Colon Cancer (အူမကြီးကင်ဆာ)

Colon Cancer (အူမကြီးကင်ဆာ)

အူမကြီးသည် အစာခြေစနစ်၏ နောက်ဆုံးအစိတ်အပိုင်းဖြစ်ပြီး အစာခြေပြီးသော အစားအစာများကို အစာဟောင်းအိမ်သို့ ပို့ဆောင်ပေးကာ ကိုယ်ခန္ဓာအပြင်ဘက်သို့ စွန့်ထုတ်ရာတွင် အထောက်အကူပြုသည်။ 

အူမကြီးကင်ဆာကို တစ်ခါတစ်ရံတွင် အူမကြီးနှင့်အစာဟောင်းအိမ်ကင်ဆာ (Colorectal cancer) ဟုခေါ်ဆိုလေ့ရှိသည်။ ဤအသုံးအနှုန်းသည် အူမကြီးကင်ဆာ (Colon cancer)နှင့် အစာဟောင်းအိမ်တွင် စတင်ဖြစ်ပွါးသော အစာဟောင်းအိမ်ကင်ဆာ (Rectal cancer) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

အူမကြီးကင်ဆာသည် အူမကြီးအတွင်းနံရံရှိ ဆဲလ်များ (သို့မဟုတ်) အသားပိုများ (Polyps) မှ စတင်ဖြစ်ပွါးသည်။ အဆိုပါ ကင်ဆာမဖြစ်သေးသော အသားပိုများနှင့် ပုံမှန်မဟုတ်သော အကျိတ်ငယ်များကို ကြိုတင်စမ်းသပ်ရှာဖွေစစ်ဆေးမှုများ (Screening tests) ပြုလုပ်နိုင်ပြီး တွေ့ရှိပါက ကင်ဆာအဆင့် မရောက်မီ ဖယ်ရှားနိုင်သည်။ ထိုသို့ ကြိုတင်စစ်ဆေးနိုင်ခြင်း၊ ဆောလျင်စွာ ကုသမှုခံယူနိုင်ခြင်းတို့အပြင် ကုသနည်းအသစ်များလည်း ပေါ်ပေါက်လာသည့်အတွက် အူမကြီးကင်ဆာကြောင့် သေဆုံးသူအရေအတွက် လျော့နည်းလာပြီဖြစ်သည်။

Colon cancer image1
အူမကြီးကင်ဆာ ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ကင်ဆာအမျိုးအစားအားလုံးကဲ့သို့ပင် ဆဲလ်များ ထိန်းချုပ်မရဘဲ ကြီးထွားပွါးများလာသောကြောင့် အူမကြီးကင်ဆာ စတင်ဖြစ်ပွါးသည်။ ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးသည် ပုံမှန်အားဖြင့် သတ်မှတ်နှုန်းအတိုင်း အဆက်မပြတ် ကြီးထွားပွါးများပျက်စီးနေခြင်းဖြင့် ခန္ဓာကိုယ်သည် ကျန်းမာစွာ ပုံမှန်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ 

အူမကြီးကင်ဆာတွင် အူမကြီးနှင့် အစာဟောင်းအိမ်ကို ဖုံးအုပ်ထားသော ဆဲလ်များသည် သာမန်ထက်ပိုမိုပွါးများရုံမက ပျက်စီးသင့်သည့်အချိန်တွင်ပင် ဆက်လက်ကြီးထွားပွါးများနေသော ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားသည်။ ဤကင်ဆာဆဲလ်များသည် များသောအားဖြင့် အူမကြီးရှိ အသားပိုများမှ စတင်ဖြစ်ပွါးသည်။ ထိုအသားပိုများဖြစ်ပေါ်လာရသည့် အကြောင်းရင်းကိုမူ အတိအကျ မသိရှိသေးပါ။ 

အူမကြီးကင်ဆာ ဖြစ်ပွါးနိုင်ခြေများသည့် အကြောင်းရင်းများ

အူမကြီးကင်ဆာဖြစ်နိုင်ခြေများသည့် ရောဂါအခြေအနေများမှာ _ 

  • မျိုးရိုးလိုက်သော ရောဂါများ (ဥပမာ – Lynch syndrome နှင့် Familial adenomatous polyposis – FAP ရောဂါ)
  • အူလမ်းကြောင်းရောင်ရမ်းနာရောဂါ (Inflammatory bowel disease) _ Ulcerative colitis နှင့် Crohn’s disease ကဲ့သို့ အူမကြီးအတွင်းနံရံ ရောင်ရမ်းသည့်ရောဂါများ
  • အူမကြီး အသားပိုများရှိခြင်း
  • မိသားစုတွင် အူမကြီးကင်ဆာ (သို့မဟုတ်) အခြားကင်ဆာများ ဖြစ်ပွါးသည့် ရာဇဝင်ရှိခြင်း
  • မိသားစုတွင် အူမကြီးအသားပိုရှိသည့် ရာဇဝင်ရှိခြင်း
  • အသက်အရွယ်ကြီးခြင်း _ များသောအားဖြင့် အသက် (၅၀) ကျော်အရွယ်တွင် ဖြစ်ပွါးလေ့ရှိသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွါးနိုင်သည်
  • ဆီးချိုရောဂါ
  • ဓာတ်ရောင်ခြည်ကုသမှု _ အထူးသဖြင့် ယခင်က ဝမ်းဗိုက် (သို့မဟုတ်) တင်ပါးဆုံတွင် ကင်ဆာအတွက် ဓာတ်ရောင်ခြည်ဖြင့်ကုသမှု (Radiation Therapy) ခံယူဖူးခြင်း

အူမကြီးကင်ဆာဖြစ်နိုင်ခြေများသည့် နေထိုင်စားသောက်မှုပုံစံများ

  • ဆေးလိပ်သောက်ခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • အဝလွန်ခြင်း
  • အနီရောင်ရှိသော အသားနှင့် ပြုပြင်ထားသော အသားများ အစားများခြင်း
  • အမျှင်ဓာတ်နည်းပြီး အဆီနှင့်ကယ်လိုရီများသော အစားအစာများ အစားများခြင်း
  • လေ့ကျင့်ခန်း ပုံမှန် မပြုလုပ်ခြင်း
Colon cancer image2
ရောဂါလက္ခဏာများ

အူမကြီးကင်ဆာရှိသူ အများစုသည် အစောပိုင်းတွင် မည်သည့် ရောဂါလက္ခဏာမျှ ပြသလေ့မရှိပါ။ ရောဂါလက္ခဏာများသည် ကင်ဆာ၏ အရွယ်အစားနှင့် အူမကြီးအတွင်း တည်နေရာအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲခြင်း (Change in Bowel Habits) [ဥပမာ_ဝမ်းလျှောခြင်း (သို့မဟုတ်) ဝမ်းချုပ်ခြင်းများ ယခင်ထက် ပိုမိုဖြစ်လာခြင်း]
  • ဝမ်းသွားလျှင် သွေးပါခြင်း သို့မဟုတ် အစာဟောင်းအိမ်မှ သွေးယိုခြင်း (Blood in the stool or rectal bleeding)
  • ဗိုက်အောင့်ဗိုက်နာခြင်း၊ လေထိုးလေအောင့်ခြင်း (သို့မဟုတ်) မအီမသာ ဖြစ်ခြင်း
  • ဝမ်းသွားပြီးသည့်တိုင်အောင် ဝမ်းကျန်နေသကဲ့သို့ ခံစားရခြင်း
  • အားနည်းမောပန်းလွယ်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း

အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာသည် အောက်ဖော်ပြပါ အရေးပေါ်အခြေအနေများဖြင့် ရုတ်တရက် ပေါ်လာတတ်သည်။

  • အူလမ်းကြောင်း ပိတ်ဆို့ခြင်း (Obstruction)
  • အူပေါက်ခြင်း (Perforation) နှင့် 
  • အကျိတ်မှ သွေးယိုခြင်း (Bleeding) 

ထိုအရေးပေါ်အခြေအနေများတွင် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ပြီး ကင်ဆာရောဂါ ပြင်းထန်မှုနှင့် လူနာ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေမြင့်တက်စေသည်။ ထို့ကြောင့် အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာများကို အရေးပေါ်အခြေအနေများမရောက်မီ စောစီးစွာ ရောဂါရှာဖွေကုသမှုခံယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

colon cancer image3
ဆေးရုံ၊ ဆေးခန်း ပြသရန်

အထက်ဖော်ပြပါ လက္ခဏာများသည် အူမကြီးကင်ဆာကြောင့် ဖြစ်နိုင်သလို အခြားသော ကျန်းမာရေးပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အဆိုပါလက္ခဏာများကို သတိထားမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ကာ စစ်ဆေးမှုခံယူရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ထို့ပြင် အထက်ပါအူမကြီးကင်ဆာဖြစ်နိုင်ခြေများသည့် ​ရောဂါအခြေအနေများရှိပါက မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

အရေးပေါ်ပြသရန်

အူပိတ်၊ အူပေါက်၊ သွေးယိုလက္ခဏာများဖြစ်သော မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း၊ ရက်ရှည် ဝမ်းချုပ်ခြင်း၊ လေမလည်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း စသည်တို့ခံစားရပါက အရေးပေါ် အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင် (အူမကြီးကင်ဆာ သံသယလက္ခဏာများနှင့် ကင်ဆာပိုမိုဖြစ်ပွါးနိုင်သောအချက်များ စသည်)ကို မေးမြန်းပြီး ဝမ်းဗိုက်စမ်းသပ်ခြင်း၊ စအိုအတွင်း လက်ညှိုးဖြင့် စမ်းသပ်ခြင်းနှင့် စအိုမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းစသည့် လူနာစမ်းသပ်မှုများ ပြုလုပ်မည်။

ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက် ပြုလုပ်မည်ဖြစ်သည်။

  1. အူမကြီးမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Colonoscopy)
    အူမကြီးမှန်ပြောင်းဆိုသည်မှာ လက်သန်းလုံးအရွယ်ခန့်ရှိသည့် ကွေးနိုင်ကောက်နိုင်သော သေးငယ်သည့် ပြွန်တစ်ခုဖြစ်သည်။ ယင်းပြွန်ထိပ်တွင် အလွန်သေးငယ်သော ဗီဒီယိုကင်မရာနှင့် အလွန်သေးငယ်သော ဓာတ်မီးတို့ကို တပ်ဆင်ထားသည်။
    ယင်းမှန်ပြောင်းကို လူနာ၏ စအိုဝမှတစ်ဆင့် ထည့်ကာ အူမကြီးအတွင်းနံရံများရှိ အသားပိုများ၊ အနာများ၊ ရောင်ရမ်းခြင်းများနှင့် အကျိတ်များကို ကြည့်ရှုနိုင်သည်။ ပုံရိပ်ကို ကင်မရာမှဖမ်းယူပြီး တီဗီဖန်သားပြင်တွင် ထင်ရှားစွာမြင်တွေ့နိုင်သည်။
    ဆရာဝန်သည် မှန်ပြောင်းမှတစ်ဆင့် ခွဲစိတ်ကိရိယာများကို ထည့်သွင်းပြီး အသားစနမူနာများ ရယူနိုင်သည့်အပြင် အသားပိုများကိုလည်း ဖယ်ရှားနိုင်သည်။

    Colon cancer image4
  2. အသားစယူ စစ်ဆေးခြင်း (Biopsy)
    များသောအားဖြင့် အူမကြီးကင်ဆာအတွက် အသားစနမူနာကို အူမကြီးမှန်ပြောင်းကြည့်စဥ် ရယူလေ့ရှိပြီး တစ်ခါတစ်ရံတွင် ခွဲစိတ်ပြီး အသားစယူရန် လိုအပ်နိုင်သည်။
    ရယူထားသော အသားစနမူနာကို ဓာတ်ခွဲခန်းသို့ ပို့၍ ကင်ဆာဆဲလ်များနှင့် ဆဲလ်ကြီးထွားနှုန်းကို စစ်ဆေးနိုင်သည်။ ထို့အပြင် ကင်ဆာဆဲလ်များနှင့်ပတ်သက်သော အခြားစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။ ယင်းစစ်ဆေးမှုရလဒ်များအရ ရောဂါအခြေအနေနှင့် ကုသနည်းများကို ဆုံးဖြတ်သည်။
  3. သွေးစစ်ဆေးမှုများ
    သွေးစစ်ဆေးမှုများသည် အူမကြီးကင်ဆာကို တိုက်ရိုက်ရှာဖွေရန် အသုံးမပြုသော်လည်း အူမကြီးကင်ဆာ၏ လက္ခဏာများနှင့် ကျောက်ကပ်၊ အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် အထောက်အကူပြုသည် (ဥပမာ_သွေးနီဥပမာဏနည်းခြင်းသည် အူမကြီးကင်ဆာကြောင့် သွေးယိုစိမ့်နေခြင်းကို ညွှန်ပြသည်)

CEA (Carcinoembryonic Antigen) ပရိုတင်းကို စစ်ဆေးခြင်း – အူမကြီးကင်ဆာဆဲလ်များသည် CEA ဟုခေါ်သော ပရိုတင်းကို ထုတ်လုပ်သဖြင့် CEA ပမာဏကို သွေးစစ်ဆေးမှုဖြင့် သိရှိနိုင်သည့်အပြင် ကင်ဆာရောဂါ ကုသရာတွင် တုံ့ပြန်မှုရှိမရှိကိုလည်း သိရှိနိုင်သည်။ ထို့အပြင် ကင်ဆာကုသမှု ပြီးဆုံးပြီးနောက်ပိုင်း CEA ပရိုတင်းကို ပုံမှန်စစ်ဆေးခြင်းဖြင့် ကင်ဆာအကျိတ် ပြန်ဖြစ်ပါက စောစီးစွာ သိရှိနိုင်သည်။

Colon cancer image5

ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)

အူမကြီးကင်ဆာရောဂါရှာဖွေပြီးနောက် ကင်ဆာ ပျံ့နှံ့မှုအတိုင်းအတာကို သိရှိရန် ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan) များ ပြုလုပ်သည်။ ယင်းလုပ်ငန်းစဉ်ကို ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging) ဟုခေါ်သည်။ ကင်ဆာရောဂါကုထုံးများ ရွေးချယ်ရာတွင်လည်းကောင်း၊ ခွဲစိတ်ကုသရာတွင်လည်းကောင်း လွန်စွာအထောက်အကူပြုသည်။ များသောအားဖြင့် အူမကြီးကင်ဆာ ခွဲစိတ်မှုအပြီးမှသာ ကင်ဆာအဆင့်ကို အတိအကျ သတ်မှတ်နိုင်သည်။

ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan)

အာထရာဆောင်း (Ultrasound)၊ သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပြူတာဓာတ်မှန် (CT scan) နှင့် ပီအီးတီစကင်န် (PET scan) စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ကင်ဆာအကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုများကို ရှာဖွေစစ်ဆေးသည်။

အူမကြီးကင်ဆာ အဆင့်များ

အူမကြီးကင်ဆာ အဆင့်များကို အောက်ပါအတိုင်း အဆင့် (၀) မှ အဆင့် (၄) အထိ သတ်မှတ်ထားသည်။ 

  • အဆင့် (၀) _ ကင်ဆာဆဲလ်များသည် အူမကြီး၏ အတွင်းဆုံးနံရံတွင်သာ တည်ရှိပြီး၊ အခြားနေရာများသို့ မပျံ့နှံ့သေးသည့် အဆင့်
  • အဆင့် (၁) _ ကင်ဆာဆဲလ်များသည် အူမကြီး၏ အတွင်းဆုံးနံရံမှ ကြီးထွားလာကာ အူမကြီးနံရံ ကြွက်သားလွှာအထိ ရောက်ရှိနေသည့် အဆင့်
  • အဆင့် (၂) _ ကင်ဆာဆဲလ်များသည် အူမကြီး နံရံကို ဖောက်ထွက်သွားသော်လည်း အနီးရှိ တစ်ရှူးများ၊ ပြန်ရည်ကြောအကျိတ်များသို့ မရောက်ရှိသေးသည့် အဆင့်
  • အဆင့် (၃) _ ကင်ဆာဆဲလ်များသည် အနီးရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့ရောက်ရှိသွားသည့် အဆင့် (ဤအဆင့်တွင် ခန္ဓာကိုယ်၏ အခြားနေရာများသို့ စတင်ပျံ့နှံ့နိုင်ခြေရှိသည်)
  • အဆင့် (၄) _ ကင်ဆာဆဲလ်များသည် အသည်း၊ အဆုတ်စသည့် ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည့်အဆင့်
ကုသခြင်း

အူမကြီးကင်ဆာသည် များသောအားဖြင့် ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်။ 

ကင်ဆာ၏ တည်နေရာ၊ အဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ် မူတည်၍ လူနာအတွက် အသင့်တော်ဆုံး ကုထုံးများကို ရွေးချယ်သည်။ 

မခွဲစိတ်မီ (သို့မဟုတ်) ခွဲစိတ်ပြီးချိန်တွင် ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) နှင့် ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) ကဲ့သို့သော အခြားကုသမှုများကို ညွှန်ကြားနိုင်သည်။ 

ခွဲစိတ်ကုသခြင်း

အူမကြီးကင်ဆာအဆင့်ပေါ် မူတည်၍ 

  • အူမကြီး မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic procedures)
  • ဝမ်းဗိုက်မှန်ပြောင်းထည့် ခွဲစိတ်ခြင်း (Laparoscopic surgery)
  • ဝမ်းဗိုက်ဖွင့် ခွဲစိတ်ခြင်း (Open surgery) စသည့် ခွဲစိတ်နည်း အမျိုးမျိုး ရှိသည်။

အူမကြီးမှန်ပြောင်းဖြင့် အသားပို ဖြတ်ထုတ်ခြင်း (Polypectomy)

ကင်ဆာဆဲလ်များသည် အူမကြီး အသားပိုအတွင်း၌သာ ရှိပါက (သို့မဟုတ်) ကင်ဆာဖြစ်နိုင်ခြေ များသော အသားပိုများကို အူမကြီးမှန်ပြောင်းဖြင့် ဖြတ်ထုတ်ဖယ်ရှားခြင်း ဖြစ်သည်။

အူမကြီးမှန်ပြောင်းဖြင့် အူမကြီးအတွင်းအချွဲလွှာကို ဖြတ်ထုတ်ခြင်း (Endoscopic mucosal resection)

အရွယ်ကြီးသော အသားပိုများနှင့် သေးငယ်သော ကင်ဆာအကျိတ်များတွင် ဤနည်းကို အသုံးပြုသည်။

အူမကြီးမှန်ပြောင်းကြည့်စဥ် မှန်ပြောင်းမှတစ်ဆင့် အထူးပြုလုပ်ထားသော ကိရိယာများဖြင့် ကင်ဆာအကျိတ်နှင့်အတူ အူမကြီးအတွင်းနံရံ အချွဲလွှာအနည်းငယ်ကို ဖြတ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်။

အူမကြီး တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (Partial Colectomy)

ဤခွဲစိတ်မှုကို Colon Resection Surgery ဟုလည်း ခေါ်သည်။ ကင်ဆာကျိတ်ရှိနေသော အူမကြီး အစိတ်အပိုင်းနှင့်အတူ အကျိတ်ပတ်လည်ရှိ ကင်ဆာကျိတ်ကင်းစင်သော တစ်ရှူးအနည်းငယ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ ထို့နောက် ပုံမှန်အူလမ်းကြောင်းအဖြစ် အူမကြီးကို ပြန်လည်ဆက်ပေးမည်ဖြစ်သည်။

ဝမ်းဗိုက်ပေါ်သို့ အူလမ်းကြောင်းလွှဲခြင်း (Colostomy)

တစ်ခါတစ်ရံတွင် ခွဲစိတ်ပြီးနောက် အူမကြီး ပြန်လည်ဆက်၍ မရသော အခြေအနေတွင် ဝမ်းဗိုက်နံရံ၌ အပေါက်တစ်ခုဖောက်၍ အူမကြီး၏ ကျန်ရှိသော အစိတ်အပိုင်းကို လမ်းကြောင်းလွှဲခြင်း ဖြစ်သည်။ ဤနည်းလမ်းကို colostomy ဟုခေါ် ပြီး အစာဟောင်းများကို ဝမ်းဗိုက်ပေါ်ရှိ အပေါက်နှင့် ချိတ်ဆက်ထားသော အိတ်ထဲသို့ စွန့်ထုတ်သည်။

  • တစ်ခါတစ်ရံ ခွဲစိတ်မှုအပြီး ပြန်လည်ဆက်ထားသော အူမကြီး (သို့မဟုတ်) အစာဟောင်းအိမ် အနာ ပြန်လည်ကျက်ရန် ဝမ်းဗိုက်ပေါ်သို့ အူလမ်းကြောင်း ယာယီလွှဲထားပြီးနောက် ပြန်လည်ပိတ်နိုင်သည်
  • တစ်ခါတစ်ရံ ပြန်လည်မပိတ်သင့်သည့် အခြေအနေများတွင် ဝမ်းဗိုက်ပေါ်သို့ အူလမ်းကြောင်း အမြဲလွှဲထားရန် လိုအပ်သည်

ခွဲစိတ်မှုနှင့် ပေါင်းစပ်ကုသမှုများ (Adjuvant therapy)

ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း စသည့် ကင်ဆာကုသနည်းများကို ခွဲစိတ်မှုမတိုင်မီ သို့မဟုတ် ခွဲစိတ်မှုအပြီးတွင် ပြုလုပ်ရန် ညွှန်ကြားနိုင်သည်။ 

ထို့အပြင် ပျံ့နှံ့နေသော သို့မဟုတ် ပြန်လည်ဖြစ်ပွါးသော အူမကြီးကင်ဆာအတွက်လည်း ဤကုသနည်းများကို အသုံးပြုနိုင်သည်။

ကင်ဆာ‌ဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)

  • များသောအားဖြင့် ခွဲစိတ်မှုအပြီးတွင် ပေးလေ့ရှိသည်။ ခွဲစိတ်မှုအပြီး ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို သေစေပြီး ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။
  • ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန်အတွက်လည်း အသုံးပြုနိုင်သည်။
  • ခွဲစိတ်၍မရသော ကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေသော ကင်ဆာများအတွက် လက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်။
  • တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်၍ အသုံးပြုသည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)

  • ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန် အသုံးပြုနိုင်သည်
  • ခွဲစိတ်မှုမပြုလုပ်နိုင်ပါက ကင်ဆာအကျိတ်ကြောင့် ဖြစ်သော ပြင်းထန်သည့် နာကျင်မှု စသည့် ကင်ဆာလက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
  • တစ်ခါတစ်ရံတွင် ကင်ဆာဆေးဝါးများနှင့်အတူ (Chemotherapy) တစ်ပြိုင်တည်း အသုံးပြုသည်

ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)

  • များသောအားဖြင့် ကင်ဆာဆေးဝါးများနှင့် ပေါင်းစပ်၍ အသုံးပြုသည်။
  • အူမကြီးကင်ဆာအဆင့် မြင့်မားသူများတွင် အသုံးပြုသည်။

ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)

ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြုသည်။ အူမကြီးကင်ဆာအဆင့် မြင့်မားသူများတွင် အသုံးပြုသည်။

ခံစားနေရသောဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care)

ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်းဖြင့် ကင်ဆာဝေဒနာရှင်များ၏ ဘဝနေထိုင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေသည်။

ကာကွယ်ခြင်း

အူမကြီးကင်ဆာကို အပြည့်အဝ ကာကွယ်၍မရနိုင်သော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။

  • ဆေးလိပ်သောက်ခြင်းကို‌ ရှောင်ရှားခြင်း 
  • အရက်သောက်သုံးမှု လျှော့ချခြင်း (သို့မဟုတ်) လုံးဝဖြတ်ခြင်း
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးခြင်း
  • အနီရောင်အသား၊ ပြုပြင်ထားသော အစားအစာများ၊ အဆီနှင့် ကယ်လိုရီများသော အစားအစာများကို လျှော့ချခြင်း 
  • ကော်ဖီသောက်ခြင်း _ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်ဟု လေ့လာမှုများက ဖော်ပြထားသည်
  • မိဘ၊ မောင်နှမ (သို့မဟုတ်) သားသမီးတွင် အူမကြီးကင်ဆာ (သို့မဟုတ်) ကင်ဆာဖြစ်စေနိုင်သော အူမကြီးအသားပိုများ ရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
  • မိသားစုဝင်တစ်ဦးဦးသည် အသက် (၄၅) နှစ်မတိုင်မီ ကင်ဆာဖြစ်ဖူးပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
  • အူမကြီးကင်ဆာ အကြိုစစ်ဆေးခြင်း (Colon cancer screening)

အူမကြီးကင်ဆာ အကြိုစစ်ဆေးခြင်း (Colon cancer screening)

အောက်ဖော်ပြပါ အူမကြီးကင်ဆာ ဖြစ်ပွါးနိုင်ခြေ မြင့်မားသူများတွင် အသက် (၄၅)နှစ် မတိုင်မီ ဆောလျင်စွာ အူမကြီးကင်ဆာ အကြိုစစ်ဆေးမှု (Colon cancer screening) ပြုလုပ်ရသည်။

  • အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ ဖြစ်ဖူးခြင်း (သို့မဟုတ်) ကင်ဆာအကြို အူမကြီးအသားပို ရှိဖူးခြင်း
  • အူလမ်းကြောင်းရောင်ရမ်းနာရောဂါ (Inflammatory bowel disease) – Ulcerative colitis နှင့် Crohn’s disease ကဲ့သို့ အူမကြီးအတွင်းနံရံ ရောင်ရမ်းသည့် ရောဂါများ ရှိခြင်း
  • ယခင်က ဝမ်းဗိုက် (သို့မဟုတ်) တင်ပါးဆုံတွင် ကင်ဆာအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု (Radiation Therapy) ခံယူဖူးခြင်း
  • မိသားစုတွင် အူမကြီးကင်ဆာ (သို့မဟုတ်) အခြားကင်ဆာများ ဖြစ်ပွါးသည့် ရာဇဝင်ရှိခြင်း
  • မျိုးရိုးဗီဇဆိုင်ရာ အူမကြီးကင်ဆာ ရောဂါစု (Hereditary colorectal cancer syndrome) ရှိခြင်း _ ဥပမာ – Lynch syndrome နှင့် Familial adenomatous polyposis (FAP) ရောဂါ

အထက်ပါအချက်များ မရှိပါက အသက် (၄၅) နှစ်မှ စတင်၍ အူမကြီးကင်ဆာ အကြိုစစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုထားသည်။

မိမိ ကျန်းမာရေးအခြေအနေ နှင့် မိသားစုရာဇဝင်ပေါ် မူတည်၍ သင့်တော်သော စစ်ဆေးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ရွေးချယ်ရသည်။ အူမကြီးကင်ဆာ အကြိုစစ်ဆေးမှုအတွက် အသုံးပြုသော စစ်ဆေးနည်းများမှာ

  • အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Colonoscopy)
  • ဝမ်း စစ်ဆေးခြင်း
    • Fecal Immunochemical Test (FIT)
    • Guaiac-based Fecal Occult Blood Test (gFOBT)
    • Fecal DNA Test စသည့် စစ်ဆေးမှုများ
  • အူမကြီး နောက်ဆုံးအပိုင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Flexible Sigmoidoscopy)
  • ကွန်ပြူတာဓာတ်မှန်ရိုက်၍ အူမကြီး ပုံရိပ်ဖော်ခြင်း (Virtual Colonoscopy) စသည်တို့ ဖြစ်သည်။

References:

  1. Colon cancer – Symptoms and causes. (n.d.). Mayo Clinic. Retrieved January 10, 2025, from https://www.mayoclinic.org/diseases-conditions/colon-cancer/symptoms-causes/syc-20353669
  2. Colorectal (Colon) cancer. (2024). Cleveland Clinic. Retrieved January 10, 2025, from https://my.clevelandclinic.org/health/diseases/14501-colorectal-colon-cancer#prevention
  3. Colorectal Cancer guideline | How often to have screening tests. (n.d.). American Cancer Society. Retrieved January 10, 2025, from https://www.cancer.org/cancer/types/colon-rectal-cancer/detection-diagnosis-staging/acs-recommendations.html

Published: 18 January 2025

Share

18 January 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.