နှလုံးလုပ်ငန်းပျက်စီးခြင်းဆိုသည်မှာ နှလုံးကြွက်သားများသည် ခန္ဓာကိုယ်မှ လိုအပ်သောသွေးနှင့် အောက်ဆီဂျင်ကို နှလုံးမှ လုံလောက်စွာ ညှစ်ထုတ်ပို့ဆောင်ပေးနိုင်ခြင်းမရှိသော အခြေအနေကို ဆိုလိုသည်။ နှလုံးလုပ်ငန်းပျက်စီးခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်သော်လည်း သက်ကြီးရွယ်အိုများတွင် ပို၍အဖြစ်များသည်။ နှလုံးလုပ်ငန်းပျက်စီးခြင်းသည် နာတာရှည်ရောဂါတစ်ခု ဖြစ်လာနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သည်။ နှလုံးလုပ်ငန်းပျက်စီးခြင်းကို ထိရောက်သော ကုသမှုခံယူပါက ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်သော်လည်း တစ်ခါတစ်ရံတွင် ရောဂါပြင်းထန်လျှင် အသက်အန္တရာယ် ထိခိုက်သည်အထိ ဆိုးရွားနိုင်ပါသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
နှလုံးလုပ်ငန်းပျက်စီးခြင်းသည် နှလုံးကြွက်သားများ တောင့်တင်းခြင်း၊ အားနည်းထိခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာသည်။
- နှလုံးသွေးကြောကျဥ်းရောဂါ
- နှလုံးအမောဖောက်ခြင်း
- သွေးတိုးရောဂါ
- လေးဘက်နာနှလုံးရောဂါ
- နှလုံးအဆို့ရှင်ရောဂါ
- နှလုံးကြွက်သားများထိခိုက်သော ရောဂါ
- နှလုံးခုန်စည်းချက်မမှန်သော ရောဂါ
- နှလုံးတွင် ပိုးဝင်ရောင်ရမ်းခြင်း
- မွေးရာပါ နှလုံးရောဂါများ
- အခြားသော နာတာရှည် ရောဂါများ (ဥပမာ_ဆီးချိုရောဂါ၊ သိုင်းရွက်ဟော်မုန်း မညီမျှခြင်း၊ အိတ်ချ်အိုင်ဗွီရောဂါ၊ ကျောက်ကပ်ရောဂါ)
- အချို့သော ကင်ဆာရောဂါတွင် အသုံးပြုသောဆေးများ
- သွေးအားနည်းရောဂါ
- အာဟာရချို့တဲ့သည့် ရောဂါများ (ဥပမာ – Vitamin B1 deficiency or Beri Beri) အဆုတ်တွင်း ဖိအားများခြင်းတို့ ဖြစ်ကြသည်။
နှလုံးလုပ်ငန်းပျက်စီးခြင်း ဖြစ်နိုင်ခြေများစေသော အချက်များမှာ – - အသက်အရွယ်ရလာခြင်း (aging)
- အဝလွန်ခြင်း (Obesity)
- ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
- ကျန်းမာရေးနှင့်မညီညွတ်သော အငန်များသော၊ အဆီများသော အစာများစားခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်သုံးခြင်း
- အချို့သော နှလုံးကိုထိခိုက်စေသောဆေးဝါးများ ကာလကြာရှည်စွာသောက်သုံးခြင်း (ဥပမာ_ pioglitazone, NSAIDs) စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
နှလုံးအမောဖောက်ခြင်း၏ ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သကဲ့သို့ တစ်ခါတစ်ရံတွင် ရုတ်တရက် စတင်ဖြစ်ပေါ်လာနိုင်သည်။
- လှုပ်ရှားမှုပြုလုပ်လျှင် သို့မဟုတ် လှဲအိပ်လျှင် မောလာခြင်း
- အားနည်းခြင်း၊ ပင်ပန်းနွမ်းလျခြင်း
- ခြေထောက်များ ဖောရောင်ခြင်း
- ဆီးနည်းခြင်း
- ရင်တုန်ခြင်း
- လေ့ကျင့်ခန်းပြုလုပ်လျှင် သက်လုံကျလာခြင်း
- အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
- ချောင်းဆိုးခြင်း [သလိပ်အရောင်မှာ အဖြူရောင် (သို့မဟုတ်) ပန်းရောင်နှင့် တစ်ခါတစ်ရံတွင် သွေးစက်လေးများ ပါနိုင်သည်]
- ဝမ်းဗိုက်ဖောင်းလာခြင်း
- အရည်များစုမိသောကြောင့် ကိုယ်အလေးချိန် လျင်မြန်စွာ တက်လာခြင်း
- အစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်း
- အာရုံစူးစိုက်ရခက်ခဲခြင်း
- ရင်ဘတ်အောင့်ခြင်း
- ရုတ်တရက် နှလုံးအမောဖောက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
နှလုံးလုပ်ငန်းပျက်စီးခြင်း ရှိပါက ရောဂါလက္ခဏာများ သက်သာသည့်တိုင်အောင် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးကုသမှု ဆက်လက်ခံယူခြင်း၊ ရက်ချိန်းပုံမှန်ပြသခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန် အလွန်အရေးကြီးသည်။ ထိုသို့မဟုတ်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- နှလုံးစည်းချက်မမှန်ခြင်း (Arrhythmia)
- ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း (Renal failure)
- အသည်း ထိခိုက်ပျက်စီးခြင်း (Liver Damage)
- ဆားသတ္တုဓာတ်များ မညီမျှခြင်း (Electrolyte imbalance)
- အဆုတ်သွေးကြောများတွင်း ဖိအားများခြင်း (Pulmonary hypertension)
- ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခြင်း (Sudden cardiac death)
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။ အရေးပေါ်လက္ခဏာများဖြစ်သော ရင်ဘတ်အောင့်ခြင်း၊ မူးမေ့ခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူကျပ်လာခြင်း၊ မောခြင်းတို့ ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်ရန်လိုအပ်သည်။
ရောဂါရှာဖွေခြင်း
နှလုံးလုပ်ငန်းပျက်စီးခြင်းကို ရှာဖွေသိရှိရန် လူနာအား ရောဂါရာဇဝင်မေးမြန်းခြင်း၊ နှလုံးအပါအဝင် အထွေထွေစမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန်လိုအပ်သည်။ ထို့အပြင် နှလုံးလုပ်ငန်းပျက်စီးခြင်းကို ဖြစ်စေသော တိကျသေချာသောအကြောင်းအရင်းနှင့် ရောဂါအခြေအနေများ အသေးစိတ်သိရှိနိုင်ရန် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
- သွေးစစ်ဆေးခြင်း
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (chest X-ray)
- အီးစီဂျီဆွဲခြင်း (Electrocardiogram)
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
- ခန္ဓာကိုယ်လှုပ်ရှားနေစဥ် နှလုံးလုပ်ငန်းစစ်ဆေးခြင်း (Exercise Stress test)
- နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiac MRI)
- နှလုံးကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan of the heart)
- နှလုံးသွေးကြော ပုံရိပ်ဖော်စစ်ဆေးခြင်း (Coronary Angiogram)
- နှလုံးစည်းချက်မမှန်ခြင်းကို လေ့လာခြင်း (Electrophysiological study)
- နှလုံးကြွက်သား အသားစယူကာ စစ်ဆေးခြင်း (Myocardial biopsy) များ ပြုလုပ်နိုင်သည်။
ကုသခြင်း
နှလုံးလုပ်ငန်းပျက်စီးခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော အကြောင်းရင်းများပေါ် မူတည်ပြီး နှလုံးလုပ်ငန်းများ ပိုမိုထိခိုက်ပျက်စီးခြင်းကို လျော့နည်းစေရန် ဦးတည်၍ ကုသခြင်းဖြစ်သည်။ လူနာ၏ရောဂါအခြေအနေ ဖြစ်ပွါးမှုအဆင့်အပေါ် မူတည်၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း
နှလုံးလုပ်ငန်းပျက်စီးခြင်းကို ကုသရာတွင် အောက်ဖော်ပြပါဆေးဝါးများကို လူနာ၏ ရောဂါအခြေအနေပေါ် မူတည်ကာ တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုနိုင်သည်။- Angiotensin-converting enzyme (ACE) inhibitors (ဥပမာ_Enalapril, Lisinopril, Captopril)
- Angiotensin II receptor blockers (ARBs) (ဥပမာ_Losartan, Valsartan, Candesartan)
- Angiotensin receptor plus neprilysin inhibitors (ARNIs) (ဥပမာ_Sacubitril-valsartan)
- Beta-blockers (ဥပမာ_Carvedilol, Metoprolol, Bisoprolol)
- Diuretics (ဥပမာ_Furosemide)
- Potassium-sparing diuretics (ဥပမာ_Spironolactone, Eplerenone)
- Sodium-glucose cotransporter-2 (SGLT2) inhibitors (ဥပမာ_Canagliflozin, Dapagliflozin, Empagliflozin)
- Digoxin
- Hydralazine and isosorbide dinitrate (BiDil)
- Vericiguat
- Positive inotropes အစရှိသောဆေးများကို ရောဂါလက္ခဏာ သက်သာစေရန်နှင့် နှလုံးညှစ်အား ပိုမိုကောင်းမွန်လာစေရန် လူနာ၏အခြေအနေပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများ ပုံမှန်သောက်ရန်၊ ဆေးပမာဏ အတိုးအလျှော့ပြုလုပ်ရန် လိုအပ်သည်။ ပြင်းထန်သော နှလုံးလုပ်ငန်းပျက်စီးခြင်းများတွင် လိုအပ်လျှင် အောက်ဆီဂျင် အချိန်ကြာမြင့်စွာရှူရန် လိုအပ်နိုင်သည်။ ထို့အပြင် နှလုံးလုပ်ငန်းပျက်စီးခြင်းကို ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများကိုလည်း ကုသရန် လွန်စွာအရေးကြီးသည် (ဥပမာ_ သွေးတိုးရောဂါ ကုသခြင်း၊ ကျောက်ကပ်ရောဂါ ကုသခြင်း၊ သွေးအားနည်းရောဂါ ကုသခြင်း)။
- ခွဲစိတ်ကုသခြင်း
ခွဲစိတ်သည့်ကုထုံးသည်လည်း နှလုံးလုပ်ငန်းပျက်စီးခြင်း ဖြစ်ပေါ်စေသော အကြောင်းရင်းကို ကုသရန်အတွက် အသုံးပြုခြင်းဖြစ်သည်။- နှလုံးသွေးကြောအစားထိုးခွဲစိတ်ကုသခြင်း (Coronary bypass surgery)
- နှလုံးအဆို့ရှင်အစားထိုးခြင်း၊ နှလုံးအဆို့ရှင်ခွဲစိတ်ပြုပြင်ခြင်း (heart valve repair or replacement)
- နှလုံးသို့ လျှပ်စီးကြောင်းပို့လွှတ်သည့်စက် ထည့်၍ကုသခြင်း [Implantable cardioverter-defibrillator (ICD) နှင့် Cardiac resynchronization therapy (CRT)]
- သွေးလှည့်ပတ်စီးဆင်းမှုကို အထောက်အကူပြုသည့်စက် ထည့်၍ကုသခြင်း (Ventricular assist device)
- နှလုံးအစားထိုးကုသခြင်း (Heart transplant) တို့ ဖြစ်ကြသည်။
ကာကွယ်ခြင်း
အချို့သော ရောဂါဖြစ်နိုင်ခြေများကို ပြောင်းလဲ၍မရသော်လည်း အောက်ဖော်ပြပါ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံများကို ပြောင်းလဲလိုက်နာခြင်းဖြင့် နှလုံးလုပ်ငန်းပျက်စီးခြင်းကို အကောင်းဆုံးကာကွယ်နိုင်မည် ဖြစ်သည်။
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
- လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း (အဆီ၊ အငန်နှင့် အချိုလျှော့ စားသုံးခြင်း)
- စိတ်ဖိစီးမှုသက်သာသည့် လူနေမှုဘဝကို ဖန်တီးခြင်း
- ဆေးလိပ်နှင့် မူးယစ်စေတတ်သောအရာများကို ရှောင်ရှားခြင်း
- အရက်အလွန်အကျွံ မသောက်ခြင်း
- ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းတို့ ဖြစ်ကြသည်။
References:
- Heart failure – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 30, 2024, from https://www.mayoclinic.org/diseases-conditions/heart-failure/symptoms-causes/syc-20373142
- Heart Failure. (n.d.). Cleveland Clinic Abu Dhabi. Retrieved June 30, 2024, from https://www.clevelandclinicabudhabi.ae/en/health-hub/health-resource/diseases-and-conditions/heart-failure
- Website, N. (2024). Heart failure. nhs.uk. Retrieved June 30, 2024, from https://www.nhs.uk/conditions/heart-failure/
Published: 14 January 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.