ခေါင်းကိုက်ခြင်းသည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် ထင်မှတ်ထားသည်ထက် ပို၍အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည်။ ကိုယ်ပူခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် မျက်လုံးပြဿနာများ စသည်ဖြင့် ခေါင်းကိုက်စေနိုင်သည့် အကြောင်းရင်းများစွာရှိသည်။ ကလေးများတွင် ခေါင်းကိုက်ရသော အကြောင်းရင်းများသည် အများအားဖြင့် ပြင်းထန်သောအခြေအနေများ မဟုတ်သော်လည်း တစ်ခါတစ်ရံ ပြင်းထန်သည့် အသက်အန္တရာယ်ရှိသော ခေါင်းကိုက်ခြင်းမျိုးလည်းရှိနိုင်သည်။ မကြာခဏခေါင်းကိုက်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာများနှင့် ကျောင်းသင်ခန်းစာများ သင်ယူလေ့လာရာတွင် ဆိုးကျိုးသက်ရောက်မှုများရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခေါင်းကိုက်ခြင်းကို အဓိကအုပ်စုနှစ်ခု ခွဲခြားနိုင်သည်။
- အကြောင်းရင်းခံ ရောဂါမရှိသော ခေါင်းကိုက်ခြင်း (Primary Headache)
အကြောင်းရင်းခံရောဂါတစ်ခုခု (ဥပမာ_ဦးနှောက်အမြှေးရောင်၊ ဦးနှောက်အကျိတ်၊ မျက်စိရောဂါ စသည်) မရှိသော ခေါင်းကိုက်ခြင်းအမျိုးအစားဖြစ်သည်။ ဦးခေါင်းတွင်းရှိ နာကျင်မှုကို အာရုံခံနိုင်သော အစိတ်အပိုင်းများ အထူးသဖြင့် ဦးနှောက်သွေးကြောများ၏ အာရုံခံစားမှုပုံမမှန်ခြင်း သို့မဟုတ် လွန်ကဲခြင်း၊ ဓာတ်ပစ္စည်းများပြောင်းလဲခြင်း စသည်တို့ကြောင့်ဖြစ်သည်။ အချို့ တွင် ခေါင်းကိုက်ခြင်း ပိုမိုဖြစ်ပွါးနိုင်ခြေရှိသော မျိုးဗီဇများ ပါရှိတတ်သည်။ ကလေးများတွင်_- ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine Headache) နှင့်
- စိတ်ဖိစီးမှုကြောင့်ဖြစ်သော ခေါင်းကိုက်ရောဂါ (Tension Headache) တို့သည် အဖြစ်များသော ခေါင်းကိုက်ရောဂါများဖြစ်သည်၊ ထိုခေါင်းကိုက်ရောဂါများသည် နေ့စဉ် ပြုမူနေထိုင်မှုပုံစံပေါ် မူတည်၍လည်း ဖြစ်တတ်သည်
- ရောဂါအခြေအနေများကြောင့် ခေါင်းကိုက်ခြင်း (Secondary Headache)
ရောဂါအကြောင်းရင်းခံတစ်မျိုးမျိုးရှိသောကြောင့် ခေါင်းကိုက်ခြင်းအမျိုးအစားဖြစ်သည်။ နောက်ခံရောဂါကို ကုသမှုပေးလျှင် သက်သာပျောက်ကင်းနိုင်သော ခေါင်းကိုက်ခြင်းမျိုးဖြစ်သည်။
အဆိုပါခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်သော ရောဂါအခြေအနေများမှာ_- ဖျားနာခြင်းနှင့်ပိုးဝင်ခြင်း _ အတွေ့များသောရောဂါများဖြစ်သည့် ရာသီတုပ်ကွေး၊ သာမန်အအေးမိခြင်း၊ နားပိုးဝင်ခြင်းတို့သည် ကလေးများတွင် ခေါင်းကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများဖြစ်သည်
- ဦးခေါင်းတွင်းပြဿနာများ _ တွေ့ရနည်းသော်လည်း ဦးနှောက်အကျိတ်၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ပြည်တည်နာ၊ ဦးခေါင်းဒဏ်ရာရခြင်း၊ ဦးခေါင်းတွင်းသွေးယိုခြင်း စသည့်အခြေအနေများတွင် ခေါင်းကိုက်ခြင်းမျိုးဖြစ်တတ်သည်၊ ထိုအခြေအနေများတွင် အမြင်အာရုံပြဿနာရှိခြင်း၊ ထိုးအန်ခြင်း၊ မူးခြင်း၊ ဟန်ချက်မညီခြင်း၊ တက်ခြင်းစသည့် အခြားဦးနှောက်အာရုံကြောလက္ခဏာများ တွဲတွေ့ရနိုင်သည်
- ဦးခွံရိုးပြင်ပရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း စသည့်နေရာများတွင် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း
- စိတ်ပိုင်းဆိုင်ရာအခြေအနေများ _ စိတ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများ
- အချို့သောအစားအသောက်များ _ နိုက်ထရိတ်ပါသော ကြာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ (ဥပမာ_ဝက်ပေါင်ခြောက်)၊ ကဖိန်းဓာတ်များသော အစားအသောက်များ စသည်တို့ဖြစ်သည်
ရောဂါလက္ခဏာများ
ခေါင်းကိုက်စေသည့် ရောဂါအခြေအနေပေါ်တွင် မူတည်၍ ခံစားရသော လက္ခဏာများ ကွဲပြားသည်။
ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် ကလေးများ အသက်ငယ်စဥ်ကပင် စတင်ဖြစ်ပေါ် နိုင်ပြီး မိသားစုရာဇဝင်လည်းရှိတတ်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါဟု ဆိုသော်လည်း ကလေးများတွင် ခေါင်းတစ်ခြမ်းသာမက နှစ်ဖက်လုံး (သို့မဟုတ်) တစ်ခေါင်းလုံးကိုက်နိုင်သည်။ ခေါင်းတစ်ခါကိုက်လျှင် မိနစ်အနည်းငယ်မှ နာရီများစွာအထိ ကြာနိုင်သည်။ ခေါင်းမကိုက်ချိန်တွင် ကလေးသည် ပုံမှန်အတိုင်းရှိနေသည်။ ကလေးတွင် အတွေ့ရများသော လက္ခဏာများမှာ_
- ခေါင်းတစ်ခြမ်း (သို့မဟုတ်) နှစ်ဖက်လုံး ကိုက်ခြင်း
- ခေါင်းအတွင်း၌ တဒိန်းဒိန်းခံစားရခြင်း သို့မဟုတ် ထိုး၍ကိုက်ခြင်း
- ခေါင်းကိုက်နေချိန်တွင် ပျို့ခြင်း၊ အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ချွေးစေးပြန်၍ ဖြူဖျော့လာနိုင်ခြင်း
- အလင်းရောင်နှင့် ဆူညံသံများကြောင့် ပိုကိုက်ခြင်း
- လှုပ်ရှားမှုပြုလုပ်လျှင် ပိုဆိုးခြင်း
- အိပ်ပျော်သွားလျှင် သက်သာခြင်း စသည်တို့ဖြစ်သည်။
အချို့သောကလေးများတွင် ခေါင်းကိုက်ခြင်းမစမီတွင် အလင်းတန်းများ မြင်ရခြင်း၊ အနံ့ရခြင်း စသည့် အကြိုအာရုံလက္ခဏာများ (Aura) ကြိုတင်ခံစားရနိုင်သည်။ သို့သော် လူကြီးခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့်ယှဉ်လျှင် အထက်ပါလက္ခဏာများ ခံစားရခြင်းနည်းပါးသည်။
စိတ်ဖိစီးမှုကြောင့်ဖြစ်သောခေါင်းကိုက်ခြင်း (Tension Headache)
ကလေးဘဝတစ်လျှောက် ကျောင်းစာများ၊ အိမ်တွင်းရေးအခြေအနေများ စသည်တို့ကြောင့် စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများရှိနိုင်ပြီး ထိုခေါင်းကိုက်ခြင်းမျိုးသည် မိနစ်ပိုင်းမှ ရက်အနည်းငယ်အထိ ကြာနိုင်သည်။ အတွေ့ရများသောလက္ခဏာများမှာ_
- ဖြည်းဖြည်းချင်းစ၍ ခေါင်းကိုက်ခြင်း
- ဦးခေါင်း၏နှစ်ဖက်စလုံးတွင် ကိုက်ခြင်း
- ဦးခေါင်းပတ်လည် တင်းကြပ်စွာ စည်းနှောင်ခံထားရခြင်း သို့မဟုတ် ဖိထားသကဲ့သို့ ခံစားရခြင်း
- ကလေး၏အိပ်စက်ခြင်း အလေ့အကျင့် ပြောင်းလဲမှုရှိခြင်း
- ခေါင်းတစ်ခြမ်းကိုက်ရောဂါနှင့်ယှဉ်လျှင် အလွန်ပြင်းထန်စွာ နာကျင်မှုမရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ အတွေ့ရနည်းခြင်းတို့ဖြစ်သည်။
အခြားရောဂါများကြောင့်ခေါင်းကိုက်ခြင်း (Secondary Headache)
ဖြစ်စေသည့်ရောဂါပေါ်မူတည်၍ တွဲ၍တွေ့ရသည့် လက္ခဏာများ ကွာခြားနိုင်သည် (ဥပမာ_ဦးနှောက်ရောဂါများကြောင့် ခေါင်းကိုက်လျှင် ဦးနှောက်အာရုံကြောလက္ခဏာများဖြစ်သော တအားထိုးအန်ခြင်း၊ တက်ခြင်းစသည်တို့ တွဲ၍တွေ့နိုင်သည်)။ ဦးခွံရိုးပြင်ပရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့် ခေါင်းကိုက်လျှင် မျက်စိ၊ နား၊ နှာခေါင်းစသည်တို့၏ လက္ခဏာများ တွဲ၍တွေ့ရသည်။
ကလေးများခေါင်းကိုက်ခြင်းတွင် အောက်ပါလက္ခဏာများနှင့် တွဲ၍တွေ့ရပါက အရေးကြီးသော၊ အန္တရာယ်ရှိသော ရောဂါအခြေအနေများကြောင့် ဖြစ်နိုင်သဖြင့် ထိုလက္ခဏာများကို သတိပေးလက္ခဏာများ (red flags) ဟုခေါ်သည်။
- အသက် (၄) နှစ်အောက် ကလေးငယ်များတွင် သိသိသာသာခေါင်းကိုက်ခြင်း
- ခေါင်းကိုက်ခြင်းကြောင့် အိပ်နေရာမှ လန့်နိုးခြင်း၊ အိပ်ရာထစ မနက်စောစောအချိန်များတွင် ပိုဆိုးခြင်း
- ချောင်းဆိုး၊ နှာချေသည့်အချိန်တွင် ခေါင်းပိုကိုက်ခြင်း
- ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းမရှိဘဲ မကြာခဏထိုးအန်ခြင်း
- ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- ခေါင်းကိုက်ခြင်းသည် တစ်ရက်ထက်တစ်ရက် ပိုဆိုးလာခြင်း၊ ဆက်တိုက်ဖြစ်လာခြင်း
- အမြင်အာရုံပြောင်းလဲခြင်း
- အမူအကျင့်များပြောင်းလဲခြင်း
- ကျောင်းစာသင်ယူနိုင်မှု၊ မှတ်ဉာဏ်စသည်တို့ သိသိသာသာကျဆင်းလာခြင်း
- ခြေထောက် (သို့မဟုတ်) လက်များ အားနည်းခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း
- လည်ပင်းတောင့်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း စသည့် အခြေအနေများနှင့် တွဲဖြစ်ခြင်း
- ထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်း ခေါင်းကိုက်ခြင်း
- ခေါင်းကိုက်ခြင်းကြောင့် ကလေး၏ နေ့စဉ်သွားလာလှုပ်ရှားမှု၊ ကျောင်းတက်ခြင်း စသည်တို့ကို သိသိသာသာထိခိုက်လာခြင်းတို့ ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ကလေးများတွင် ခေါင်းကိုက်ခြင်းဝေဒနာကို မကြာခဏခံစားရပါက ကျောင်းပျက်ခြင်း၊ နေ့စဉ် သွားလာလှုပ်ရှားမှုများ ထိခိုက်လာခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ဖြစ်လာနိုင်ပြီး ကလေးတွင်သာမက မိသားစု၏ ဘဝအရည်အသွေးကို များစွာထိခိုက်စေသည်။ ထို့ပြင်ခေါင်းကိုက်စေသော အရေးကြီး၊ အန္တရာယ်ရှိသည့် ရောဂါများ၏ နောက်ဆက်တွဲပြဿနာများကိုလည်း ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ခေါင်းကိုက်သောကလေးများတွင် အထူးသဖြင့် အထက်ပါသတိပေးလက္ခဏာများ (red flags) ရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
အထက်ပါရောဂါလက္ခဏာများအပြင် ခေါင်းကိုက်ခြင်းသည် ပိုဆိုးလာခြင်း၊ မကြာခဏဖြစ်ခြင်း၊ မိဘမှ မိမိကလေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း စသည်တို့ဖြစ်လာပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်း ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း အထူးသဖြင့် ဦးနှောက်အာရုံကြောလက္ခဏာများ၊ ဦးခေါင်းပိုင်းရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများတို့ကို စစ်ဆေးခြင်းများပြုလုပ်နိုင်သည်။ ရောဂါရာဇဝင်မေးမြန်းရာတွင် ခေါင်းကိုက်သည့်မှတ်တမ်း (ခေါင်းကိုက်သည့်နေရာ၊ ခေါင်းကိုက်လျှင် ကြာချိန်၊ ပြင်းထန်မှု၊ သက်သာစေသည့်အချက်များ၊ ပိုဆိုးစေသည့်အချက်များ၊ အခြားတွဲဖြစ်သောလက္ခဏာများ ရှိမရှိ စသည်တို့ကို) အသေးစိတ်မေးမြန်းရသည်။ လိုအပ်လျှင် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ ခါးဆစ်ရိုးကြားမှအရည်ကို ထုတ်ယူစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။
ကုသခြင်း
အကယ်၍ ခေါင်းကိုက်ခြင်းသည် အခြားသောရောဂါအခြေအနေကြောင့်ဖြစ်လျှင် ဖြစ်စေသည့် အခံရောဂါကို ကုသရန်လိုသည် (ဥပမာ_ ပိုးဝင်ခြင်းကြောင့်ဖြစ်လျှင် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ သွေးခဲ၊ အကျိတ် စသည်တို့ကြောင့်ဖြစ်လျှင် ခွဲစိတ်ကုသမှုများခံယူခြင်း စသည်တို့ ပြုလုပ်ရန်လိုသည်)။ အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများ (ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ စိတ်ဖိစီးမှုကြောင့် ဖြစ်သောခေါင်းကိုက်ရောဂါများ) အတွက် ကုသမှုသည် ကလေး၏အသက်အရွယ်နှင့် ရောဂါပြင်းထန်မှုပေါ် မူတည်သည်။
မပြင်းထန်သော ခေါင်းကိုက်ခြင်းများနှင့် တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်းများအတွက် ကုသရန်နည်းလမ်းမှာ လုံလောက်စွာ အနားယူခြင်းပင်ဖြစ်သည်။ သာမန်အကိုက်အခဲပျောက်ဆေးများ (ဥပမာ_ပါရာစီတမော) သောက်သုံးနိုင်သည်။
လူနေမှုပုံစံပြောင်းလဲခြင်း
- တစ်နေ့လျှင် အနည်းဆုံး (၈)နာရီ အိပ်စက်ခြင်း
- တစ်နေ့လျှင် ရေကို အနည်းဆုံး (၁) လီတာခွဲခန့် သောက်ခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားခြင်း
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
- စိတ်ဖိစီးမှုများကို လျှော့ချခြင်း
- အသက်ရှူလေ့ကျင့်ခန်းများလုပ်ခြင်း
- တရားထိုင်ခြင်း
- ဂီတကုထုံး စသည်တို့သည် အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများ ကုသရာတွင် ထိရောက်မှုရှိသည်။
အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများအတွက် ဆေးဝါးများ
- လတ်တလောသက်သာစေရန် ကုသမှုပေးခြင်း
အနားယူ၍ မသက်သာပါက သာမန်အကိုက်အခဲပျောက်ဆေးများ (ဥပမာ_ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်) တိုက်နိုင်သည်၊ အကိုက်အခဲပျောက်ဆေးများကို မိမိသဘောဖြင့်တိုက်ခြင်း၊ တစ်လလျှင် (၂) ပတ်ထက်ပို၍ သောက်ခြင်းများ မပြုလုပ်သင့်ပါ - ခေါင်းမကိုက်ရန် ကာကွယ်သော သောက်ဆေးများ
မကြာခဏ သို့မဟုတ် နေ့စဉ်နီးပါး ခေါင်းကိုက်လာခြင်း၊ နေ့စဥ်အလုပ်များကို မလုပ်နိုင်ခြင်း၊ ကျောင်းပျက်ခြင်း စသည်တို့ ခံစားရပါက ကာကွယ်ဆေးများ လိုအပ်နိုင်သည်၊ ထိုဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် နေ့စဉ်သောက်သုံးရန် လိုအပ်သည်
ကာကွယ်ခြင်း
ခေါင်းကိုက်ခြင်းကို ရာနှုန်းပြည့်ကာကွယ်ရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ခြင်း လျော့နည်းစေရန် ပြုလုပ်နိုင်သော နည်းလမ်းများမှာ_
- ခေါင်းကိုက်မှုကို ဖြစ်စေသော အခြေအနေများ၊ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်း
- အိပ်ရေးဝဝအိပ်ခြင်း
- ကဖိန်းဓာတ်ပါဝင်သော အစားအစာများဖြစ်သည့် ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်များ စားသောက်သုံးစွဲမှုကို လျှော့ချခြင်း
- နိုက်ထရိတ်ပါသော ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ (ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း) ကို ရှောင်ကြဥ်ခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
- အစာပုံမှန်စားခြင်း၊ ရေများများသောက်ခြင်း စသည်တို့ဖြစ်သည်။
References:
- Headaches in children – Diagnosis & treatment – Mayo Clinic. (2021). Mayo Clinic. Retrieved July 20, 2024, from https://www.mayoclinic.org/diseases-conditions/headaches-in-children/diagnosis-treatment/drc-20352104
- Headaches in Children. (2024). Cleveland Clinic. Retrieved July 20, 2024, from https://my.clevelandclinic.org/health/diseases/4225-headaches-in-children
- Kids Health Info : Headaches. (n.d.). Retrieved July 20, 2024, from https://www.rch.org.au/kidsinfo/fact_sheets/Headaches/
- McCarthy, C., MD. (2022). 8 things to watch for when your child has a headache. Harvard Health. Retrieved July 20, 2024, from https://www.health.harvard.edu/blog/8-things-to-watch-for-when-your-child-has-a-headache-2017051611761
- Headaches in Children. (2024). Johns Hopkins Medicine. Retrieved July 20, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/headache/headaches-in-children
Published: 10 January 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.