Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ)

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ)

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဆိုသည်မှာ သိုင်းရွိုက်ဂလင်းသည် အကြောင်းအမျိုးမျိုးကြောင့် ကောင်းစွာအလုပ်မလုပ်သဖြင့် သိုင်းရွိုက်ဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်း နည်းသောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ နှေးကွေးသွားပြီး အချိန်ပြည့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်များခြင်းတို့ကို ဖြစ်ပေါ်စေသည်။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို နေ့စဥ် သိုင်းရွိုက်ဟော်မုန်း အစားထိုးသောက်သုံးခြင်းဖြင့် ကုသနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သိုင်းရွိုက်ဂလင်းသည် လည်ပင်းအောက်ခြေတွင်ရှိသော သေးငယ်သည့် လိပ်ပြာပုံသဏ္ဌာန်ဂလင်းဖြစ်ပြီး အဓိကအားဖြင့် သိုင်းရွိုက်ဟော်မုန်း (၂) မျိုးဖြစ်သော Thyroxine (T4) နှင့် Triiodothyronine (T3) တို့ကို ထုတ်လုပ်သည်။ ဦးနှောက်အတွင်းရှိ ပီကျူထရီဂလင်း (Pituitary gland) မှ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH – thyroid stimulating hormone) များထုတ်လွှတ်၍ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရန် တွန်းအားပေးသည်။ ထိုသိုင်းရွိုက်ဟော်မုန်းများသည် ခန္ဓာကိုယ်ရှိ ဆဲလ်များအပေါ် သက်‌ရောက်မှုရှိပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်များကို ထောက်ပံ့ပေးသည်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို အဓိကဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ အိုင်အိုဒင်းချို့တဲ့ခြင်း (Iodine deficiency)၊ ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ သိုင်းရွိုက်ဂလင်းကို မှားယွင်းစွာတိုက်ခိုက်ခြင်း (Hashimoto’s disease) နှင့် သိုင်းရွိုက်ဟော်မုန်းများခြင်းကို ကုသရာမှ သိုင်းရွိုက်ဂလင်း ထိခိုက်ခြင်းတို့ဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်းနည်းစေနိုင်သည့် အခြားသော အကြောင်းရင်းများမှာ_

  • သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်း (Thyroid surgery)
  • သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း (Thyroiditis)
  • ဓာတ်ရောင်ခြည်သုံးကုသခြင်း (Radiation therapy) _ ဦးခေါင်းနှင့် လည်ပင်းတစ်ဝိုက်ရှိ ကင်ဆာများကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
  • ဆေးဝါးများသောက်သုံးခြင်း (ဥပမာ – lithium, amiodarone ဆေးဝါးများ)
  • မွေးရာပါ သိုင်းရွိုက်ဂလင်း အလုပ်မလုပ်ခြင်း၊ သိုင်းရွိုက်ဂလင်းမပါခြင်း
  • ပီကျူထရီဂလင်းရောဂါဖြစ်ခြင်း (Pituitary disorder) စသည့်အကြောင်းရင်းများကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ဖြစ်နိုင်ခြေများသူများမှာ_

  • အမျိုးသမီးများ
  • အသက် (၆၀) အထက်ရှိသူများ
  • မိသားစုမျိုးရိုးတွင် သိုင်းရွိုက်ရောဂါရှိသူများ
  • ခုခံအားဆိုင်ရာ ရောဂါရှိသူများ [ဥပမာအမျိုးအစား (၁) ဆီးချိုရောဂါ]
  • ယခင်က သိုင်းရွိုက်ဟော်မုန်းများခြင်းကို ကုသမှုခံယူထားသူများ [ခွဲစိတ်ကုသမှု (သို့မဟုတ်) ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဖြင့် ကုသမှုခံယူထားသူများ] ဖြစ်သည်။
ရောဂါလက္ခဏာများ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ၏ လက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အစပိုင်းတွင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်များခြင်း အစရှိသော လက္ခဏာများကို သတိမပြုမိဘဲ အချိန်ကြာလာသောအခါ ဇီဝကမ္မဖြစ်စဥ်များ ပိုမိုနှေးကွေးလာပြီး ပိုမိုသိသာထင်ရှားသော လက္ခဏာများ ဖြစ်ပေါ်လာသည်။

ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အအေးဒဏ်မခံနိုင်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အရေပြားခြောက်သွေ့ခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း
  • မျက်နှာဖောင်းခြင်း
  • အသံသြခြင်း၊ အသံဝင်ခြင်း
  • အရေပြား ကြမ်းတမ်းထူထဲ၍ ခြောက်သွေ့ခြင်း
  • ဆံပင်ပါးခြင်း၊ ကြမ်းခြင်း၊ ခြောက်သွေ့ခြင်း
  • ခြေလက်ထုံကျဉ်ခြင်း
  • ကြွက်သားအားနည်းခြင်း၊ ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း
  • ဓမ္မတာမမှန်ခြင်း
  • နှလုံးခုန်နှေးခြင်း
  • စိတ်ဓာတ်ကျခြင်း
  • မှတ်ဉာဏ်ချို့ယွင်းခြင်း စသည်တို့ ခံစားရနိုင်သည်။

ကလေးငယ်များတွင် မွေးရာပါ သိုင်းရွိုက်ဂလင်း မပါရှိခြင်း သို့မဟုတ် အလုပ်ကောင်းစွာ မလုပ်ခြင်းတို့ကြောင့် နို့ကောင်းကောင်းမစို့ခြင်း၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ရက်ရှည်အသားဝါခြင်း၊ ဝမ်းချုပ်ခြင်း၊ ကြွက်သားများပျော့ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်း၊ အသားအရေကြမ်းတမ်းခြင်း၊ အသံဝင်လာခြင်း၊ ချက်စူခြင်း အစရှိသည့်လက္ခဏာများ ခံစားရနိုင်သည်။ ကလေးငယ်များတွင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ကုသမှုမခံယူပါက ပြင်းထန်သော ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပြဿနာများ ဖြစ်ပေါ်နိုင်သည်။

hypothyroidism image 1
နောက်ဆက်တွဲပြဿနာများ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါကို သေချာစွာ ကုသမှုမခံယူပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။

  • လည်ပင်းကြီးခြင်း (Goiter)
  • နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးလုပ်ငန်းပျက်စီးခြင်း
  • သွေးတွင်း အဆီဓာတ်များခြင်း
  • အာရုံကြောအားနည်းခြင်းကြောင့် ခြေလက်များ ထုံကျဥ်ခြင်း (Peripheral neuropathy)
  • မျိုးပွါးမှုကို ထိခိုက်ခြင်း
  • ကိုယ်ဝန်ပျက်ကျနိုင်ခြင်း
  • ကလေးတွင် မွေးရာပါသိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း

ထို့အပြင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ကုသမှုမခံယူဘဲ အချိန်ကာလကြာလာလျှင် အသက်အန္တရာယ်ထိခိုက်နိုင်သည့် Myxedema coma ဟုခေါ်သော အ‌‌‌‌ရေးပေါ်အခြေအနေ ရှားပါးစွာ ဖြစ်ပေါ် တတ်သည်။ ထိုအခြေအနေသည် အသိနှင့်သတိအနေအထား လျော့နည်း၍ ကိုယ်အပူချိန်ကျဆင်းကာ ကိုယ်တွင်းအင်္ဂါလုပ်ငန်းများကိုပါ နှေးကွေးထိခိုက်စေနိုင်သည့် ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်းကို ခံစားနေရသူများတွင် အထက်ဖော်ပြပါ အသက်အန္တရာယ်ရှိနိုင်သော (Myxoedema coma) လက္ခဏာများ ခံစားရပါက ဆေးရုံအရေးပေါ်ဆေးကုဌာနတွင် အမြန်ဆုံးကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် လူနာကို စမ်းသပ်စစ်ဆေးခြင်းများ ဦးစွာပြုလုပ်၍ သွေးတွင်း သိုင်းရွိုက်ဟော်မုန်း ပမာဏစစ်ဆေးခြင်း (free T3, free T4, TSH) ဖြင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ရှာဖွေသိရှိနိုင်သည်။ ထို့အပြင် လိုအပ်ပါက သိုင်းရွိုက်ဂလင်းကို အာထရာဆောင်းရိုက်ခြင်း (Thyroid ultrasound)၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)၊ ‌ရေဒီယိုသတ္တိကြွအိုင်အိုဒင်း သောက်သုံး၍ ပုံရိပ်ဖော်စစ်ဆေးခြင်း (Thyroid uptake scan)၊ သိုင်းရွိုက်ဆိုင်ရာပဋိပစ္စည်း (Anti-thyroid antibodies) စစ်ဆေးခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါကို ကုသရာတွင် Levothyroxine ဟုခေါ်သော သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်ဆေးဝါးကို နေ့စဥ်ပုံမှန်သောက်သုံးခြင်းဖြင့် ကုသနိုင်သည်။ Levothyroxine ဆေးကို မနက်တိုင်း အစာမစားခင် နာရီဝက် (သို့မဟုတ်) တစ်နာရီအလိုတွင် အချိန်မှန်မှန် သောက်သုံးခြင်းသည် အကောင်းဆုံးဖြစ်ပြီး အခြားဆေးများနှင့် တွဲဖက်မသောက်သုံးသင့်ပါ။

သိုင်းရွိုက်ဟော်မုန်း နည်းခြင်းပမာဏနှင့် ရောဂါလက္ခဏာများပေါ် မူတည်၍ လိုအပ်သော ဆေးပမာဏကို အတိုးအလျှော့ပြုလုပ်နိုင်ရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သိုင်းရွိုက်ဟော်မုန်း ပုံမှန်စစ်ဆေးရန် လိုအပ်သည်။

ဆေးစတင်သောက်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါလက္ခဏာများ သက်သာလာလေ့ရှိသည်။ ထိုအချိန်တွင် Levothyroxine သောက်ခြင်းကို ရပ်လိုက်ပါက ရောဂါလက္ခဏာများ ပြန်လည်ဖြစ်ပေါ်လာနိုင်သောကြောင့် ဘဝတစ်လျှောက်လုံး ကုသမှုခံယူရန် အရေးကြီးသည်။

ပုံမှန်အားဖြင့် Levothyroxine ဆေးဝါးသည် လိုအပ်သည့်ဆေးပမာဏ မှန်ကန်ပါက ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းသည်။ သို့သော် ထိုဆေးကို အလွန်အကျွံ သောက်သုံးမိပါက အစာစားချင်စိတ်များလာခြင်း၊ လက်တုန်ခြင်း၊ ရင်တုန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ချွေးထွက်ခြင်း၊ စိုးရိမ်စိတ်များခြင်း၊ အိပ်မပျော်ခြင်း အစရှိသော လက္ခဏာများဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့်ဆေးသောက်နေစဥ် ထိုလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်ကို ချက်ချင်းအသိပေး၍ ဆေးပမာဏ ပြန်လည်ထိန်းညှိရန် လိုအပ်သည်။

ကာကွယ်ခြင်း

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ယေဘုယျအားဖြင့် ကာကွယ်၍မရနိုင်ပါ။ သို့သော် အိုင်အိုဒင်းဓာတ် ချိုတဲ့ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ကာကွယ်ရန် အိုင်အိုဒင်းဆားနှင့် အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအသောက်များ စားသုံးသင့်သည်။

References:

  1. Hypothyroidism (underactive thyroid) – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 30, 2024, from https://www.mayoclinic.org/diseases-conditions/hypothyroidism/symptoms-causes/syc-20350284
  2. Hypothyroidism (underactive thyroid) – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 30, 2024, from https://www.mayoclinic.org/diseases-conditions/hypothyroidism/diagnosis-treatment/drc-20350289
  3. Hypothyroidism (Underactive thyroid). (2025). Cleveland Clinic. Retrieved June 30, 2024, from https://my.clevelandclinic.org/health/diseases/12120-hypothyroidism
  4. Johns Hopkins Medicine. (n.d.). Hypothyroidism. Johns Hopkins Medicine. Retrieved June 30, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/hypothyroidism

Published: 10 February 2024

Share

10 February 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.