလေး စမ်းသပ်စစ်ဆေးရာတွင် ဤအာရုံကြောထိခိုက်မှုကို ထည့်သွင်းစစ်ဆေးလေ့ရှိသည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး ရောဂါအတည်ပြုသတ်မှတ်လေ့ရှိသည်။ လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ကြွက်သားတုံ့ပြန်မှုစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။

ကုသခြင်း

မွေးကင်းစ လက်ပိုင်းဆိုင်ရာအာရုံကြောထိခိုက်ခြင်းအများစုမှာ အထူးတလည်ကုသခြင်းမလိုဘဲ သက်သာပျောက်ကင်းနိုင်သည်။ ရောဂါအတည်ပြုပြီးနောက်တွင် အရိုးခွဲစိတ်ဆရာဝန်၊ လေ့ကျင့်ခန်းကုထုံးပညာရှင်၊ ကလေးဆရာဝန်များပါဝင်သော ဘက်စုံကုသမှုဖြင့် နောက်ဆက်တွဲဆိုးကျိုးမကျန်အောင် ကုသရန်လိုသည်။

ကြွက်သားများအားပျော့ခြင်း၊ အရိုးအဆစ်များကောက်ကွေးခြင်းများ မရှိစေရန်_

  • လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်းများ ညင်သာစွာပြုခြင်း
  • အနေအထားမှန်ကန်အောင်ပြုပြင်ပြီး အမာခံပစ္စည်းများ ထိန်း၍ကျပ်စည်းခြင်း
  • အားနည်းသောကြွက်သားများ ပိုမိုအားကောင်းလာအောင် လေ့ကျင့်ရာတွင် လိုအပ်ပါက ဆန့်ကျင်ဘက်ကြွက်သားများ ပြေလျော့စေရန် ဆေးထိုးခြင်း စသည့်နည်းလမ်းများဖြင့် အချိန် (၃)လ မှ (၆)လအထိ စောင့်ကြည့်ကုသသည်။

ကလေးအသက် (၆)လ ကျော်သည်အထိ တိုးတက်မှုမရှိလျှင် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်များ၊ အရိုးခွဲစိတ်ဆရာဝန်များနှင့် ပြသပြီး ခွဲစိတ်ကုသခြင်းများခံယူရန် လိုအပ်နိုင်သည်။ ခွဲစိတ်ကုသမှုများတွင်_

  • အာရုံကြောပြုပြင်ခွဲစိတ်ခြင်း – အာရုံကြောပိခြင်းများ ပြုပြင်ခြင်း၊ အာရုံကြောများ ဖြတ်တောက်အစားထိုးခြင်း
  • ကြွက်သားပြုပြင်ခွဲစိတ်ခြင်း – ပျက်စီးသွားသော ကြွက်သား၊ အရွတ်များကို ခန္ဓာကိုယ် အခြားနေရာများမှ ကြွက်သား၊ အရွတ်များဖြင့် အစားထိုးပြုပြင်ခြင်းစသည့် ခွဲစိတ်ကုသမှုများ ပါဝင်သည်။
ကာကွယ်ခြင်း

အဓိကအားဖြင့် မီးဖွားစဉ်ပခုံးတစ်နိုင်ခြေများသော ကိုယ်ဝန်ဆောင်များကို သေချာစွာရှာဖွေစိစစ်ခြင်း၊ အသင့်လျော်ဆုံးနည်းလမ်းဖြင့် မွေးဖွားစေခြင်း၊ တတ်ကျွမ်းသည့်ဆရာဝန်၊ ဆရာမများရှိသောနေရာ၌ မီးဖွားခြင်းဖြင့် လက်ပိုင်းဆိုင်ရာအာရုံကြောအစုအဝေး ထိခိုက်ခြင်းကို လျှော့ချနိုင်သည်။

သတ်မှတ်ထားသော စည်းကမ်းချက်၊ ညွှန်ကြားချက်များ (ဥပမာ_လုပ်ငန်းခွင်စည်းကမ်း၊ လမ်းစည်းကမ်းများ)ကို တိကျစွာလိုက်နာခြင်းအားဖြင့် မတော်တဆထိခိုက်ဒဏ်ရာများကြောင့် ဖြစ်ပွါးရခြင်းများကို လျှော့ချရမည်။

References:

  1. Erb’s Palsy. (2024). Cleveland Clinic. Retrieved April 22, 2024, from https://my.clevelandclinic.org/health/diseases/21986-erbs-palsy
  2. Brachial plexus injury – Symptoms and causes. (n.d.). Mayo Clinic. Retrieved April 22, 2024, from https://www.mayoclinic.org/diseases-conditions/brachial-plexus-injury/symptoms-causes/syc-20350235#:~:text=This%20is%20more%20common%20in,This%20is%20called%20Erb%20palsy.
  3. Erb’s palsy. (2023). Retrieved April 22, 2024, from https://patient.info/doctor/erbs-palsy-pro
  4. Kids Health Info : Brachial plexus palsy or Erb’s palsy. (n.d.). Retrieved April 22, 2024, from https://www.rch.org.au/kidsinfo/fact_sheets/Brachial_plexus_palsy/

Share

7 December 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.