Glaucoma (မျက်စိရေတိမ်ရောဂါ)

Glaucoma (မျက်စိရေတိမ်ရောဂါ)

မျက်လုံးအိမ်အတွင်း ဖိအားတက်စေသည့် အခြေခံအကြောင်းအားလုံးသည် မျက်စိရေတိမ်ရောဂါကို ဖြစ်စေသည်။ မျက်လုံးအတွင်း ဖိအားတက်လာပါက မြင်လွှာနှင့်မျက်စိအာရုံကြောကို ပိစေသဖြင့် အမြင်အာရုံအားနည်းခြင်းမှသည် မျက်စိကွယ်သည်အထိဖြစ်နိုင်သည်။ ရေတိမ်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး အသက် (၆၀) ကျော်သူများတွင် မျက်စိရေတိမ်ရောဂါသည် မျက်စိကွယ်ရခြင်း အကြောင်းရင်းများ၌ အများဆုံးဖြစ်သည်။

မျက်စိရေတိမ်ရောဂါသည် စတင်ဖြစ်ချိန်တွင် သတိမထားမိတတ်ကြဘဲ အမြင်အာရုံကို ထိခိုက်ချိန်ရောက်မှ သိရှိတတ်ကြသဖြင့် ကုသရန် ခက်ခဲတတ်သည်။ မျက်စိရေတိမ်ဖိအားတက်ခြင်းကို စောစီးစွာသိရှိပြီး စနစ်တကျကုသလျှင် ပျောက်ကင်းနိုင်သည်။ ပုံမှန် မျက်စိစစ်ဆေးမှုခံယူခြင်း၊ ကုသခြင်းဖြင့် မျက်စိကွယ်ခြင်းကို တားဆီးနိုင်သည်။

Glaucoma image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန် မျက်လုံးအိမ်အတွင်း၌ မျက်စိတွင်းအစိတ်အပိုင်းများအား အာဟာရပေးရန် အရည်ကြည် (Aqueous humor) များရှိသည်။ အဆိုပါအရည်ကြည်များသည် မျက်စိရှေ့ပိုင်းရှိ သူငယ်အိမ်ပေါက်ကို ဖြတ်သန်းစီးဆင်းပြီး သူငယ်အိမ်လိုက်ကာ (Iris)နှင့် မျက်ကြည်လွှာ (Cornea) ကြားရှိ ဆန်ကာကဲ့သို့ အပေါက်ငယ်အတွင်းသို့ စီးဝင်သည်။ ၎င်းမှတစ်ဆင့် မျက်လုံးတွင်းအရည်ကြည်များသည် သွေးတွင်းသို့ ပြန်လည်စီးဝင်သွားသည်။ မျက်လုံးတွင် အရည်ကြည်ထုတ်လုပ်ခြင်းနှင့် ပြန်လည်စုပ်ယူခြင်းတို့ကို မျှခြေဖြစ်စေခြင်းဖြင့် မျက်လုံးတွင်းဖိအားကို ထိန်းညှိထားသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် အရည်ကြည်ထုတ်လုပ်မှုများလာခြင်း (သို့မဟုတ်) ထွက်ပေါက်ပိတ်ခြင်းဖြစ်လျှင် မျက်လုံးတွင်း ဖိအားတက်လာသည်။ တဖြည်းဖြည်း တက်လာသော ဖိအားကြောင့် မျက်စိအာရုံကြောကိုပိမိပြီး အမြင်အာရုံကွယ်ခြင်းကို ဖြစ်စေနိုင်သည်။

မျက်စိရေတိမ်အမျိုးအစားများ

ထောင့်ကျယ်ရေတိမ် – သူငယ်အိမ်လိုက်ကာနှင့် မျက်ကြည်လွှာကြားရှိ ထောင့်သည် ပုံမှန်ရှိပြီး ရေဖိအားတက်ရခြင်းမှာ အခြားအကြောင်းရင်းကြောင့်ဖြစ်သည်။ ထောင့်ကျယ်ရေတိမ်သည် တဖြည်းဖြည်းမှ ဖိအားတက်လာတတ်သည်။

ထောင့်ကျဉ်းရေတိမ် – အတွင်းရှိအရည်ကြည်မှ တွန်းထုတ်သည့်ဖိအားကြောင့် သူငယ်အိမ်လိုက်ကာရွေ့လျားပြီး သူငယ်အိမ်လိုက်ကာနှင့် မျက်ကြည်လွှာကြားရှိ ထောင့်ကို ကျဉ်းသွားစေသဖြင့် ထွက်ပေါက်ပိတ်သွားခြင်း ဖြစ်သည်။ ထောင့်ကျဉ်းရေတိမ်သည် တဖြည်းဖြည်းဖိအားတက်လာခြင်းလည်း ရှိနိုင်သကဲ့သို့ ရုတ်တရက်ဖိအား မြင့်တက်လာခြင်းမျိုးလည်းရှိနိုင်သည်။

အကြောင်းရင်းခံရှိသော ရေတိမ် – မျက်စိထိခိုက်ဒဏ်ရာ၊ သူငယ်အိမ်လိုက်ကာမှ ရောင်ခြယ်မော်လီကျုးများ ပြုတ်ထွက်ပိတ်ဆို့ခြင်း၊ မျက်စိအတွင်းသားရောင်ခြင်း (Uveitis)၊ ထိခိုက်ဒဏ်ရာရခြင်း၊ မျက်စိခွဲစိတ်ကုသမှု ပြုလုပ်ခြင်းနှင့် အချို့သောဆေးဝါးများ (စတီးရွိုက်ဆေးများ၊ အချို့ မျက်စဉ်းဆေးများ) စသည်တို့ကြောင့် မျက်လုံးတွင်းဖိအားကို တက်စေနိုင်သည်။

မွေးရာပါရေတိမ် – သန္ဓေသားဘဝတွင် မျက်လုံးတည်ဆောက်ပုံ ချွတ်ယွင်းချက်ကြောင့် မျက်လုံးတွင်း အရည်ကြည်စီးဆင်းမှု မူမမှန်သဖြင့် ကလေးဘဝ မွေးပြီးနှစ်အနည်းငယ်အတွင်း ရေတိမ်ရောဂါဖြစ်လာနိုင်သည်။

ရေတိမ်ရောဂါဖြစ်နိုင်ခြေများသူများ

အောက်ပါအခြေအနေများတွင် ရေတိမ်ရောဂါဖြစ်နိုင်ခြေပို၍များသည်ကိုတွေ့ရသည်။

  • အသက် (၅၅) နှစ်အထက်ရှိသူများ [အသက် (၄၀)ကျော်လျှင် မျက်လုံးတွင်းဖိအားအများဆုံး တက်နိုင်ပြီး၊ အသက် (၇၅) နှစ်ကျော်သူများ၏ (၁၀) ရာခိုင်နှုန်းတွင် ရေတိမ်ရောဂါ ရှိသည်ဟု တွေ့ရှိသည်]
  • မိသားစုအတွင်း ရေတိမ်ရောဂါရှိခြင်း
  • ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ တံစဥ်ပုံသွေးနီဥပုံပျက်ရောဂါ (Sickle cell disease) ရှိသူများ
  • မျက်ကြည်လွှာပါး၍ အလယ်စုသည့်အခြေအနေ
  • မျက်စိထိခိုက်ဒဏ်ရာရခြင်း၊ မျက်စိခွဲစိတ်ကုသမှုခံယူခြင်း
  • မျက်စိ အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း လွန်စွာဆိုးရွားခြင်း
  • စတီးရွိုက်ဆေး (အထူးသဖြင့် မျက်စဥ်းဆေးများ)ကို ကာလကြာရှည်သုံးစွဲခြင်း
ရောဂါလက္ခဏာများ

ရေတိမ်ရောဂါ စတင်ဖြစ်ကာစတွင် မည်သည့်လက္ခဏာမျှ မပြသဖြင့် ရေတိမ်ရောဂါရှိသူ (၅၀) ရာခိုင်နှုန်းသည် အမြင်အာရုံ ချွတ်ယွင်းသည့်အခြေအနေမှ ရေတိမ်ရောဂါရှိမှန်း သိကြရသည်။ ရေတိမ်ရောဂါလက္ခဏာများသည် ရေတိမ်အမျိုးအစားနှင့် အဆင့်ပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။ အဖြစ်အများဆုံးလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်။

  • မျက်စိအောင့်ခြင်း (ဖိအားကြောင့်ဖြစ်တတ်သည်)
  • မျက်စိနီရဲခြင်း
  • ခေါင်းကိုက်ခြင်း
  • ပုံရိပ်နှစ်ထပ်မြင်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • မျက်စိမှုန်လာခြင်း
  • လိုဏ်ခေါင်းမြင်ကွင်းကဲ့သို့ မြင်ခြင်း၊ အစက်အပြောက်များမြင်ခြင်း (tunnel vision and blind spots)

ထောင့်ကျဉ်းရေတိမ်အမျိုးအစားတွင် လက္ခဏာများသည် ချက်ချင်းပြင်းထန်လာတတ်ပြီး အောက်ပါလက္ခဏာများနှင့် တွဲနေတတ်သည်။

  • သူငယ်အိမ်ရှေ့တွင် သွေးခြည်ဥခြင်း
  • မျက်လုံးအိမ်တင်းခြင်း၊ ဖောင်းထွက်လာခြင်း
  • ပျို့အန်ခြင်း
  • မြင်ကွင်းတွင် အစက်အပြောက်များမြင်ခြင်း၊ သက်တန့်ရောင်ကွင်းများမြင်ခြင်း၊ လျှပ်စီးလျှပ်သကဲ့သို့မြင်ခြင်း၊
  • ရုတ်တရက် မျက်စိကွယ်ခြင်း

ကလေးငယ်များတွင် မျက်တောင်ခတ်မြန်ခြင်း၊ မငိုဘဲ မျက်ရည်ကျခြင်း၊ မျက်စိအရောင်နောက်ခြင်း၊ အမြင်ဝေဝါးခြင်းများရှိလျှင် မွေးရာပါရေတိမ်ရောဂါ ရှိမရှိ စစ်ဆေးသင့်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါလက္ခဏာများ ရုတ်တရက်ပေါ်ပေါက်ပါက ထောင့်ကျဉ်းရေတိမ်ဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနတွင် မျက်စိအထူးကုဆရာဝန်နှင့် အလျင်အမြန်ပြသရမည်ဖြစ်သည်။ တဖြည်းဖြည်း လက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုသည်။ မိသားစုဆရာဝန်သည် စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက မျက်စိအထူးကုဆရာဝန်များထံ ထပ်မံကုသမှုခံယူစေမည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

မျက်စိအထူးကုဆရာဝန်များသည် လူနာ၏လက်ရှိအခြေအနေနှင့် အခံရောဂါများ ရာဇဝင်မေးမြန်းခြင်း၊ စက်ကိရိယာများဖြင့် အောက်ပါစမ်းသပ်ခြင်းများကို ပြုလုပ်မည်ဖြစ်သည်။

  • မျက်လုံးတွင်းဖိအားတိုင်းတာခြင်း (Tonometry)
  • သူငယ်အိမ်ချဲ့ဆေးအသုံးပြုပြီး အမြင်အာရုံကြော ပျက်စီးခြင်း ရှိမရှိ စစ်ဆေးခြင်း
  • မြင်နိုင်စွမ်းနှင့် အမြင်ကွယ်သည့် အတိုင်းအတာစစ်ဆေးခြင်း (Visual field and loss)
  • မျက်ကြည်လွှာ အထူ တိုင်းတာခြင်း
  • ထောင့်ကျဉ်း၊ ထောင့်ကျယ် ရေတိမ်အမျိုးအစားခွဲခြားခြင်း (Gonioscopy)
  • အာထရာဆောင်း၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်ဖြင့် မျက်လုံးအိမ်တည်ဆောက်ပုံစစ်ဆေးခြင်း
ကုသခြင်း

ရေတိမ်ရောဂါ ကုသခြင်းတွင် အဓိကကုထုံးမှာ မျက်လုံးတွင်းဖိအား အလျင်အမြန် လျော့ကျစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ရေတိမ်ဖိအားကြောင့် ပျက်စီးပြီးသော အခြေအနေများကို မူလအတိုင်း ပြန်ကောင်းအောင် ကုသရန် မလွယ်ကူပေ။ ထို့ကြောင့် ရေတိမ်ဖိအားတက်ကြောင်း စောစီးစွာ သိရှိ၍ ကုသမှုခံယူနိုင်ရန် ပုံမှန်မျက်စိစစ်ဆေးခြင်း ပြုလုပ်ရန်လိုအပ်သည်။

  1. ဆေးဝါးဖြင့်ကုသခြင်း
    ဆိုးရွားခြင်းမရှိသေးသည့်အခြေအနေတွင် ဖိအားလျှော့ချသည့် မျက်စဉ်းဆေးများဖြင့် ကုသနိုင်သည်။ မျက်လုံးတွင်း အရည်ကြည်ထုတ်ခြင်းနည်းစေသည့် မျက်စဉ်းဆေးများ (Timolol, Apraclonidine, Darzolamide)၊ အရည်ကြည်စီးဆင်းမှု ကောင်းစေသောဆေးများ (Latanoprost, Travoprost) စသည့် မျက်စဉ်းဆေးများဖြင့်ကုသသည်။
    ဖိအားလျော့ကျစေရန် မျက်စဉ်းဆေးဖြင့်တွဲ၍ (Acetazolamide, Methazolamide) စသော သောက်ဆေးများကိုလည်း ညွှန်ကြားနိုင်သည်။ ထိုဆေးများသည် ဆီးများခြင်း၊ လက်ချောင်းခြေချောင်းများ ထုံကျဉ်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ စိတ်ကျခြင်း စသည့်ဘေးထွက်ဆိုးကျိုးများရှိနိုင်သည်။
  2. လေဆာရောင်ခြည်ဖြင့် ကုသခြင်း
    ဆေးဝါးဖြင့် ကုသသော်လည်း ဖိအားကျဆင်းမှု မလုံလောက်ခြင်း၊ မျက်စဉ်းဆေးဖြင့် သင့်တော်မှုမရှိခြင်းတွင် လေဆာရောင်ခြည်ကုထုံးကို အသုံးပြုနိုင်သည်။ အရည်ကြည်စီးဆင်းမှုကို ပိတ်နေသည့် သူငယ်အိမ်နှင့် မျက်ကြည်လွှာကြားရှိ ထောင့်ကို လေဆာရောင်ခြည်ဖြင့် ပွင့်စေခြင်းဖြစ်သည်။
  3. ခွဲစိတ်ကုသခြင်း
    မျက်စိအားခွဲစိတ်၍ အရည်ကြည်စီးဆင်းမှုလွယ်ကူရန် နေရာချဲ့ပေးခြင်း၊ ပြွန်ငယ်ထည့်ပေးခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။ ခွဲစိတ်နည်းများသည် လူနာ၏ မျက်စိအခြေအနေ၊ ရေတိမ်အဆင့်၊ အခံရောဂါအခြေအနေများတွင် မူတည်သည်။ အထက်ပါကုသမှုများ ပြုလုပ်ပြီးလျှင် မျက်စိအထူးကုဆရာဝန်နှင့် စဉ်ဆက်မပြတ် ပြသရန်လိုသည်။ ကုသမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သောကြောင့်ဖြစ်သည်။
ကာကွယ်ခြင်း

မျက်စိရေတိမ်ရောဂါဖြစ်ခြင်းကို ကာကွယ်ရန် တိကျသောနည်းလမ်းမရှိပေ။ ရောဂါကို စောစီးစွာသိရှိပြီး အချိန်မီကုသမှုပေးနိုင်လျှင် အမြင်အာရုံချွတ်ယွင်းခြင်း၊ မျက်စိကွယ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ အောက်ပါတို့ကို လိုက်နာခြင်းဖြင့် အမြင်အာရုံချွတ်ယွင်းခြင်းအဆင့်သို့ မရောက်ရန် ကာကွယ်နိုင်ကြောင်း တွေ့ရသည်။

  • ပုံမှန် မျက်စိစစ်ဆေးခြင်း_ ရေတိမ်ရောဂါလက္ခဏာများ မပေါ်ပေါက်မီအချိန်တွင်ပင် မျက်လုံးတွင်း ဖိအားတက်ခြင်း ရှိမရှိ စစ်ဆေးနိုင်သည်၊ စောစီးစွာသိရှိလျှင် ပိုမိုဆိုးရွားသွားခြင်းမှ ကာကွယ်နိုင်သည်
  • ပုံမှန်ထက် ဖိအားတက်သည့် အခြေအနေတွင် မျက်စိအထူးကုဆရာဝန်မှ ညွှန်ကြားသည့် မျက်စဉ်းနှင့် သောက်ဆေးများကို မပျက်မကွက် အချိန်မှန်အသုံးပြုခြင်း၊ ပြန်လည်ပြသခြင်း ပြုလုပ်ရန်လိုသည်
  • ဆီးချို၊ သွေးတိုး စသောအခံရောဂါများရှိပါက ပုံမှန်ကုသမှုခံယူရန်လိုသည်
  • မျက်မှန်တပ်ခြင်း၊ အကာအကွယ်ပြုလုပ်ခြင်း မျက်စိထိခိုက်ဒဏ်ရာမှ ကာကွယ်ရန်လိုသည်
  • ကျန်းမာသော အစားအစာ၊ နေထိုင်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန်လိုသည်။

References:

  1. Glaucoma. (2024). Cleveland Clinic. Retrieved December 18, 2024, from https://my.clevelandclinic.org/health/diseases/4212-glaucoma
  2. Glaucoma – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved December 18, 2024, from https://www.mayoclinic.org/diseases-conditions/glaucoma/diagnosis-treatment/drc-20372846
  3. Understanding Glaucoma: Symptoms, Causes, Diagnosis, Treatment. (2024). American Academy of Ophthalmology. Retrieved December 18, 2024, from https://www.aao.org/eye-health/diseases/what-is-glaucoma

Share

23 December 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.