သွားဖုံးပြည်တည်နာဖြစ်ခြင်းသည် သွားဖုံးအတွင်းသို့ ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့် သွားဖုံးတွင် ပြည်အစုအဝေးဖြစ်လာခြင်းဖြစ်သည်။ ပြည်တည်နာကို နီရဲရောင်ရမ်းသောအဖု (သို့မဟုတ်) ပြည်ဖုကဲ့သို့ တွေ့နိုင်သည်။ ထိုသို့ဖြစ်ပါက ပိုးဝင်သည့်သွားသာမက ဘေးပတ်ဝန်းကျင်ရှိ မေးရိုးနှင့်သွားများကိုပါ ထိခိုက်နိုင်သည်။ သွားဖုံးပြည်တည်နာသည် သွားပတ်လည်ရှိ နေရာအမျိုးမျိုးတွင် ဖြစ်နိုင်သည်။ ၎င်းသည် အလိုအလျောက် ပျောက်ကင်းနိုင်ခြင်း မရှိသည့်အပြင် ပြင်းထန်၍ အန္တရာယ်ရှိသော အခြေအနေ ဖြစ်နိုင်သည့်အတွက် မိသားစုဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်များနှင့် ပြသကုသမှုခံယူရန် လိုအပ်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
သွားတစ်ချောင်းကို အောက်ပါအလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အပြင်ဘက်ဆုံးအလွှာမှာ အမာဆုံးဖြစ်ပြီး ကြွေသွားလွှာ (enamel) ဟုခေါ်သည်။ အလယ်အလွှာကို ဆင်စွယ်နှစ်လွှာ (dentine) ဟုခေါ် ပြီး ကြွေသွားလွှာလောက် မမာချေ။ အတွင်းဆုံးတွင် မွသွားလွှာ ခေါ် အသားနုလွှာ (pulp) ရှိပြီး သွေးကြောများ၊ အာရုံကြောများပါဝင်သည်။ သွား၏ပြင်ပကြွေသွားလွှာသည် မာကျောသော်လည်း အတွင်းရှိ မွသွားလွှာသည် သွေးကြောများ၊ အာရုံကြောများ၊ တစ်ရှူးများဖြင့် ပြည့်နေသည့်အတွက် ဘက်တီးရီးယားပိုး ဝင်ရောက်ပါက မွသွားလွှာကို ပျက်စီးစေပြီး ပြည်တည်နာဖြစ်စေသည်။
သွားဖုံးပြည်တည်နာဖြစ်စေသောအကြောင်းများမှာ_
- နည်းစနစ်မကျသော သွားပြုပြင်ကုသမှုများ_သေချာစနစ်တကျ ပြုလုပ်ထားခြင်းမရှိသော သွားဖာခြင်း၊ သွားစွပ်တပ်ခြင်း၊ သွားအမြစ်ထုတ်ကုခြင်းများကြောင့် သွားများကြားတွင် နေရာလွတ်များဖြစ်ပေါ်၍ ဘက်တီးရီးယားများပေါက်ပွါးနိုင်ခြင်း
- သွားကြားညပ်ခြင်း_သွားများအကြား သို့မဟုတ် သွားနှင့်သွားဖုံးကြားတွင် အစာအကြွင်းအကျန်များ ညပ်နေပါက ဘက်တီးရီးယားများ ပေါက်ပွါးမှု ပို၍ဖြစ်နိုင်ခြင်း
- သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်း
- သွားဖုံးတွင်ရောဂါဖြစ်ခြင်း
- သွားပဲ့ခြင်း၊ သွားကျိုးခြင်း
- သွားကို ထိခိုက်ဒဏ်ရာရခြင်းများ စသည်တို့ကြောင့် ဖြစ်နိုင်သည်။
သွားဖုံးပြည်တည်နာကို ဖြစ်ပေါ်သည့်နေရာပေါ်တွင် မူတည်၍ သုံးမျိုးခွဲခြားနိုင်သည်။
- သွားဖုံးအပေါ်ယံပြည်တည်နာ (Gingival abscess)_သွားဖုံးတွင်သာ ပြည်တည်နာဖြစ်ခြင်းဖြစ်ပြီး သွားကိုထိခိုက်ခြင်းမရှိပါ
- သွားအမြစ်ထိပ်ပြည်တည်နာ (Dental root abscess/Periapical abscess)_သွား၏အမြစ်ထိပ်တွင် ပိုးဝင်၍ ပြည်တည်နာဖြစ်ခြင်းဖြစ်သည်
- သွားအခြေရှိ သွားဖုံးပြည်တည်နာ (Periodontal abscess)_သွားအမြစ်ထိပ်ဘေးတွင်ရှိသော သွားဖုံးတွင် ပြည်တည်နာဖြစ်ခြင်းဖြစ်ပြီး ဘေးပတ်လည်ရှိ တစ်ရှူးများနှင့်မေးရိုးသို့ ပျံ့နှံ့နိုင်သည်
သွားဖုံးပြည်တည်နာဖြစ်လျှင် အရိုးတစ်လျှောက် ပျံ့သွားနိုင်သောကြောင့် အခြားသွားဖုံးနေရာများစွာတွင်လည်း ပြည်တည်နာများဖြစ်နိုင်သည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
အချို့သော လူနေမှုပုံစံများသည် သွားဖုံးပြည်တည်နာဖြစ်ခြင်းကို ပို၍ဆိုးစေသည်။
- သွားထိန်းသိမ်းမှု ပုံမှန်မလုပ်ခြင်း_သွားသန့်ရှင်းရေးလုပ်ခြင်း၊ သွားကျောက်ဖယ်ခြင်းများကို ပုံမှန်မပြုလုပ်ပါက သွားဖုံးရောင်ရမ်းခြင်းများကို ပို၍ဖြစ်စေသည်
- သွားသန့်ရှင်းရေး အလေ့အထများ_သွားသန့်ရှင်းရေး သေချာစွာမပြုလုပ်ပါက သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို ပို၍ဖြစ်စေနိုင်သည်
- အချိုစားလွန်းခြင်း_သကြားလုံး၊ ကွတ်ကီးစသည့် အချိုများသည့် အစာများစားခြင်း၊ အချိုရည်များသောက်ခြင်း စသည့်အလေ့အထများသည် သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်းများကို ပို၍ဖြစ်စေနိုင်သည်
- ပါးစပ်ခြောက်ခြင်း_အသက်အရွယ်ကြီးသူများ၊ အချို့သောဆေးဝါးများ သောက်သုံးနေရသူများတွင် ပါးစပ်ခြောက်ခြင်းကိုဖြစ်စေပြီး သွားပိုးစားခြင်းကို ပိုဆိုးစေသည်
- ဆေးလိပ်သောက်ခြင်း_ဆေးလိပ်သောက်သူများသည် မသောက်သူများထက် (၂) ဆ ပို၍ဖြစ်နိုင်သည်
- ကိုယ်ခံအားနည်းသူများ (ဥပမာ_ဆီးချိုရောဂါသည်များ၊ ကိုယ်ခံအားကျစေသည့်ဆေးများ သောက်သုံးနေရသူများ)
ရောဂါလက္ခဏာများ
- အစာဝါးသည့်အချိန်တွင် သွားနာခြင်း သို့မဟုတ် တောက်လျှောက် ကိုက်ခဲနာကျင်နေခြင်း
- သွားကိုက်ခြင်းသည် မေးရိုး၊ လည်ပင်းအထိ ပျံ့သွား၍ နာကျင်ခြင်း
- သွားဖုံးရောင်ခြင်း
- သွားဖုံးရဲနေခြင်း
- အေးလွန်းသော၊ ပူလွန်းသော အစာများနှင့် ထိတွေ့မိလျှင် သွားအလွန်ကျဥ်ခြင်း
- ခံတွင်းအနံ့ဆိုးထွက်ခြင်း
- သွားနဲ့ခြင်း၊ သွားယိုင်ခြင်း
- မေးရိုးနေရာတွင် ရောင်ရမ်းခြင်း
- အဖျားတက်ခြင်း
- ပြန်ရည်ကျိတ်များရောင်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
သွားဖုံးပြည်တည်နာဖြစ်လာပြီး စောစီးစွာကုသမှုမခံယူပါက မေးရိုး (သို့မဟုတ်) မျက်နှာသို့ ပျံ့နှံ့သွားပြီး နာကျင်ခြင်း၊ မျက်နှာရောင်ရမ်းခြင်း၊ လေခိုအိတ်များရောင်ရမ်းခြင်းတို့ဖြစ်နိုင်သည်။ ထို့အပြင် ဘေးပတ်လည်ရှိ တစ်ရှူးများနှင့် ခန္ဓာကိုယ်၏ အခြားသောနေရာများသို့ ပျံ့ နှံ့သွားနိုင်သည်။ အချို့တွင် ဦးနှောက်အထိ ပျံ့နှံ့ခြင်း၊ ပိုးဆိပ်ပျံ့ခြင်းအထိဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ မျက်နှာရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အစာမျိုရခက်ခြင်း စသည့်လက္ခဏာများ ခံစားရပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
သွားဘက်ဆိုင်ရာဆရာဝန်များမှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွားများအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သွားဓာတ်မှန်ရိုက်ခြင်း၊ လိုအပ်ပါက ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။
ကုသခြင်း
သွားဖုံးပြည်တည်နာ ကုသခြင်းသည် ပိုးဝင်ခြင်းကို ကုသခြင်း၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ကုသခြင်းနှင့် နာကျင်မှုများကို သက်သာစေခြင်းတို့ဖြစ်သည်။ ဖြစ်သည့်အမျိုးအစားနှင့် ရောဂါပြင်းထန်မှုပေါ် မူတည်၍ ကုသမှုများ မတူညီပါ။ ဖြစ်စေသောအကြောင်းရင်းကို ကုသသည့်အပြင် နာကျင်ခြင်းသက်သာစေရန် အိမ်တွင်ပြုလုပ်နိုင်သည့် နည်းလမ်းများလည်းရှိသည်။
အိမ်တွင်းကုသနည်းများ_
- ဆားရည်ငုံခြင်း_ရေနွေးနွေးတစ်ခွက်ထဲသို့ ဆား လက်ဖက်စားဇွန်းတစ်ဝက်ခန့် ထည့်၍မွှေပါ၊ ထို့နောက် ပါးစပ်ထဲတွင် စက္ကန့်သုံးဆယ်ခန့် ငုံထားပြီး ပြန်ထွေးထုတ်ပါ၊ ရေနွေးနွေးသည် သွားဖုံးများကို သက်သောင့်သက်သာဖြစ်စေနိုင်ပြီး ဆားသည် နာကျင်ရောင်ရမ်းခြင်းများကို လျော့ကျစေနိုင်သည်၊ တစ်နေ့လျှင် သုံးကြိမ်ခန့်အထိ ပြုလုပ်ပါ
- အကိုက်အခဲပျောက်ဆေးများသောက်ခြင်း_နာကျင်မှုများကို သက်သာစေရန်အတွက် ပါရာစီတမော၊ အိုင်ဗျုပရိုဖဲင် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်
- ရေခဲကပ်ခြင်း_ပါးနှင့်မေးရိုးပေါ်တွင် ရေအေးအဝတ်တင်ပေးခြင်း၊ ရေခဲအိတ်များကပ်ပေးခြင်းဖြင့်လည်း ရောင်ရမ်းမှုများကို လျော့ကျစေပြီး နာကျင်မှုများကို သက်သာစေနိုင်သည်
- အစာပျော့ပျော့စားခြင်း_သွားဖုံးပြည်တည်နာအတွက် ကုသမှုများ ပြုလုပ်နေစဥ်တွင် နာကျင်ရောင်ရမ်းမှုများ ပိုမဆိုးစေရန်အတွက် စွပ်ပြုတ်၊ ဆန်ပြုတ်ကဲ့သို့သော ဝါးရလွယ်၍ ကြေညက်လွယ်သော အစားအစာများကိုသာ စားသင့်သည်
ပြုလုပ်နိုင်သောကုသမှုများမှာ_
- ပြည်များကို ဖယ်ရှားခြင်း_သွားဘက်ဆိုင်ရာဆရာဝန်မှ ပြည်တည်နာတွင် သေးငယ်သော ခွဲကြောင်းပြုလုပ်၍ ပြည်များကို ဖယ်ရှားမည်ဖြစ်သည်၊ ထို့နောက် ထိုနေရာကို သေချာစွာ သန့်ရှင်းရေး ပြုလုပ်ပေးမည်ဖြစ်သည်
- သွားအမြစ်အားဖယ်ရှားခြင်း _ သွား၏အမြစ် (သို့မဟုတ်) အတွင်းသားသည် ပြုပြင်၍မရနိုင်အောင် ပျက်စီးသွားလျှင် သွားအမြစ်ကို ဖယ်ရှားရန် လိုအပ်သည်၊ သွားဘက်ဆိုင်ရာဆရာဝန်မှ ပျက်စီးနေသော သွား၏အစိတ်အပိုင်းများနှင့်အတူ သွားအမြစ်အတွင်းမှ အာရုံကြော၊ သွေးကြောများနှင့် တစ်ရှူးများအား ဖယ်ရှားသည်၊ ထို့နောက် ထိုနေရာတွင် သွားအမြစ်အစားထိုးပစ္စည်းများထည့်၍ ပြန်ပိတ်သည်၊ ပြုပြင်ထားသောသွားများပေါ်တွင် သွားစွပ်တပ်ရန် လိုအပ်သည်၊ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သွားနှုတ်ရန်မလိုအပ်ဘဲ ပိုးဝင်သည့်နေရာကို ဖယ်ရှားနိုင်မည်ဖြစ်သည်
- သွားနှုတ်ခြင်း _ သွားဖုံးပြည်တည်နာသည် သွားကိုပြုပြင်၍မရနိုင်သည်အထိ ဖြစ်ပါက သွားနှုတ်ရန်လိုအပ်သည်၊ နှုတ်ထားသောသွားနေရာတွင် သွားတုပြန်စိုက်ရန် လိုအပ်နိုင်သည်
- ဆေးဖြင့်ကုသခြင်း _ သွားပြည်တည်နာဖြစ်ပါက ပိုးပျံ့နှံ့ခြင်းကိုကာကွယ်နိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများပေးခြင်း စသည့်ကုသမှုများ ပြုလုပ်ရန်လိုအပ်သည်
- ပြင်ပအရာဝတ္ထုများကိုဖယ်ရှားခြင်း_သွားဖုံးပြည်တည်နာဖြစ်ခြင်းသည် ပြင်ပအရာဝတ္ထုများကြောင့်ဖြစ်ပါက (ဥပမာ_သွားတိုက်တံအစ စိုက်နေခြင်း) ဖယ်ရှားရန် လိုအပ်သည်
ကာကွယ်ခြင်း
သွားနှင့်ခံတွင်းသန့်ရှင်းရေး ကောင်းမွန်စွာပြုလုပ်ခြင်းဖြင့် သွားဖုံးပြည်တည်နာဖြစ်ခြင်းများကို ကာကွယ်ပေးသည်။ အထောက်အကူဖြစ်စေသော နည်းလမ်းများမှာ_
- သွားများအား နူးညံ့သောသွားတိုက်တံဖြင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်တိုက်ပါ၊ သုံးကြိမ်ထက်မပိုပါနှင့်၊ ဖလိုရိုက်ပါသော သွားတိုက်ဆေးများဖြင့် သွားတိုက်ပါ၊ တစ်ကြိမ်လျှင် နှစ်မိနစ်ခန့်မျှ ကြာအောင်တိုက်ပါ
- သွားများကြားတွင် ကပ်နေသော အစာများနှင့် သွားချေးများကို ဖယ်ရှားရန် သွားပွတ်ကြိုး (သို့မဟုတ်) သန့်စင်ဆေးကို အစာစားပြီးတိုင်း နေ့စဥ်အသုံးပြုပါ၊ သန့်စင်ဆေးသည် သွားတိုက်တံ မရောက်နိုင်သော နေရာများသို့ သန့်ရှင်းရန် ကူညီပေးသည်
- သွားတိုက်တံကို သုံးလ (သို့မဟုတ်) လေးလလျှင် တစ်ကြိမ် (သို့မဟုတ်) သွားပွတ်တံ ဖွာသွားပါက လဲလှယ်ရမည်
- အာဟာရမျှတမှုရှိအောင် စားရမည်ဖြစ်ပြီး အချိုများသော အစာများစားခြင်း၊ ကစီဓာတ်များသော အစားအစာများစားခြင်းနှင့် အချိုရည်သောက်ခြင်းများကို လျှော့ချခြင်း၊ ရှောင်ကြဥ်ခြင်း ပြုလုပ်ရမည်
- သွားပြဿနာများကို စောစီးစွာသိရှိနိုင်ရန် သွားအထူးကုဆေးခန်းတွင် သွားသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စစ်ဆေးခြင်းများအား အနည်းဆုံး (၆) လ တစ်ကြိမ် ပြုလုပ်သင့်သည်
- သွားနဲ့နေခြင်း၊ သွားယိုင်နေခြင်းစသည့် သွားပြဿနာများရှိပါက သွားဘက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံးပြသ၍ ကုသမှုခံယူသင့်သည်
References:
- Duran, R. (2021). What is an abscessed tooth? WebMD. Retrieved January 8, 2025, from https://www.webmd.com/oral-health/abscessed-tooth
- Healthdirect Australia. (n.d.). Tooth abscess. Healthdirect. Retrieved January 8, 2025, from https://www.healthdirect.gov.au/tooth-abscess
- Abscessed tooth. (2024). Cleveland Clinic. Retrieved January 8, 2025, from https://my.clevelandclinic.org/health/diseases/10943-abscessed-tooth
- Tooth abscess – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved January 8, 2025, from https://www.mayoclinic.org/diseases-conditions/tooth-abscess/symptoms-causes/syc-20350901
- Dental Abscess Self-Care | Lovett Dental. (n.d.). Lovett Dental. Retrieved January 8, 2025, from https://www.lovettdental.com/dental-blog/dental-abscess-self-care/
Published: 28 January 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.