အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောဗိုင်းရပ်စ်ပိုးများသည် အဆုတ်တွင်သာမက လေပြွန်တစ်လျှောက်တွင်လည်း ရောင်ရမ်းမှုများ ဖြစ်စေနိုင်သည်။ ၎င်းအခြေအနေများတွင် လေပြွန်မကြီး (trachea) ရောင်ရမ်းခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ အဆုတ်တွင်းရှိလေပြွန်များအထိ ရောင်ရမ်းနိုင်သော်လည်း လေပြွန်မကြီးကို အဓိကထိခိုက်လေ့ရှိသည်။ အသက် (၆)လ မှ (၅)နှစ်ကြား ကလေးများတွင် အဖြစ်များပြီး ကလေးကြီးများတွင်လည်း တစ်ခါတစ်ရံ ဖြစ်နိုင်သည်။ တစ်ကြိမ်ထက်မက ပို၍လည်း ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Parainfluenza virus, influenza virus, respiratory syncytial virus, adenovirus ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများကြောင့် အဓိကဖြစ်ပွါးပြီး parainfluenza virus ကြောင့် အဖြစ်အများဆုံးဖြစ်သည်။ ထိုဗိုင်းရပ်စ်များသည် ကလေးများ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများမှတစ်ဆင့် လေထုထဲသို့ ပျံ့နှံ့ပြီး အခြားသူများထံသို့ ကူးစက်တတ်သည်။ အသံအိုး၊ လေပြွန်မကြီးနှင့် လေပြွန်ခွဲများကိုပါ ရောင်ရမ်းစေသောကြောင့် လေပြွန်ကိုကျဥ်းမြောင်းစေပြီး အသက်ရှူသွင်းတိုင်း ဟောက်သံကဲ့သို့ တရွှီရွှီမြည်သံ (Stridor) ကို ကြားရတတ်သည်။ ထိုအသံကို လေပြွန်ကျဥ်းစေသော အခြားရောဂါအခြေအနေများ (ဥပမာ_ဆုံဆို့နာရောဂါ) တွင်လည်း ကြားရနိုင်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် အများအားဖြင့် တစ်ပတ်ခန့်ကြာမြင့်တတ်ပြီး တစ်ပတ်အကျော်တွင် ပြန်လည်သက်သာသွားလေ့ရှိသည်။ စဖျားသည့် ပထမရက်တွင် နှာစေးချောင်းဆိုးနှင့် အဖျားအနည်းငယ် ရှိနိုင်သည်။ ဒုတိယရက်မှစ၍ ချောင်းဆိုးသံ ပိုကျယ်လာတတ်ပြီး လည်ပင်းအက်ကွဲသံကဲ့သို့ ဆက်တိုက် ချောင်းဆိုးလာတတ်ကာ တစ်ခါတစ်ရံ အသံဝင်သွားနိုင်သည်။ ကလေးချောင်းဆိုးနေစဥ် အသက်ရှူသွင်းချိန်တိုင်း ဟောက်သံကဲ့သို့ တရွှီရွှီမြည်သံ (stridor) ကိုကြားရတတ်ပြီး တစ်ခါတစ်ရံ ချောင်းမဆိုးဘဲ ပုံမှန် အသက်ရှူချိန်တွင်လည်း တောက်လျှောက် ကြားနေရတတ်သည်။ သို့သော် ကလေးသည် လန်းလန်းဆန်းဆန်း ရှိနေပြီး ပုံမှန်အတိုင်း စားနိုင်၊ ဆော့ကစားနိုင်ကာ ဆီးဝမ်းလည်း ပုံမှန်သွားနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
လေပြွန်မကြီး ရောင်ရမ်းခြင်းတွင် နောက်ဆက်တွဲပြဿနာများ မရှိသလောက်နည်းပါးသည်။ အချို့ကလေးများတွင်မူ လက္ခဏာများ စတင်ပြီး (၃)ရက်မြောက် မှ (၅)ရက်မြောက်ကြားတွင် ပိုမို ပြင်းထန်လာတတ်သည်။ အောက်ပါ အန္တရာယ်လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အရေးပေါ်ကုသမှုများ ခံယူရန် လိုအပ်နိုင်သည်။
- ပုံမှန်ထက် အသက်ရှူမြန်ခြင်း
- အသက်ရှူရန် ခက်ခဲခြင်း၊ မောနေခြင်း
- နှလုံးခုန် မြန်နေခြင်း
- တရွှီရွှီ မြည်သံ (stridor) ဆက်တိုက် ထွက်ပေါ်နေခြင်း
- အသက်ရှူတိုင်း ရင်ဘတ်အောက်ပိုင်း သို့မဟုတ် နံရိုးများ ချိုင့်ဝင်ခြင်း
- အဖျားကြီးခြင်း
- နှုတ်ခမ်းနှင့်လက်ချောင်းများ ပြာလာခြင်း
- အစာမစားနိုင်ခြင်း၊ နို့မစို့နိုင်ခြင်း
- အစာမျိုချရခက်ခဲခြင်း
- ပုံမှန်မဟုတ်ဘဲ သွားရည်များ အလွန်ကျနေခြင်း
- ဖြူဖျော့ကာ လန်းဆန်းမှုမရှိခြင်း စသည်တို့သည် အရေးကြီးသော အန္တရာယ်လက္ခဏာများဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအန္တရာယ်လက္ခဏာများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
အသက်ရှူချိန် တရွှီရွှီ မြည်သံ (stridor) ထွက်ပေါ်နေသောကလေးများကို မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကုသသင့်သည်။ ပုံမှန်အားဖြင့် ဤရောဂါသည် ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာကုသမှုဖြင့်သာ သက်သာသွားနိုင်ခြေများသော ရောဂါမျိုးဖြစ်သည်။ မိသားစုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှတစ်ဆင့် သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာမိသားစုဆရာဝန်မှ ရောဂါရာဇဝင်နှင့် လက္ခဏာများကို အဓိကကြည့်၍ လေပြွန်မကြီး ရောင်ရမ်းသည်ဟု ရောဂါသတ်မှတ်နိုင်သည်။ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ အမြဲလုပ်ရန်မလိုပါ။ သို့ရာတွင် stridor အသံကြားရသော တခြားရောဂါအခြေအနေများကို သံသယရှိပါက သွေးစစ်ခြင်း၊ ဓာတ်မှန် ရိုက်ခြင်းများ ပြုလုပ်၍ ရောဂါဆက်လက်ရှာဖွေနိုင်သည်။
ကုသခြင်း
အန္တရာယ်လက္ခဏာများမရှိသော လေပြွန်မကြီးရောင်ရမ်းသည့် ကလေးအများစုသည် ဆေးရုံတက်ကုသရန်မလိုပါ။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများ သောက်ရန်မလိုဘဲ ဖြစ်ပေါ်လာသောလက္ခဏာများကို ကုသ၍ သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်ရန်သာ လိုအပ်သည်။
- အဖျား သက်သာစေရန် ပါရာစီတမော တိုက်ခြင်း
- ရေဓာတ်လုံလောက်စေရန် မကြာခဏနို့တိုက်ခြင်း၊ အစားအစာကို ပမာဏနည်းနည်းနှင့် မကြာခဏ ကျွေးပေးခြင်း
- နှာခေါင်းပိတ်သော ကလေးငယ်များအတွက် နှာခေါင်းအစက်ချဆေး(Normal Saline Nasal Drop) ခတ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
မိသားစုဆရာဝန်မှ လေပြွန်ရောင်ရမ်းခြင်းကို သက်သာစေရန် စတီးရွိုက် (steroid) ဆေးကို သောက်ဆေး (သို့မဟုတ်) ထိုးဆေးအဖြစ် ပေးနိုင်သည်။ စတီးရွိုက် (steroid) ဆေးတစ်ကြိမ်ဖြင့် ကလေးအများစု သက်သာသွားလေ့ရှိပြီး မသက်သာသောကလေးများတွင် စတီးရွိုက်ဆေးကို (၁၂) နာရီခြား၍ နောက်တစ်ကြိမ် ထပ်ပေးနိုင်သည်။ အကယ်၍ အန္တရာယ်ရှိသော လက္ခဏာများရှိပါက ကလေးကိုဆေးရုံတင်၍ ကုသမှုခံယူရမည် ဖြစ်သည်။
ဆေးရုံတက်ကုသရပါက အသက်ရှူမြန်၍ မောနေသော၊ ပြာနေသော ကလေးများတွင်
- အောက်ဆီဂျင်ပေးခြင်း
- အစားမစားနိုင်၊ နို့မစို့နိုင်လျှင် ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန် သွေးကြောမှ ဆားရည်များသွင်းရခြင်း
- လေပြွန်များကျဥ်း၍ ရောင်ရမ်းခြင်းကို သက်သာစေရန် ရင်ကျပ်သက်သာဆေးများကို စက်ဖြင့်ရှူရခြင်း စသည်တို့ လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
တုပ်ကွေးရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်းမှ ကာကွယ်ရန် အောက်ပါအချက်များကို လုပ်ဆောင်သင့်သည်။
- နှာခေါင်းစည်း (Facemask) တပ်ရန်
- လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးရန်
- လက်ဖြင့် မျက်နှာတစ်ဝိုက် ထိကိုင်ခြင်းကို ရှောင်ကြဉ်ရန်
- ချောင်းဆိုး၊ နှာစေးလျှင် တစ်ရှူး၊ လက်ကိုင်ပဝါဖြင့် အုပ်ကာရန်၊ ပြီးလျှင် ၎င်းပစ္စည်းများကို သေချာစွာစွန့်ပစ်ရန်
- ဗိုင်းရပ်စ်ပိုး ကပ်ငြိနိုင်သော ပစ္စည်းများ၊ မျက်နှာပြင်များကို မကြာခဏ သန့်ရှင်းပိုးသတ်ရန်
- လူစုလူဝေးရှောင်ရန်
ထို့ပြင် ဤရောဂါကဲ့သို့ Stridor ကြားရနိုင်သည့် အခြားပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း ရှိသည်။ ထိုရောဂါများကို ကာကွယ်ရန်_
- ဆုံဆို့နာကာကွယ်ဆေး (DPT)
- အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး (Hib) နှင့်
- ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV) များကို ကာကွယ်ဆေးထိုး စီမံချက်များအတိုင်း ကလေးတိုင်းအား အချိန်မီထိုးထားပေးရန် အလွန်အရေးကြီးသည်။
References:
- Croup. (2024). Cleveland Clinic. Retrieved June 22, 2024, from https://my.clevelandclinic.org/health/diseases/8277-croup
- Clinical Practice Guidelines : Croup (Laryngotracheobronchitis). (n.d.). Retrieved June 22, 2024, from https://www.rch.org.au/clinicalguide/guideline_index/croup_laryngotracheobronchitis/
- Croup – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 22, 2024, from https://www.mayoclinic.org/diseases-conditions/croup/symptoms-causes/syc-20350348
- Croup – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 22, 2024, from https://www.mayoclinic.org/diseases-conditions/croup/diagnosis-treatment/drc-20350354
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.