Polycystic Ovary Syndrome (PCOS) (သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု)

Polycystic Ovary Syndrome (PCOS) (သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု)

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုဆိုသည်မှာ သားဥအိမ်တွင် အရည်ကြည်အိတ်ငယ်ပေါင်း များစွာရှိလာပြီး ကျားမဟော်မုန်းမျှခြေ ပျက်ယွင်းခြင်းနှင့် ဆက်စပ်တွေ့ရှိရသော ရောဂါဖြစ်သည်။ လစဥ်ပုံမှန်မျိုးဥကြွေခြင်း ဖြစ်စဉ်တွင် မမျိုးဥအိမ်မှ ရာသီစက်ဝန်းတစ်ခုအတွက် မျိုးဥတစ်လုံး ရင့်မှည့်ကြွေကျခြင်းဖြစ်သော်လည်း သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစုတွင် မည်သည့်မျိုးဥမှ ရင့်မှည့်လာခြင်းမရှိဘဲ မျိုးဥကြွေကျခြင်း မဖြစ်တော့ပါ။ ထိုအခါ အရည်အိတ်ငယ်များ ဖြစ်လာပြီး မမျိုးဥအိမ်အပြင်အနားများ၌ ပုလဲလုံးများစီထားသကဲ့သို့ တွေ့ရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို သေချာစွာ မသိရှိရသေးသော်လည်း အမျိုးသမီး (၁၀၀)တွင် (၁၅)ဦးဝန်းကျင်ခန့်အထိ တွေ့ရှိလာရသော ရောဂါတစ်ခုဖြစ်သည်။ 

  • မျိုးရိုးလိုက်ခြင်း– တချို့သောမျိုးရိုးဗီဇသည် သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုနှင့် ချိတ်ဆက်မှု ရှိသည်ကို လေ့လာတွေ့ရှိရသည်။ ထိုကြောင့် မိသားစုရာဇဝင်တွင် သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု ဖြစ်ဖူးသူရှိပါက မိသားစုဝင်အမျိုးသမီး၌ အလားတူရောဂါ ဖြစ်ပေါ် နိုင်ခြေများသည်။
  • အင်ဒရိုဂျင်ဟော်မုန်း (ကျားဟော်မုန်း) ပမာဏများခြင်း– သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုတွင် သားဥအိမ်များမှ ပမာဏများသော အင်ဒရိုဂျင်ဟော်မုန်းထုတ်ခြင်းကြောင့် သားဥကြွေခြင်းကို တားဆီးပြီး ရာသီမမှန်ခြင်းကို ဖြစ်စေသည်။ သားဥပုံမှန်မကြွေတော့သည့်အခါ သားဥအိမ်များတွင် အရည်အိတ်ငယ်များ ဖြစ်ပေါ်လာသည်။ ထို့ပြင် အင်ဒရိုဂျင်ပမာဏမြင့်မားမှုကြောင့် အမွှေးအမျှင်ထူလာပြီး ဝက်ခြံများထွက်လာသည်။ 
  • အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှုမရှိခြင်း
    • အင်ဆူလင်‌ဟော်မုန်းကို  ပန်ကရိယမှ ထုတ်ပြီး ခန္ဓာကိုယ်၏ပင်မအင်အား ဖြစ်ပေါ်စေရန် သကြားဓာတ်ကို ဆဲလ်များ (cells)အား စားသုံးစေသည်။ ဆဲလ်များသည် အင်ဆူလင်၏ လုပ်ဆောင်မှုကို တုံ့ပြန်မှုမရှိသောအခါ သွေးတွင်းသကြားဓာတ်တက်လာသည်။ 
    • သွေးတွင်းသကြားဓာတ် တက်လာခြင်းကို လျှော့ချရန် ခန္ဓာကိုယ်မှ အင်ဆူလင်ကို ပိုထွက်စေသည်။ အင်ဆူလင်ဟော်မုန်းပမာဏ အလွန်အမင်းများလာခြင်းကြောင့် ခန္ဓာကိုယ်မှ အင်ဒရိုဂျင်ဟော်မုန်း အလွန်အမင်းထွက်ခြင်းဖြစ်ပေါ်လာသည်။ ထိုကြောင့် သားဥကြွေရန်ခက်ခဲခြင်း၊ သားဥမကြွေခြင်းဖြစ်သည်။
ရောဂါလက္ခဏာများ

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု၏ ရောဂါလက္ခဏာများကို ပထမအကြိမ်ရာသီလာသည့် အချိန်ဝန်းကျင်တွင် စတင်တွေ့ရှိရတတ်သည်။ ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားကြသည်။ 

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစုဟု သတ်မှတ်ရန် အောက်ဖော်ပြပါရောဂါလက္ခဏာ (၃)ချက်မှ အနည်းဆုံး (၂)ချက် ရှိရမည်။

  • ရာသီစက်ဝန်းမမှန်ခြင်း၊ ပေါ်ခဲခြင်း၊ မပေါ်ခြင်း သို့မဟုတ် ရာသီပေါ်စဉ်သွေးဆင်းများခြင်း
  • အင်ဒရိုဂျင်ဟော်မုန်းများခြင်းကြောင့် ပုံမှန်မဟုတ်ဘဲ မျက်နှာနှင့်ခန္ဓာကိုယ်တွင် အမွှေးအမျှင် ထူလာခြင်း၊ ဝက်ခြံများအလွန်အမင်းထွက်လာခြင်းနှင့် အမျိုးသားများကဲ့သို့ ထိပ်ပြောင်လာနိုင်ခြင်း 
  • သားဥအိမ်နှစ်လုံး အရွယ်ကြီးလာနိုင်ပြီး မရင့်မှည့်သော သားဥများပါဝင်သော ရေအိတ်ငယ်လေးများသည် သားဥအိမ်အနားဝန်းကျင်တွင် ဖြစ်ပေါ်လာခြင်း

အခြားသောရောဂါလက္ခဏာများမှာ

  • ကိုယ်အလေးချိန်တိုးလာခြင်း၊ ကိုယ်အလေးချိန်ထိန်းရန်ခက်ခဲခြင်း
  • အင်ဆူလင်တုံ့ပြန်မှုမရခြင်းကြောင့် အသားအရေတွင် အမဲရောင်ခြယ်ဓာတ်များလာခြင်း (အထူးသဖြင့် ဂုတ်ပိုး၊ ချိုင်း၊ ပေါင်ခြံနှင့် ရင်ဘတ်များတွင် အရေပြားထူပြီးမဲလာခြင်း) 
  • သားဥမကြွေခြင်းကြောင့် သားသမီးရရန်ခက်ခဲခြင်းတို့ဖြစ်သည်။ 
နောက်ဆက်တွဲပြဿနာများ

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲ ပြဿနာများကို ကြုံတွေ့ရနိုင်သည်။

  • သားသမီးရရန်ခက်ခဲခြင်း၊ သားသမီးမရခြင်း
  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခြင်းနှင့် ကိုယ်ဝန်ဆောင်သွေးတိုးဖြစ်ခြင်း
  • သားပျက်သားလျှောဖြစ်ခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း
  • သွေးတွင်းအဆီများခြင်းကြောင့် အသည်းရောင်ခြင်း
  • သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း၊ ကိုလက်စထရောဓာတ်များခြင်းကြောင့် နှလုံးနှင့် သွေးကြောရောဂါများဖြစ်ခြင်း
  • အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ခြင်း
  • အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်သောရောဂါဖြစ်ခြင်း (sleep apnea)
  • စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အစားစားခြင်းဆိုင်ရာ ပုံမမှန်သောရောဂါဖြစ်ခြင်း
  • သားအိမ်အတွင်းသားနံရံထူလာခြင်းနှင့် သားအိမ်အတွင်းနံရံကင်ဆာ (endometrial cancer)ဖြစ်ခြင်း
  • အဝလွန်ခြင်းနှင့် အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပိုမိုဆိုးရွားလာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု၏ လက္ခဏာများ ဖြစ်ပေါ်လာလျှင် သော်လည်းကောင်း သံသယရှိလျှင်သော်လည်းကောင်း မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ 

ရောဂါရှာဖွေခြင်း

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု ဖြစ်ပေါ်နေသည်ဟု သံသယရှိပါက မိမိ၏ မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်အထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း (ခံစားရသော ရောဂါလက္ခဏာ၊ သောက်နေသောဆေးဝါးများ၊ အခြားခံစားနေရသောရောဂါများ၊ ရာသီသွေးနှင့်ဆိုင်သော အချက်အလက်များမေးမြန်းခြင်း)၊ မိန်းမကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် အာထရာဆောင်းရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေပေးနိုင်သည်။ 

လိုအပ်ပါက ဆက်လက်ရောဂါရှာဖွေရန်

  • မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (Transvaginal Ultrasound)
  • သွေးစစ်ဆေးခြင်း
  • ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်၍ စစ်ဆေးခြင်း (Laparoscopy)တို့ကို လိုအပ်သလို ပြုလုပ်နိုင်သည်။

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု ရှိသူသည် နောက်ဆက်တွဲဆိုးကျိုးအတွက် အောက်ပါတို့ကို ဆက်လက်စစ်ဆေးသင့်သည်။

  • သွေးပေါင်ချိန်မှန်မှန်ချိန်ခြင်း၊ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း၊ သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း
  • အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်သောရောဂါ (sleep apnea) အတွက် စစ်ဆေးခြင်း 
  • စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းအတွက် စစ်ဆေးခြင်း
ကုသခြင်း

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု၏ ကုသမှုများသည် ခံစားရသော ရောဂါလက္ခဏာအပေါ် မူတည်၍ ကုသခြင်းဖြစ်သည်။ နေ့စဉ်လူနေမှုပုံစံပြောင်းလဲခြင်းနှင့် ဆေးဝါးဖြင့်ကုသခြင်းတို့မှာ အဓိကကျသည်။

နေ့စဉ်လူနေမှုပုံစံပြောင်းလဲခြင်း 

  • ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ကယ်လိုရီနည်းသော အစားအစာများ စားခြင်း၊ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းများ လိုအပ်သည်။ 
  • ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်းသည် သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုအတွက် ညွှန်ကြားသောဆေးများ၏ အာနိသင်ကို မြင့်တက်စေပြီး သားသမီးရနိုင်ရန် အထောက်အပံ့ ဖြစ်စေသောကြောင့် အာဟာရဆိုင်ရာပညာရှင်များနှင့် တိုင်ပင်၍ ကိုယ်အလေးချိန်လျှော့ချသင့်သည်။ 

ဆေးဝါးများဖြင့်ကုသခြင်း

  • အီစတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတင် (Progestin) ဟော်မုန်းများပါဝင်သော ကိုယ်ဝန်တားဆေးများ သောက်ပေးခြင်းကြောင့် အင်ဒရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းကို လျော့ကျစေပြီး အီစတိုဂျင်ပမာဏကို ထိန်းညှိပေးသည်။ ထိုမှတစ်ဆင့် သားအိမ်နံရံထူခြင်း၊ သားအိမ်အတွင်းနံရံကင်ဆာဖြစ်ခြင်းကို လျှော့ချပေးပြီး ပုံမမှန် သွေးဆင်းခြင်း၊ အမွှေးအမျှင်ထူခြင်းနှင့် ဝက်ခြံများထွက်ခြင်းတို့ကို ပုံမှန်ပြန်ဖြစ်စေသည်။
  • ပရိုဂျက်စတင်‌ဟော်မုန်းဆေးကို လစဥ် (၁၀)ရက် မှ (၁၄)ရက်ထိ သောက်ပေးခြင်းဖြင့် ရာသီသွေးမှန်စေပြီး သားအိမ်အတွင်းနံရံကင်ဆာ ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးသည်။ သို့သော် အင်ဒရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းကို လျော့ကျစေခြင်းမရှိပါ
  • သားဥကြွေရန် သားသမီးရရန်အတွက် သားဥကြွေခြင်းကို လှုံ့ဆော်ပေးသည့် ကလိုမတ်ဖင်း (Clomiphene), လက်ထရိုဇိုး (Letrozole) စသော ဆေးများသောက်သုံးပေးနိုင်သည်
  • မက်ဖော်မင် (Metformin)ဆေးသည် အင်ဆူလင်ဟော်မုန်းပမာဏကို လျှော့ချပေးပြီး အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှုမရှိခြင်းကို ကောင်းမွန်စေသည်။ ကလိုမတ်ဖင်း (Clomiphene) တွဲသောက်ပေးခြင်းဖြင့် သားဥကြွေခြင်းကို အားပေးသည်။ ထို့ပြင် မက်ဖော်မင် (Metformin)ဆေးသည် ကိုယ်အလေးချိန်ကို လျော့ကျစေပြီး အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်လာနိုင်ခြေကိုလည်း ‌နှောင့်နှေးစေသည်
  • အမွှေးအမျှင်ထူခြင်းနှင့် အရေပြားပြောင်းလဲမှုများအတွက်လည်း ဟော်မုန်း (၂)မျိုးပါသော ကိုယ်ဝန်တားဆေး၊ စပိုင်ရိုနိုလက်တုန်း (spironolactone)၊ အက်ဖရိုနီသင်း (Eflornithine) စသောဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရန်လိုအပ်သည်
  • လေဆာသုံး၍ အမွှေးအမျှင်များဖယ်ရှားခြင်း၊ လျှပ်စီးလမ်းကြောင်းသုံး၍ မလိုအပ်သော အမွှေးအမျှင်များကို အမြစ်မှဖယ်ရှားခြင်းပြုလုပ်နိုင်သည်
  • ဝက်ခြံကုသရန်အတွက် မိသားစုဆရာဝန် (သို့မဟုတ်) အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်၍ သောက်ဆေး၊ လိမ်းဆေးများဖြင့် ကုသရန်လိုအပ်သည်

သားသမီးရရန်ခက်ခဲခြင်းများကို ကုသခြင်း

  • သားဥကြွေဆေးများကို တိုက်ကျွေးခြင်းဖြင့် သားဥကြွေစေခြင်း၊ မှန်ပြောင်းဖြင့် သားဥအိမ်နံရံရှိ ရေအိတ်ကလေးများကို လျှပ်စစ်ဓာတ်ဖြင့် ဖောက်ထုတ်ခြင်း (Laparoscopic ovarian drilling) ဖြင့် သားဥကြွေခြင်းကို အထောက်အပံ့ဖြစ်စေခြင်း၊ ဖန်ပြွန်သန္ဓေသားဖြင့် သားသမီးရယူခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုကို ကာကွယ်နိုင်သည်ဟု သက်သေပြနိုင်သော နည်းလမ်းမတွေ့ရှိသေးပါ။ သို့ရာတွင် သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုကို ဖြစ်ပေါ်စေရန် အားပေးသော အကြောင်းအရာများကို လျှော့ချခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများကို စောစီးစွာသိရှိပြီး ကာကွယ်ခြင်းတို့မှာ လွန်စွာအရေးကြီးသည်။

  • သင့်တင့်မျှတသော အစားအသောက်ကို စားသုံးခြင်း၊ ကာဗိုဟိုက်ဒရိတ်ဓာတ်စားသုံးမှုကို လျှော့ချခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ သင့်တော်သောကိုယ်အလေးချိန်တွင် ထိန်းထားခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်
  • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုကို ခံစားနေရသူများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေများခြင်းကြောင့် ကိုယ်ဝန်သက် (၂၄)ပတ် မှ (၂၈)ပတ် အတွင်း ဂလူးကို့စ်အရည်သောက်ပြီး သွေးတွင်းအချိုဓာတ်တိုင်းတာခြင်း (OGTT- oral glucose tolerance test)ဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုရှိမရှိ စစ်ဆေးရန် လိုအပ်သည်
  • ကိုယ်ဝန်ဆောင်မဟုတ်သော အမျိုးသမီးများတွင်လည်း အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေများသောကြောင့် ဆီးချိုရောဂါ ဖြစ်ပေါ်ခြင်းရှိမရှိကို နှစ်စဉ်စစ်ဆေးသင့်သည်
  • သားဥကြွေရန်ခက်ခဲခြင်း၊ သားသမီးမရခြင်းများအတွက်လည်း သားဖွားမီးယပ်ဆရာဝန်များနှင့် သေချာစွာပြသပြီး အကြံဉာဏ်နှင့် ကုသမှုခံယူသင့်သည်
  • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု ရှိသူများတွင် နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများဖြစ်တတ်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ သွေးတိုးရောဂါစသည်တို့ ဖြစ်လာနိုင်ခြင်း တို့ကြောင့် ထိုရောဂါတို့ကို စောစီးစွာသတိပြုမိစေရန်အတွက် ပုံမှန်စစ်ဆေးခြင်းများကို ပြုလုပ်ရမည် ဖြစ်သည်
  • ဓမ္မတာကြာရှည်စွာထိမ်ခြင်းသည် သားအိမ်အတွင်းနံရံထူခြင်း ထိုမှတစ်ဆင့် သားအိမ်အတွင်းနံရံ ကင်ဆာအထိ ဖြစ်လာစေနိုင်ခြင်းတို့ကြောင့် ဓမ္မတာမပေါ်ခြင်း အနည်းဆုံး (၃)လ မှ (၄)လ ကြာမြင့်ပါက ဆရာဝန်ညွှန်ကြားချက်အရ သင့်တော်သော ဟော်မုန်းဆေးအကူအညီဖြင့် ရာသီပေါ်ရန် လုပ်ဆောင်သင့်သည်

အထက်ဖော်ပြပါနည်းလမ်းများကို လိုက်နာကျင့်သုံးပါက သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစုကြောင့် ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများနှင့် နာတာရှည်ရောဂါများကို ကာကွယ်လျှော့ချနိုင်မည်ဖြစ်သည်။

References:

  1. Polycystic ovary syndrome (PCOS) – Symptoms and causes. (n.d.). Mayo Clinic. Retrieved October 29, 2024, from https://www.mayoclinic.org/diseases-conditions/pcos/symptoms-causes/syc-20353439
  2. Polycystic Ovary Syndrome (PCOS). (2024). Cleveland Clinic. Retrieved October 29, 2024, from https://my.clevelandclinic.org/health/diseases/8316-polycystic-ovary-syndrome-pcos
  3. Long-term Consequences of Polycystic Ovary Syndrome (Green-top Guideline No. 33) | RCOG. (n.d.). RCOG. Retrieved October 29, 2024, from https://www.rcog.org.uk/guidance/browse-all-guidance/green-top-guidelines/long-term-consequences-of-polycystic-ovary-syndrome-green-top-guideline-no-33/

Share

9 December 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.