Osteoarthritis of Knee (ဒူးဆစ်ကျီးပေါင်းတက်ရောဂါ)

Osteoarthritis of Knee (ဒူးဆစ်ကျီးပေါင်းတက်ရောဂါ)

ဒူးဆစ်ကျီးပေါင်းတက်ရောဂါသည် ဆေးဝါးဖြင့် ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရောဂါလက္ခဏာများ သက်သာလျော့ပါးအောင် ကုသနည်းများစွာရှိသည်။ ဆိုးဝါးသည့် ဒူးဆစ်ကျီးပေါင်းတက်ရောဂါကို ခွဲစိတ်ကုသသည့် နည်းလမ်းဖြင့် ကုသနိုင်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis of knee) သည် အဖြစ်များသော ရောဂါအခြေအနေတစ်ခုဖြစ်သည်။ လူဦးရေ၏ (၄၆) ရာခိုင်နှုန်းသည် ၎င်းတို့ တစ်သက်တာ တစ်ချိန်ချိန်တွင် ဤရောဂါကို ခံစားခဲ့ဖူးသည်။ ဒူးဆစ်အတွင်း အရိုးနုများပါးလွှာရာမှ ပျက်စီးမှုဖြစ်လာမည်။ထို့နောက် အရိုးမာများ ပွတ်တိုက်မှု ဖြစ်လာကာ အဆစ်ကိုအုပ်ထားသည့် အမြှေးများ၊ အရိုးမာများနှင့် ထိဆက်နေသည့် အရွတ်များ၊ ကြွက်သားများ ရောင်ရမ်းကာ နာကျင်မှုကို ဖြစ်ပေါ်စေမည်။။

ဖြစ်ပွါးနိုင်ခြေများသူများ

  • အသက်အရွယ်ကြီးသူများ
  • အမျိုးသမီးများ
  • ကိုယ်အလေးချိန်များသူများ [Body mass index BMI (၃၀)အထက် ကျော်သူများသည် ပုံမှန်လူများထက် (၇)ဆ ပိုမိုဖြစ်ပွါးနိုင်သည်]
  • မျိုးရိုးဗီဇလိုက်ခြင်း
  • ဒူးဆစ်ကို ထိခိုက်ဒဏ်ရာရခြင်း
  • ဒူးအပေါ် အားသက်ရောက်စေသော အလုပ်အကိုင်၊ အားကစားနည်းများ
  • မွေးရာပါ အဆစ်ပုံမှန်မဟုတ်သူများ၊ အဆစ်တွင် အရိုးနုမပြည့်စုံသူများ
  • ဆီးချိုရောဂါ ဝေဒနာရှင်များ
ရောဂါလက္ခဏာများ

ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis of knee) တွင် ဒူးနာကျင်မှုကို အများဆုံးခံစားရလေ့ရှိသည်။ လှုပ်ရှားသွားလာခြင်း၊ လှေကားတက်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းတို့တွင် ပို၍နာကျင်မှုခံစားရနိုင်သည်။ အချို့တွင် ဒူးဆစ်ရောင်နေခြင်းကြောင့် ထိုင်လျက်အနားယူနေစဉ်တွင်ပင် နာကျင်နိုင်သည်။ အချိန်အတော်ကြာထိုင်ပြီး ပြန်ရပ်ပါက ဒူးဆစ် အကွေးအဆန့် ခက်နိုင်သည်။ အထူးသဖြင့် ကြမ်းပြင်မှာထိုင်ပြီး ပြန်အထတွင် ပိုခက်နိုင်သည်။ ဒူးဆစ်လှုပ်ရှားမှုပြုလုပ်တိုင်း အဆစ်တွင်းမှ ပွတ်တိုက်သံကို ကြားနိုင် (သို့မဟုတ်) ခံစားမှုဖြင့် သိရှိနိုင်သည်။ လမ်းလျှောက်နေစဉ် ဒူးညွတ်ခြင်းများဖြစ်နိုင်သည်။ ဒူးဆစ်အတွင်း အရိုးအပိုများပဲ့ခြင်း၊ အရိုးနုများပဲ့ကြွေခြင်းဖြစ်ပါက ဒူးဆစ်မှာ မကွေးနိုင်၊ မဆန့်နိုင်ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis of knee) သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုဆိုးလာနိုင်ပြီး နာတာရှည် နာကျင်မှုခံစားရခြင်းနှင့် နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုကို အနှောက်အယှက်ဖြစ်စေသည်။ စိတ်သွားတိုင်း ကိုယ်မပါသဖြင့် စိတ်ကျခြင်းနှင့် အိပ်စက်ချိန်နည်းပါးခြင်းတို့ပါ တွေ့ကြုံလာနိုင်သည်။ ဆိုးဝါးသည့် ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Severe Osteoarthritis of knee) တွင် ဒူးဆစ်အတွင်းခွင်ခြင်း သို့မဟုတ် အပြင်ခွင်ခြင်းတို့ တွေ့နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရိုးအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အရေးပေါ်ပြသရန်

ဒူးဆစ်မလှုပ်နိုင်အောင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့်အတူ ကိုယ်အပူချိန်တက်ပါက အဆစ်တွင်းပိုးဝင်ခြင်း ဖြစ်နိုင်သဖြင့် အရေးပေါ် ကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင် မေးမြန်းပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါ၏အတိမ်အနက်ကို ခန့်မှန်းသိရှိနိုင်သည်။ ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိရှိရန် အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်။

  • ဒူးဆစ်ဓာတ်မှန်ရိုက်ခြင်း (X-ray knee) – အဆစ်အတွင်းရှိသော အရိုးနုကို ဓာတ်မှန်တွင် မတွေ့နိုင်သော်လည်း အဆစ်တွင်းရှိ အရိုးနုပျက်စီးခြင်း ပမာဏအလိုက် အဆစ်ကျဉ်းခြင်းကိုတွေ့နိုင်သည်၊ ထို့ပြင် အဆစ်မျက်နှာပြင်မှ အရိုးစများပဲ့ကြွေခြင်းရှိပါကလည်း ဓါတ်မှန်တွင် တွေ့ရှိနိုင်သည်
  • ဒူးဆစ်သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – အဆစ်အတွင်းရှိ အရိုးနု၊ အရိုးမာ၊ အရွတ်နှင့် ကြွက်သားတို့၏ အခြေအနေကို ပိုမိုသိရှိနိုင်သည်၊ သံလိုက်ဓာတ်မှန်ကို သာမန်ဒူးဆစ်ကျီးပေါင်းတက်ရောဂါ အမည်တပ်ရန် သက်သက်အတွက် လုပ်ဆောင်လေ့မရှိဘဲ ခက်ခဲရှုပ်ထွေးသည့် ဒူးဆစ်ကျီးပေါင်းတက်ရောဂါများတွင်လည်းကောင်း၊ အခြားအရေးကြီးရောဂါများနှင့် မှားနိုင်လျှင်လည်းကောင်း လုပ်ဆောင်လေ့ရှိသည်
  • သွေးစစ်ဆေးခြင်း (CP, ESR, CRP, RA, Uric acid) – ဒူးဆစ်ကျီးပေါင်း ရောဂါလက္ခဏာနှင့် ဆင်တူသော ဂေါက်အဆစ်ရောင်ရောဂါ (Gout)၊ အဆစ်အတွင်း ပိုးဝင်ခြင်းနှင့် သွေးလေးဖက်နာကြောင့် အဆစ်ရောင်ခြင်းတို့မှ ခွဲခြားနိုင်ရန် အသုံးပြုသည်
  • အဆစ်အတွင်းမှ အရည်ကို စုပ်ယူစစ်ဆေးခြင်း (Joint fluid analysis) – အခြားအဆစ်ရောင်ရောဂါများကို ခွဲခြားနိုင်သည်
ကုသခြင်း

ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis of knee) ကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း နာကျင်မှုနှင့်မသန်စွမ်းမှု လျော့ပါးစေသည့် ကုသနည်းများရှိသည်။

မခွဲစိတ်ဘဲကုသသည့် နည်းလမ်း

  • နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုပုံစံ ပြောင်းခြင်း
    လှေကားအတက်အဆင်း လျှော့ခြင်း၊ ထိုင်ခုံအမြင့်ဖြင့် ထိုင်ခြင်း၊ ဘိုထိုင်အိမ်သာ အသုံးပြုခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို ပြုလုပ်သင့်သည်၊ အချိန်အတော်ကြာ မတ်တတ်ရပ်ခြင်း၊ ပြေးခြင်းတို့ကို လျှော့ချသင့်သည်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကိုယ်အလေးချိန်လျော့စေရန် နေထိုင်စားသောက်ရမည်၊ အကူကိရိယာများ (လမ်းလျှောက်တုတ်ကောက်၊ ဒူးစွပ်) တို့ကို အသုံးပြုခြင်းဖြင့် ဒူးဆစ်အပေါ် ဒဏ်ဖြစ်မှုကို သက်သာစေသည်၊ ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲကပ်ခြင်းတို့သည်လည်း နာကျင်မှု သက်သာနိုင်သည်
  • ဆေးဝါးဖြင့်ကုသခြင်း
    ပါရာစီတမောနှင့် အကိုက်အခဲပျောက်ဆေးများ အသုံးပြုနိုင်သည်၊ နာတာရှည် နာကျင်မှု ခံစားရသူများတွင် စိတ်ကျရောဂါကုသဆေးများကို အသုံးပြုနိုင်သည်၊ အကိုက်အခဲပျောက်ဆေးများသည် အစာအိမ် ဗိုက်အောင့်ဗိုက်နာရှိသူများ၊ အသည်း၊ ကျောက်ကပ်၊ နှလုံးရောဂါရှိသူများ၊ သွေးရောဂါရှိသူများတွင် ရောဂါကို ပိုဆိုးစေသည်၊ အဆစ်ပေါ်ရှိ အရေပြားကို အကိုက်အခဲပျောက်လိမ်းဆေးများ အသုံးပြုခြင်းသည် ဘေးထွက်ဆိုးကျိုးနည်းပါးစွာဖြင့် နာကျင်မှုသက်သာစေသည်၊ အရိုးနုပျက်စီးခြင်းကို ကုသသည့် Glucosamine and chondroitin sulfate စသည့်ဆေးဝါးများသည် ရောဂါဖြစ်ခါစ လူနာများအတွက် အကျိုးရှိနိုင်သည်
  • ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း
    လေ့ကျင့်ခန်းကုထုံးများ၊ ကြွက်သားသန်မာရေးကုထုံးများဖြင့် ကုသသည်။
  • ဒူးဆစ်အတွင်းသို့ ဆေးထိုးခြင်း
    နာကျင်မှုနှင့်ရောင်ရမ်းမှု သက်သာစေရန် ဒူးဆစ်အတွင်းသို့ စတီးရွိုက် (Corticosteroid) ထိုးဆေးထိုးခြင်းကို အသုံးပြုနိုင်သော်လည်း တစ်နှစ် (၃-၄)ကြိမ်ထက် ပို၍အသုံးမပြုသင့်ပေ၊ အချိန်ကြာလာသည်နှင့်အမျှ အဆစ်ပိုမိုပျက်စီးစေနိုင်သဖြင့် သတိထားသုံးသင့်သည်၊ ချောဆီ (Hyaluronic acid) ထိုးဆေးတို့ကို အသုံးပြုခြင်းဖြင့် နာကျင်မှု သက်သာနိုင်သည်
  • ဇီဝကုထုံး
    သွေးရည်ကြည် (Platelet rich plasma PRP) နှင့် ပင်မဆဲလ်အသုံးပြုကုသခြင်း (Stem cell therapy) သည် ကုသနည်းအသစ်များဖြစ်ပြီး ထိရောက်မှုအတွက် သုတေသနများ လိုအပ်လျက်ရှိသည်
  • အခြားနည်းလမ်းများ
    အပ်စိုက်ကုသခြင်း (Acupuncture) နှင့် လျှပ်စစ်ဖြင့် အာရုံကြောလှုံ့ဆော်ခြင်း (Transcutaneous electrical nerve stimulation TENS) တို့သည် နာကျင်မှုကို ယာယီသက်သာစေသည်

ခွဲစိတ်ကုသသည့်နည်းလမ်း

မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့် မသက်သာဘဲ နာတာရှည်နာကျင်လာခြင်း၊ နေ့စဉ်ဘဝသွားလာလှုပ်ရှားမှု ထိခိုက်လာခြင်း စသည့်အခြေအနေများတွင် ခွဲစိတ်ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်သည်။

ခွဲစိတ်ကုသမည့်ဆရာဝန်မှ မခွဲစိတ်မီ ခွဲစိတ်ကုသမှုတစ်မျိုးစီ၏ ကောင်းကျိုးနှင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ရှင်းပြပေးမည်ဖြစ်သည်။ ခွဲစိတ်မှုနည်းလမ်းမှာ လူနာ၏အသက်၊ ရောဂါပြင်းထန်မှု၊ သွားလာလှုပ်ရှားမှု အခြေအနေ၊ အခြားရောဂါ ရှိမရှိပေါ် မူတည်သည်။

အဓိက ခွဲစိတ်သည့် နည်းလမ်းများမှာ_

  • အဆစ်အတွင်း မှန်ပြောင်းကြည့်ကုသခြင်း
    အဆစ်အတွင်းရှိ ကြားခံအရွတ်ပြားစုတ်ပြဲခြင်း (Meniscus tear) ကို အဆစ်အတွင်း မှန်ပြောင်းကြည့်ခြင်းဖြင့် ကုသနိုင်သည်
  • အဆစ်အတွင်း ရောင်ရမ်းနေသော အဆစ်ဖုံးအမြှေးများကို ဖယ်ထုတ်ခြင်း (Synovectomy) နည်းလမ်းဖြင့်လည်း နာကျင်မှု သက်သာစေသည်
  • အရိုးတည့်အောင်ခွဲစိတ်ကုသခြင်း (Osteotomy)
    ငယ်ရွယ်သူများတွင် ဒူးဆစ်မှစ၍ ခြေထောက် အတွင်း၊ အပြင် ခွင်ခြင်းများရှိပါက အရိုးတည့်အောင် ခွဲစိတ်ကုသနိုင်သည်
  • ဒူးဆစ်တစ်ခြမ်း (သို့မဟုတ်) ဒူးဆစ်တစ်ခုလုံးအစားထိုးကုသခြင်း (Unicompartmental or Total Knee Replacement)
    အဆစ်အစားထိုးခြင်းတွင် ပျက်စီးနေသော အရိုးနု၊ အရိုးများကို ဖယ်ထုတ်ကာ သတ္တုစပ်နှင့် ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ်ပြားများသုံးကာ အဆစ်မျက်နှာပြင်အသစ် ဖန်တီးပေးခြင်းဖြင့် ဒူးဆစ်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်
ကာကွယ်ခြင်း

ဒူးဆစ်ကျီးပေါင်းတက်ရောဂါကို အမြဲတမ်းကာကွယ်မှု မပြုနိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်ပွါးမှုကို လျော့ချနိုင်သည်။

  • သင့်လျော်သော ကိုယ်အလေးချိန်ထိန်းခြင်း
  • ဒူးနာပါက အပြည့်အဝအနားယူခြင်း
  • ထိခိုက်ဒဏ်ရာ မရအောင်နေထိုင်ခြင်း
  • သင့်လျော်သော လေ့ကျင့်ခန်းလုပ်ခြင်း
  • နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုပုံစံကို ကျွမ်းကျင်သူများ၏ အကြံပြုချက်အတိုင်း လိုက်နာခြင်းတို့ဖြစ်သည်

References:

  1. Osteoarthritis of the Knee. (2024). Cleveland Clinic. Retrieved December 18, 2024, from https://my.clevelandclinic.org/health/diseases/21750-osteoarthritis-knee
  2. Osteoarthritis – Symptoms & causes – Mayo Clinic. (2021). Mayo Clinic. Retrieved December 18, 2024, from https://www.mayoclinic.org/diseases-conditions/osteoarthritis/symptoms-causes/syc-20351925
  3. Osteoarthritis – OrthoInfo – AAOS. (n.d.). Retrieved December 18, 2024, from https://orthoinfo.aaos.org/en/diseases–conditions/osteoarthritis/

Share

23 December 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.