ဝမ်းဗိုက်တီဘီရောဂါသည် အူလမ်းကြောင်း (Intestine)၊ ဝမ်းခေါင်းအမြှေးပါး (Peritoneum)၊ ဝမ်းဗိုက်တွင်းရှိ ပြန်ရည်ကျိတ်များ (Lymph nodes) (သို့မဟုတ်) အသည်း၊ ပန်ကရိယ စသည့် ကိုယ်တွင်းအင်္ဂါများ (Solid organs) စသည်တို့တွင် ဖြစ်ပွါးသည့် တီဘီရောဂါတစ်မျိုးဖြစ်သည်။ ယင်းအခြေအနေသည် ကမ္ဘာတစ်ဝှမ်းရှိ တီဘီရောဂါဖြစ်ပွါးမှုအားလုံး၏ (၅) ရာခိုင်နှုန်း ရှိသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
တီဘီရောဂါသည် Mycobacterium tuberculosis ဟုခေါ်သော ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဖြစ်သည်။ ဘက်တီးရီးယားပိုးသည် ရောဂါရှိသူလူနာမှ ရှူထုတ်လိုက်သော လေမှတစ်ဆင့် အဆုတ်အတွင်းသို့ ဦးစွာကူးစက်ပြီးနောက် အောက်ပါနည်းလမ်းများဖြင့် ဝမ်းဗိုက်အတွင်း ပျံ့နှံ့သွားသည်။
- ငုပ်လျှိုးကိန်းအောင်းနေသော တီဘီပိုးများ ပြန်လည်ပွါးများပျံ့နှံ့ခြင်း (Reactivation of latent TB)
- အဆုတ်တီဘီ (Pulmonary TB) သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာသို့ ပျံ့နှံ့နေသော တီဘီရောဂါရှိသူများ (Miliary TB)တွင် သွေးမှတစ်ဆင့် ဝမ်းဗိုက်သို့ ပျံ့နှံ့ခြင်း
- အနီးအနားရှိ ကိုယ်တွင်းအင်္ဂါများမှ တိုက်ရိုက်ပျံ့နှံ့ခြင်း (ဥပမာ _ သားဥပြွန်မှတစ်ဆင့်)
- ပြန်ရည်ကြောလမ်းကြောင်းများမှတစ်ဆင့် ပျံ့နှံ့ခြင်း စသည်တို့ကြောင့် ဝမ်းဗိုက်တီဘီရောဂါ ဖြစ်ပွါးနိုင်သည်
- ထို့အပြင် တီဘီပိုးပါဝင်သော အစားအစာများ (ဥပမာ _ ပိုးသတ်မထားသော နွားနို့ သို့မဟုတ် ကျက်အောင် မချက်ထားသော အသား) စားသုံးမိသောကြောင့်လည်း ဝမ်းဗိုက်တီဘီရောဂါ ဖြစ်ပွါးနိုင်သည်။
ဝမ်းဗိုက်တီဘီရောဂါ ဖြစ်ပွါးနိုင်ခြေများသူများ
- တီဘီရောဂါရှိသူများနှင့် နီးကပ်စွာ ထိတွေ့နေထိုင်သူများ
- အဆုတ်တီဘီရောဂါရှိသူများ
- တီဘီရောဂါ ဖြစ်ပွါးမှုနှုန်း မြင့်မားသော နိုင်ငံများတွင်နေထိုင်သူများ သို့မဟုတ် ထိုနိုင်ငံများမှ ရွှေ့ပြောင်းအခြေချသူများ
- အောက်ပါနေရာများတွင် အလုပ်လုပ်သူများ သို့မဟုတ် အချိန်ကြာမြင့်စွာ နေထိုင်သူများ
- ဆေးရုံ
- အိုးအိမ်မဲ့များ ခိုလှုံရာနေရာ
- အကျဉ်းထောင်
- သက်ကြီးစောင့်ရှောက်ရေးဌာန
- ဆေးလိပ်သောက်ခြင်း
- အရက်အလွန်အကျွံ သောက်သုံးခြင်း
- မူးယစ်ဆေးဝါး သုံးစွဲခြင်း
- ကိုယ်ခံအားစနစ်ကို အားနည်းစေသော ရောဂါအခြေအနေများ
- HIV ရောဂါ
- နာတာရှည်ရောဂါများ – ဥပမာ _ ဆီးချို၊ ကျောက်ကပ်ရောဂါ၊ ခရုန်း အူရောင်ရောဂါ (Crohn’s disease)
- ကိုယ်ခံအားစနစ်ကျစေသော စတီးရွိုက်စသည့်ဆေးဝါးများ သောက်သုံးနေခြင်း
- ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားခြင်း
- ကင်ဆာရောဂါ
- အစာအိမ်နှင့် အူသိမ်ပိုင်း ခွဲစိတ်ထားခြင်း
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ရောဂါပိုးကူးစက်ခံရပြီးနောက်ပိုင်း လပေါင်းများစွာကြာမှ ပေါ်ပေါက်နိုင်သည်။ အချို့တွင် အဆုတ်တီဘီမှတစ်ဆင့် ကူးစက်သော်လည်း ရက်ရှည်ချောင်းဆိုးခြင်းကဲ့သို့သော ရောဂါလက္ခဏာမျိုးမတွေ့ရှိရပါ။
တွေ့ရှိရသော ရောဂါလက္ခဏာများမှာ_
- တီဘီရောဂါ၏အထွေထွေလက္ခဏာများ – ဥပမာ_ အဖျားတက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း
- ဝမ်းဗိုက်တွင်းရောဂါ ဖြစ်ပွါးသည့် နေရာအရ ပေါ်ပေါက်လာသည့်လက္ခဏာများ
- ဗိုက်အောင့်ခြင်း (အဖြစ်အများဆုံး လက္ခဏာဖြစ်သည်)
- ပျို့အန်ခြင်း
- နာတာရှည်ဝမ်းပျက်ဝမ်းလျှောခြင်း
- ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း
- သွေးအားနည်း၍ ဖြူဖျော့ခြင်း
- ရေဖျဉ်းစွဲခြင်း (Ascites)
- အသည်းကြီးခြင်း
- အူပိတ်သောလက္ခဏာများဖြစ်သည့် လေမလည်၊ ဝမ်းမသွားခြင်းနှင့် ဗိုက်ဖောင်းခြင်း
- ဝမ်းဗိုက်အတွင်း အကျိတ်တည်ခြင်း စသည်တို့ ခံစားရနိုင်သည်။
- ဝမ်းဗိုက်တီဘီရောဂါရှိသူများ၏ (၁၅) မှ (၂၅) ရာခိုင်နှုန်းခန့်တွင် အဆုတ်တီဘီရောဂါလည်း တစ်ပြိုင်နက်တည်း ဖြစ်ပွါးနေတတ်သောကြောင့် ချောင်းဆိုးသွေးပါခြင်းစသည့် လက္ခဏာများလည်း တွေ့ရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- အူပိတ်ခြင်း (bowel obstruction) – အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာ ဖြစ်သည်
- အူကျဉ်းခြင်း (stricture)
- အူစွပ်ခြင်း – အူထဲသို့ ကပ်လျက်ရှိသော အူအစိတ်အပိုင်းကျွံဝင်ခြင်း (intussusception)
- အူပေါက်ခြင်း (perforation)
- အစာအိမ်နှင့် အူလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း (gastrointestinal bleeding)
- အစာအိမ်၊ အူလမ်းကြောင်း တစ်နေရာနှင့် အခြားတစ်နေရာ (သို့မဟုတ်) ကိုယ်တွင်းအင်္ဂါတစ်ခုကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းဖြစ်ပေါ်လာခြင်း (fistula formation)
- သွေးအားနည်းခြင်း
- အာဟာရစုပ်ယူမှု အားနည်းရာမှ အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း
- ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း စသည်တို့ ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
အူပိတ်၊ အူပေါက်၊ သွေးယိုလက္ခဏာများဖြစ်သော မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း၊ ရက်ရှည် ဝမ်းချုပ်ခြင်း၊ လေမလည်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း စသည်တို့ခံစားရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများလိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဝမ်းဗိုက်တီဘီရောဂါသည် ရောဂါအတိအကျ ရှာဖွေတွေ့ရှိရန် ခက်ခဲသည့် ရောဂါဖြစ်သည်။
လူနာ၏ ရောဂါရာဇဝင် (အထူးသဖြင့် ဝမ်းဗိုက်တီဘီ ရောဂါလက္ခဏာနှင့် ယခင်တီဘီရောဂါ ဖြစ်ဖူးသည့် လက္ခဏာများ၊ တီဘီရောဂါလူနာနှင့်ထိတွေ့ဖူးခြင်း စသည်များ) မေးမြန်းပြီး လူနာကိုသေချာစွာ စမ်းသပ်စစ်ဆေးရသည်။ အဆုတ်တီဘီရောဂါ (Tuberculosis) တွဲဖြစ်နေနိုင်သည့်အတွက် လိုအပ်သော သွေးစစ်ဆေးမှု၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အရေပြား၌ တီဘီကိုယ်ခံအား စမ်းသပ်ခြင်း (Tuberculin skin test)၊ သွေးစစ်ဆေးခြင်း (Interferon Gamma Release Assays – IGRA] စသည်တို့ကို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။
ဝမ်းဗိုက်တီဘီရောဂါအတွက် အောက်ပါစစ်ဆေးနည်းများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
ဝမ်းခေါင်းအမြှေးပါးအတွင်း အရည်စုနေပါက ယင်းအရည်ကို ထုတ်ယူစစ်ဆေးခြင်း (Diagnostic ascitic fluid analysis)
ဝမ်းဗိုက်အမြှေးပါးအတွင်း စုနေသော အရည်ရှိ ဆဲလ်များပမာဏ၊ အသားဓာတ်ပမာဏနှင့် တီဘီရောဂါပိုးများ ရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။
အသားစယူ စစ်ဆေးခြင်း (Biopsy)
တီဘီရောဂါဖြစ်သည်ဟု သံသယရှိသောနေရာ (ဝမ်းခေါင်းအမြှေးပါး၊ အူ၊ အသည်းစသည်)မှ အသားစယူ စစ်ဆေးသည်။ အသားစယူသည့် နည်းလမ်းများမှာ ဖြစ်ပွါးသည့်နေရာပေါ် မူတည်သည်။ ဥပမာ _ အစာအိမ်၊ အူလမ်းကြောင်းတွင် ဖြစ်ပွါးသည်ဟု သံသယရှိပါက မှန်ပြောင်းဖြင့် အသားစယူခြင်း (Endoscopic biopsy) သို့မဟုတ် အသည်းတွင် အဓိကဖြစ်ပွါးသည်ဟု သံသယရှိပါက အသည်းမှ အသားစယူခြင်း (Liver biopsy) သို့မဟုတ် ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်အသားစယူခြင်း (Laparoscopic peritoneal biopsy)တို့ ပြုလုပ်သည်။
ရရှိသည့် သေးငယ်သော တစ်ရှူးအပိုင်းအစလေးများကို အဏုကြည့်မှန်ဘီလူးအောက်တွင် ကြည့်ရှုစစ်ဆေးခြင်း၊ တီဘီပိုးမွေးစစ်ဆေးခြင်း စသည်တို့ ဆက်လက်ပြုလုပ်သည်။
တီဘီရောဂါပိုးမွေး စစ်ဆေးခြင်း (Bacterial culture)
တီဘီရောဂါစစ်ဆေးနည်းများအနက် အတိကျဆုံးဖြစ်သည်။ ဝမ်းဗိုက်အမြှေးပါးအတွင်းမှ ထုတ်ယူသော အရည် သို့မဟုတ် သံသယရှိသည့်နေရာများမှ ရယူထားသော အသားစတို့တွင် တီဘီရောဂါပိုးမွေးမြူခြင်းဖြင့် စစ်ဆေးနိုင်သည်။
ဝမ်းဗိုက် အာထရာဆောင်းရိုက် စစ်ဆေးခြင်း (Abdominal ultrasound)
ဝမ်းဗိုက်အတွင်း ပြန်ရည်ကျိတ်များ၊ ဝမ်းဗိုက်အတွင်း အရည်စုခြင်း၊ ဝမ်းခေါင်းအမြှေးပါး၊ ဝမ်းတွင်းအဆီပြင်နှင့် အူနံရံထူထဲနေခြင်း စသည့် ဝမ်းဗိုက်တီဘီတွင် တွေ့ရတတ်သည့် အချက်များကို စစ်ဆေးနိုင်သည်။
ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
အူတီဘီရောဂါ (intestinal TB)၊ ဝမ်းခေါင်းအမြှေးပါးတီဘီရောဂါ (peritoneal TB)၊ အသည်းတီဘီရောဂါ (hepatic TB) စသည့် ဝမ်းဗိုက်တီဘီ ဖြစ်ပွါးနေသည့် တည်နေရာနှင့် ရောဂါပြင်းထန်မှုကို ရှာဖွေစစ်ဆေးခြင်းဖြစ်သည်။
ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray)
ဝမ်းဗိုက်တီဘီရောဂါ၏ နောက်ဆက်တွဲပြဿနာများ ဖြစ်သော အူလမ်းကြောင်းပိတ်ခြင်းနှင့် အူပေါက်ခြင်းတို့ကို သိရှိနိုင်သည်။
ကုသခြင်း
ဝမ်းဗိုက်တီဘီရောဂါတွင် ပဋိဇီဝပိုးသတ်ဆေး (ပုံမှန်တီဘီဆေး)ဖြင့် (၆)လ ကုသရန်လိုသည်။ ထို့အပြင် ဝမ်းဗိုက်တီဘီရောဂါ နောက်ဆက်တွဲပြဿနာများဖြစ်သည့် အူပေါက်ခြင်း၊ အူလမ်းကြောင်းပိတ်ခြင်း၊ အစာအိမ်အူလမ်းကြောင်းတွင် ပုံမှန်မဟုတ်သော လမ်းကြောင်းဖြစ်ပေါ်ခြင်းနှင့် ပြည်အိမ်တည်ခြင်း၊ အစာအိမ်၊ အူလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း စသည်တို့ ဖြစ်ပွါးပါက ခွဲစိတ်ကုသရန် လိုအပ်သည်။
ကာကွယ်ခြင်း
ဝမ်းဗိုက်တီဘီရောဂါကို ကာကွယ်ရန် နည်းလမ်းများမှာ
- အဆုတ်တီဘီရောဂါကို ထိရောက်စွာ ကုသခြင်း
- တီဘီရောဂါ ဖြစ်နိုင်ခြေများသော နောက်ခံရောဂါအခြေနေရှိသူများ (ဥပမာ_ဆီးချို၊ HIV)သည် မိမိ၏ မိသားစုဆရာဝန်နှင့် ပုံမှန်တိုင်ပင်ဆွေးနွေးခြင်း
- တီဘီရောဂါ၏ အထွေထွေကာကွယ်ရေးနည်းလမ်းများဖြစ်သော ဘီစီဂျီကာကွယ်ဆေးထိုးခြင်း၊ လူစုလူဝေးနေရာ၊ လူထူထပ်သော အလုံပိတ်အခန်းများကို ရှောင်ရှားခြင်း၊ mask တပ်ခြင်း၊ မိမိကိုယ်ခံအားကို ပိုမိုကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း စသည်တို့ ပြုလုပ်နိုင်သည်။
References:
- Yetman, D. (2024). Overview of Gastrointestinal Tuberculosis. Healthline. Retrieved November 29, 2024, from https://www.healthline.com/health/gastrointestinal-tuberculosis#getting-medical-help
- Ahuja, V. (2022). Abdominal tuberculosis. UpToDate. Retrieved November 29, 2024, from https://www.uptodate.com/contents/abdominal-tuberculosis?search=tuberculosis%20patient%20education&source=search_result&selectedTitle=36%7E150&usage_type=default&display_rank=36#H2811972735
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.