Hyperthyroidism (သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ)

Hyperthyroidism (သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ)

သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် သိုင်းရွိုက်ဂလင်း (overactive thyroid gland) အလုပ်ပိုလုပ်ပြီး သိုင်းရွိုက်‌ဟော်မုန်း အလွန်များပြားစွာ ထုတ်လုပ်ခြင်း ဖြစ်သည်။ သိုင်းရွိုက်‌ဟော်မုန်း လွန်ကဲခြင်းကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ (metabolisms) မြန်ဆန်လာပြီး ကျန်းမာရေးကို ထိခိုက်စေသည်။ သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းသည် မည်သူမဆို ဖြစ်ပေါ်နိုင်သော်လည်း အမျိုးသမီးများတွင် အမျိုးသားများထက် (၁၀) ဆ ပို၍အဖြစ်များပြီး အသက် (၂၀) နှင့် (၄၀) ကြားတွင် ဖြစ်ပေါ်လေ့ရှိသည်။ သိုင်းရွိုက်ဟော်မုန်း အလွန်များပြားလျှင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် ထိ‌ရောက်သောကုသမှုကို စောစီးစွာခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သိုင်းရွိုက်ဂလင်းသည် လည်ပင်းအောက်ခြေတွင်ရှိသော သေးငယ်သည့် လိပ်ပြာပုံသဏ္ဌာန်ဂလင်းဖြစ်ပြီး သိုင်းရွိုက်ဂလင်းသည် အဓိကအားဖြင့် သိုင်းရွိုက်ဟော်မုန်း (၂) မျိုးဖြစ်သော Thyroxine (T4) နှင့် Triiodothyronine (T3) တို့ကို ထုတ်လုပ်သည်။ ဦးနှောက်အတွင်းရှိ ပီကျူထရီဂလင်း (Pituitary gland) မှ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH – thyroid stimulating hormone) များထုတ်လွှတ်၍ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရန် တွန်းအားပေးသည်။ ထိုသိုင်းရွိုက်ဟော်မုန်းများသည် ခန္ဓာကိုယ်ရှိ ဆဲလ်များအပေါ် သက်‌ရောက်မှုရှိပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်များကို ထောက်ပံ့ပေးသည်။

အောက်ဖော်ပြပါ အကြောင်းရင်းအမျိုးမျိုးကြောင့် သိုင်းရွိုက်ဂလင်း တုံ့ပြန်မှုများပြား၍ သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ဖြစ်ပေါ်စေသည်။

  1. ခုခံအားစနစ်မှ သိုင်းရွိုက်ဂလင်းကို မှားယွင်းစွာ တိုက်ခိုက်သောကြောင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း (Graves’ disease) (အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်)
  2. သိုင်းရွိုက်ဂလင်းတွင် အကျိတ်ဖြစ်ခြင်း (Thyroid nodules)
  3. သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း (Thyroiditis)
  4. ပီကျူထရီဂလင်း အကျိတ်ဖြစ်ခြင်း (TSH releasing pituitary adenoma)
  5. အိုင်အိုဒင်းလွန်ကဲစွာ စားသုံးခြင်း (Consuming excess iodine)
  6. သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်ဆေးဝါးများ (Levothyroxine) အလွန်အကျွံသောက်သုံးခြင်း
  7. အိုင်အိုဒင်းပါဝင်သော ဆေးဝါးများသောက်သုံးခြင်း (ဥပမာ – amiodarone) စသည်တို့ ဖြစ်ကြသည်။

သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း ဖြစ်နိုင်ခြေများသူများမှာ_

  • အမျိုးသမီးများ
  • မိသားစုမျိုးရိုးတွင် သိုင်းရွိုက်ရောဂါ (သို့မဟုတ်) ခုခံအားဆိုင်ရာရောဂါများရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကိုယ်ဝန်ဆောင်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါသည် အစောပိုင်းတွင် အခြားသောရောဂါများ၏ လက္ခဏာများနှင့် ဆင်တူသောကြောင့် ရောဂါရှာဖွေရန် ခက်ခဲနိုင်သည်။ အောက်ဖော်ပြပါ ရောဂါလက္ခဏာများသည် ရုတ်တရက် သို့မဟုတ် အချိန်ကြာသောအခါမှ တဖြည်းဖြည်း ဖြစ်ပေါ်လာနိုင်သည်။

  • ကိုယ်အလေးချိန်ကျခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
  • နှလုံးခုန်စည်းချက် မမှန်ခြင်း
  • အစာစားချင်စိတ် ပိုမိုဖြစ်ပေါ်ခြင်း (ဗိုက်ဆာမြန်ခြင်း)
  • စိုးရိမ်သောကများခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
  • လက်တုန်ခြင်း
  • ချွေးထွက်များခြင်း
  • အပူဒဏ်မခံနိုင်ခြင်း
  • ဓမ္မတာမမှန်ခြင်း
  • ဝမ်းလျှောခြင်း၊ ဝမ်းသွားသည့် အကြိမ်အရေအတွက်များခြင်း
  • လည်ပင်းကြီးခြင်း
  • အားအင်ကုန်ခန်းခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • အိပ်ရေးမဝခြင်း၊ အိပ်မပျော်ခြင်း
  • အရေပြား ပူနွေးစွတ်စိုခြင်း၊ အရေပြားပါးခြင်း
  • ဆံပင်ကြွပ်ဆတ်ခြင်းတို့ ဖြစ်ကြသည်။

သက်ကြီးရွယ်အိုများတွင်မူ သတိထားမိရန် ခက်ခဲသော လက္ခဏာများဖြစ်သည့် နှလုံးခုန်စည်းချက် မမှန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ပို၍ဖြစ်ပေါ်နိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ထိရောက်စွာ ကုသမှုမခံယူခဲ့လျှင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • နှလုံးလုပ်ငန်းများ ပျက်စီးခြင်း (Congestive heart failure)
  • အရိုးပွခြင်း (Osteoporosis)
  • သိုင်းရွိုက်ကြောင့်ဖြစ်သော မျက်လုံးဆိုင်ရာ ပြဿနာများ (Thyroid eye disease)
    မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားများနှင့် တစ်ရှူးများကို ထိခိုက်စေနိုင်ပြီး အောက်ဖော်ပြပါ လက္ခဏာများ (အထူးသဖြင့် ဆေးလိပ်သောက်သူများတွင်) ဖြစ်ပေါ်လာနိုင်သည်။
    • မျက်ခွံမို့ခြင်း၊ မျက်လုံးများဖောင်းလာခြင်း
    • မျက်လုံးထဲတွင် ခိုးလိုးခုလုဖြစ်ခြင်း
    • မျက်လုံးထဲတွင် ဖိအားများခြင်း သို့မဟုတ် နာကျင်ခြင်း
    • မျက်လုံး နီရဲခြင်း
    • အလင်းဒဏ်မခံနိုင်ခြင်း
    • ပုံရိပ်နှစ်ထပ်မြင်ခြင်း
  • အရေပြား အရောင်ပြောင်းခြင်း၊ အရေပြား ဖောရောင်ခြင်း
  • သိုင်းရွိုက်ဟော်မုန်း အဆိပ်သင့်ခြင်း (Thyrotoxic crisis) – အဖျားကြီးခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အရေးပေါ်အခြေအနေဖြစ်သဖြင့် အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ခံစားနေရသူများတွင် အထက်ဖော်ပြပါ သိုင်းရွိုက်ဟော်မုန်း အဆိပ်သင့်လက္ခဏာများ ခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဆေးကုဌာနတွင် အမြန်ဆုံးကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ (အထူးသဖြင့် လက်တုန်ခြင်း ရှိမရှိ၊ နှလုံးခုန်မြန်ခြင်း ရှိမရှိ၊ မျက်လုံးပြဿနာများ ရှိမရှိနှင့် လည်ပင်းတွင် သိုင်းရွိုက်ဂလင်းကို စမ်းသပ်ခြင်း)နှင့် သွေးတွင်း သိုင်းရွိုက်ဟော်မုန်း ပမာဏစစ်ဆေးခြင်း (free T3, free T4, TSH) ဖြင့် ရောဂါရှာဖွေ သိရှိနိုင်သည်။ ထို့နောက် ရေဒီယိုသတ္တိကြွအိုင်အိုဒင်း သောက်သုံး၍ ပုံရိပ်ဖော်စစ်ဆေးခြင်း (Radioiodine scan and uptake test)၊ သိုင်းရွိုက်ဂလင်းကို အာထရာဆောင်းရိုက်ခြင်း (Thyroid ultrasound)၊ သိုင်းရွိုက်ဆိုင်ရာပဋိပစ္စည်း (Anti-thyroid antibodies) စစ်ဆေးခြင်း စသည့်တို့ကို ပြုလုပ်၍ ဖြစ်ပေါ်ရသောအကြောင်းရင်းကို ဆက်လက်ရှာဖွေနိုင်သည်။

ကုသခြင်း

သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါကို ကုသရာတွင် အသက်အရွယ်နှင့် ဖြစ်ပေါ်ရသောအကြောင်းရင်းပေါ် မူတည်၍ အောက်ဖော်ပြပါ ကုသမှုများကို ရွေးချယ်ကုသနိုင်သည်။ ရောဂါကုသနိုင်သည့် နည်းလမ်းများမှာ_

  1. ဆေးဝါးများဖြင့် ကုသခြင်း
    • သိုင်းရွိုက်ဟော်မုန်းလျှော့ချသည့် ဆေးဝါးများဖြင့် ကုသခြင်း (Antithyroid drugs)
      သိုင်းရွိုက်ဟော်မုန်းလျှော့ချသည့် ဆေးဝါးများ (Methimazole၊ Carbimazole၊ Propylthiouracil) သည် သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်း များစွာထုတ်လုပ်ခြင်းကို တားဆီးပေးပြီး ရောဂါလက္ခဏာများကို သက်သာစေသည်။ အများအားဖြင့် ဆေးသောက်ပြီး ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာသည့်အခါတွင် ရောဂါလက္ခဏာ စတင်သက်သာလေ့ရှိပြီး ထိုဆေးများကို (၁) နှစ် (သို့မဟုတ်) (၁) နှစ်ခွဲအထိ ဆက်လက်သောက်သုံးရန် လိုအပ်သည်။ ရောဂါလက္ခဏာများ သက်သာလာပြီး သွေးတွင်းရှိ သိုင်းရွိုက်ဟော်မုန်းပမာဏ ပုံမှန်သို့ ပြန်ရောက်သည့်အခါ ဆေးပမာဏကို တဖြည်းဖြည်းလျှော့ချ၍ ဆေးရပ်ခြင်းများ ပြုလုပ်နိုင်သည်။ ဆေးဖြင့် သိုင်းရွိုက်ဟော်မုန်း လျှော့ချသည့် ကုသခြင်းသည် အချို့သူများတွင် ရေရှည် သက်သာပျောက်ကင်းသွားသော်လည်း အချို့သူများတွင် ကုသမှုခံယူပြီးနောက် ပြန်လည်ဖြစ်ပေါ်လာတတ်သည်။

      ထိုဆေးများ၏ ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးအနည်းငယ်မှာ ဓာတ်မတည့်ခြင်းကြောင့် အ‌ရေပြားတွင် အကွက်များပေါ်ခြင်း၊ ယားယံခြင်းတို့ ဖြစ်ပေါ်တတ်ပြီး ဖျားခြင်း၊ အဆစ်များနာကျင်ခြင်းနှင့် ရောဂါပိုးဝင်‌ရောက်နိုင်ခြေ မြင့်တက်ခြင်း၊ အသည်းလုပ်ငန်းထိခိုက်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။
    • ရောဂါလက္ခဏာ သက်သာစေသော ဆေးများဖြင့်ကုသခြင်း (Beta-blocker)
      Beta-blocker ဆေးများသည် သိုင်းရွိုက်ဟော်မုန်းပမာဏကို မပြောင်းလဲစေနိုင်သော်လည်း သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း၏ ရောဂါလက္ခဏာများဖြစ်သည့် လက်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်းတို့ကို သက်သာစေနိုင်သည်။
  2. ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဖြင့်ကုသခြင်း (Radioiodine therapy)
    ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းသောက်သုံးခြင်းသည် သိုင်းရွိုက်ဂလင်းအရွယ်အစားကို သေးငယ်စေပြီး သိုင်းရွိုက်ဟော်မုန်းပမာဏကိုလည်း လျော့နည်းစေသဖြင့် လပေါင်းများစွာအတွင်း ရောဂါလက္ခဏာများ သိသိသာသာ လျော့နည်းလာသည်။ သို့သော် သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်း (hypothyroidism) ထိ ဖြစ်ပေါ်စေနိုင်သောကြောင့် သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်ဆေးဝါးများကို ပြန်လည်သောက်သုံးရနိုင်သည်။
  3. သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ကုသခြင်း (Thyroidectomy)
    သိုင်းရွိုက်ဂလင်း တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ဖယ်ရှား၍ ကုသနိုင်သည်။ သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းအတွက် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည့်အခြေအနေများမှာ_
    • သိုင်းရွိုက်ဂလင်းအကျိတ်များ
    • ဆေးဝါးများဖြင့်ကုသပြီးနောက် ရောဂါလက္ခဏာ ပြန်လည်ခံစားရသူများ
    • သိုင်းရွိုက်ဟော်မုန်းလျှော့ချသည့် ဆေးဝါးများနှင့် ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို သောက်ရန် မသင့်တော်သူများ၊ ဓာတ်မတည့်သူများ
    • သိုင်းရွိုက်ဂလင်းအရွယ်အစား အလွန်ကြီးမားသောကြောင့် အသက်ရှူလမ်းကြောင်းဖိမိပြီး အသက်ရှူကျပ်ခြင်း၊ အစာမျိုပြွန်ဖိမိ၍ အစာမျိုချရန် ခက်ခဲခြင်း ခံစားရသူများ
    • အလှအပအတွက်လိုအပ်သူများ စသည်တို့ ဖြစ်ကြသည်။
      ထိုသို့သိုင်းရွိုက်ဂလင်းကို ဖြတ်ထုတ်ပြီးနောက် ဘဝတစ်လျှောက်လုံးတွင် သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်ဆေးဝါးများ (Levothyroxine) သောက်သုံးရန် လိုအပ်သည်။ ထို့အပြင် ခွဲစိတ်ကုသခြင်းကြောင့် ဖြစ်ပေါ် နိုင်သည့် ‌ဘေးထွက်ဆိုးကျိုးများမှာ အသံအိုးထိခိုက်ပျက်စီး၍ အသံဝင်ခြင်း၊ ပါရာသိုင်းရွိုက်ဂလင်း ထိခိုက်၍ သွေးတွင်းကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  4. သိုင်းရွိုက်ကြောင့်ဖြစ်သော မျက်လုံးဆိုင်ရာ ပြဿနာများကို ကုသခြင်း
    သိုင်းရွိုက်ကြောင့်ဖြစ်သော မျက်လုံးဆိုင်ရာ ပြဿနာများရှိပါက စူးရှသောအလင်းများ ကြည့်ခြင်းကို ရှောင်ကြဥ်ပါ။ ဆေးလိပ်ဖြတ်ပါ။ ထို့ပြင် မျက်ရည်တုထည့်ခြင်း၊ လိုအပ်လျှင် စတီးရွိုက်ဆေးများဖြင့် ကုသခြင်း၊ မျက်လုံးအိမ်နှင့် လေအိတ်များကြားရှိ အရိုး (သို့မဟုတ်) အဆီကို ခွဲစိတ်ဖယ်ရှားခြင်း (orbital decompression surgery)၊ မျက်လုံးကြွက်သားများကို ခွဲစိတ်ကုသခြင်း (eye muscle surgery) တို့ဖြင့် ကုသနိုင်သည်။
ကာကွယ်ခြင်း

သိုင်းရွိုက်ဟော်မုန်းလွန်ကဲစေသော အကြောင်းရင်းအားလုံးကို ကာကွယ်၍ မရသော်လည်း‌ အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

  • ဆေးလိပ်ဖြတ်ခြင်း
  • အသင့်စားသုံးရန် ပြုပြင်ထုတ်လုပ်ထားသော အစားအသောက်များကို ရှောင်ကြဥ်ခြင်း
  • ဗီတာမင်ပြည့်ဝသော အစားအသောက်များ စားသောက်ခြင်း
  • စိတ်ဖိစီးမှုလျှော့ချခြင်း
  • လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
  • အိပ်ရေးဝအောင် အိပ်စက်ခြင်း
  • ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သုံးခြင်း
  • မိသားစုမျိုးရိုးတွင် သိုင်းရွိုက်ရောဂါရှိပါက သိုင်းရွိုက်ဟော်မုန်းကို ပုံမှန်စစ်ဆေးခြင်း

References:

  1. Hyperthyroidism – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 26, 2024, from https://www.mayoclinic.org/diseases-conditions/hyperthyroidism/symptoms-causes/syc-20373659
  2. Hyperthyroidism – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 26, 2024, from https://www.mayoclinic.org/diseases-conditions/hyperthyroidism/diagnosis-treatment/drc-20373665
  3. Hyperthyroidism. (2024). Cleveland Clinic. Retrieved June 26, 2024, from https://my.clevelandclinic.org/health/diseases/14129-hyperthyroidism

Published: 10 February 2025

Share

10 February 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.