Cancers (ကင်ဆာရောဂါများ)

Cancers (ကင်ဆာရောဂါများ)

ကင်ဆာရောဂါသည် ခန္ဓာကိုယ်၏ ပုံမှန်ဆဲလ်များ မျိုးဗီဇပြောင်းလဲမှုကြောင့် ကင်ဆာဆဲလ်များအဖြစ် လျင်မြန်စွာပြောင်းလဲပွါးများပြီး အခြားတစ်ရှူးနှင့် ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါသည် သေဆုံးမှုအများဆုံး‌ရောဂါဇယားတွင် နှလုံးရောဂါပြီးလျှင် ဒုတိယမြောက် အဖြစ်အများဆုံးသောရောဂါဖြစ်သည်။ ကင်ဆာရောဂါကို စောစီးစွာသိရှိပြီး ထိရောက်သည့်ကုသမှုခံယူလျှင် ရောဂါပျောက်ကင်းနိုင်ပြီး သက်တမ်းစေ့ နေထိုင်နိုင်သည်။ ကင်ဆာရောဂါဖြစ်စေနိုင်သည့် အကြောင်းရင်းများကို သိရှိနားလည်ပြီး ရှောင်ရှားခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကင်ဆာရောဂါဖြစ်ပေါ်စေသော အကြောင်းရင်းများစွာရှိပြီး အောက်ပါတို့မှာ အဓိကအကြောင်းရင်းများ ဖြစ်သည်။

  1. မျိုးဗီဇဆိုင်ရာ အကြောင်းရင်းများ (Genetic Factors)
    မိသားစုထဲတွင် ကင်ဆာရောဂါဖြစ်ဖူးသူရှိပါက မျိုးဗီဇကြောင့် ကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။ သို့သော် အများစုမှာ မွေးဖွားပြီးနောက် ပြင်ပမှ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများကြောင့် မျိုးဗီဇပြောင်းလဲခြင်း (Gene mutation) ဖြစ်ပြီး ဆဲလ်များပုံမှန်မဟုတ်ဘဲ ကြီးထွားပွါးများလာကာ ကင်ဆာရောဂါများ ဖြစ်ပေါ်လာသည်။
  2. ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ (Environmental Factors)
    • ဓာတ်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်များ (Physical carcinogens)
    • အချို့သော ဓာတုပစ္စည်းများ (ဥပမာ _ ကျောက်မီးသွေး၊ အာဆင်းနစ်၊ ပိုးသတ်ဆေး)
    • လေထုညစ်ညမ်းမှုများ
  3. နေထိုင်မှုပုံစံဆိုင်ရာအကြောင်းရင်းများ (Lifestyle Factors)
    • ဆေးလိပ်၊ အရက်သောက်သုံးခြင်း
    • အဝလွန်ခြင်း
    • ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသုံးခြင်း (အဆီ၊ အချို၊ အငန်များသော၊ ပြုပြင်ထားသော အစားအစာများ)
  4. ရောဂါပိုးများ (Infections)
    • ဗိုင်းရပ်စ်ပိုးများ (ဥပမာ – HPV ဗိုင်းရပ်စ်၊ အသည်းရောင်အသားဝါ ဘီ ပိုး၊ စီ ပိုး ဗိုင်းရပ်စ်များ)
    • ဘက်တီးရီးယားပိုးများ (ဥပမာ – Helicobacter pylori ဘက်တီးရီးယားပိုး)
  5. အခြားရောဂါအခြေအနေများ (ဥပမာ _ ဟော်မုန်းပြောင်းလဲမှုများ၊ ကိုယ်ခံအားစနစ်အားနည်းခြင်း)
  6. အသက်အရွယ်ကြီးရင့်လာခြင်း (Aging)
    အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်ရှိ ဆဲလ်များတွင် မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ကင်ဆာဖြစ်နိုင်ခြေ ပိုများလာသည်။

ဤအကြောင်းရင်းများသည် တစ်ခုတည်းဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံတွင် အကြောင်းရင်းများစွာလည်း ပေါင်းစပ်ပါဝင်နိုင်သည်။

ဖြစ်ပွါးစေသည့် အကြောင်းရင်းများနှင့် ကင်ဆာရောဂါများ
  • ဆေးလိပ်သောက်ခြင်း _ အဆုတ်ကင်ဆာ၊ ခံတွင်းနှင့်နားနှာခေါင်းလည်ချောင်း ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ဆီးအိမ်နှင့်ကျောက်ကပ် ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ခေါင်းနှင့်သားဥအိမ် ကင်ဆာ၊ သွေးကင်ဆာ
  • အရက်အလွန်အကျွံသောက်ခြင်း _ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ရင်သားကင်ဆာ
  • ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာများ (ဥပမာ _ အနီရောင်ရှိသော အသားများ၊ အသင့်စားသုံးရန် ပြုလုပ်ထားသည့် အစားအစာများ၊ ကြာရှည်ခံအောင် ပြုလုပ်ထားသည့် အစားအစာများ) _ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ
  • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် အဝလွန်ခြင်း _ အူကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ
  • လေထုညစ်ညမ်းခြင်း _ အဆုတ်ကင်ဆာ
  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့ခြင်း _ သွေးကင်ဆာများ၊ သိုင်းရွိုက်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်နှင့်အူလမ်းကြောင်း ကင်ဆာ၊ အသည်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အရေပြားကင်ဆာ
  • ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများခြင်း _ အရေပြားကင်ဆာ
  • အချို့သော ဗိုင်းရပ်စ်ပိုးများ
    • အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး _ အသည်းကင်ဆာ
    • HPV (Human Papillomavirus) – သားအိမ်ခေါင်းကင်ဆာအပါအဝင် အခြားသော လိင်အင်္ဂါကင်ဆာများ၊ ခံတွင်းနှင့် လည်ချောင်းကင်ဆာများ
    • EBV (Epstein Barr Virus) – ပြန်ရည်ကျိတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ
    • HIV (Human Immunodeficiency Virus) – သားအိမ်ခေါင်းကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ
ကင်ဆာအဆင့်များ

ကင်ဆာများ၏ တည်ရှိသည့်နေရာ၊ အရွယ်အစား‌နှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့မှု ရှိမရှိ ပေါ်မူတည်၍ ကင်ဆာရောဂါ အဆင့် (၄) ဆင့်ရှိသည်။

အဆင့် (၁) _ ကင်ဆာအကျိတ်သည် အရွယ်အစားသေးငယ်ပြီး ပြန်ရည်ကျိတ် (သို့မဟုတ်) အခြားတစ်ရှူးများသို့ ပျံ့နှံ့ခြင်း မရှိသေးပါ
အဆင့် (၂) _ ကင်ဆာအကျိတ်သည် ကြီးထွားလာသော်လည်း ပြန်ရည်ကျိတ် (သို့မဟုတ်) အခြားတစ်ရှူးများသို့ ပျံ့နှံ့ခြင်း မရှိသေးပါ
အဆင့် (၃) _ ကင်ဆာအကျိတ်သည် ပိုမိုကြီးထွားလာပြီး ပြန်ရည်ကျိတ် (သို့မဟုတ်) အနီးအနားရှိ တစ်ရှူးများသို့ ပျံ့နှံ့သည်
အဆင့် (၄) _ ကင်ဆာအကျိတ်သည် အခြားသော ကိုယ်တွင်းအင်္ဂါများ (သို့မဟုတ်) ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေသည်၊ ထိုအဆင့်သည် ကင်ဆာရောဂါ နောက်ဆုံးအဆင့် ဖြစ်သည်။

ရောဂါလက္ခဏာများ

ကင်ဆာရောဂါသည် ရောဂါလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာရှိနေနိုင်သည်။ ထို့ကြောင့် အချို့သော ကင်ဆာ‌ရောဂါများကို စောစီးစွာသိရှိရန်ခက်ခဲပြီး ရောဂါအခြေအနေဆိုးလာမှသာ လက္ခဏာများ ပေါ်လာတတ်ကြသည်။ ကင်ဆာရောဂါတွင် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ပင်ပန်းနွမ်းနယ်ခြင်း _ ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်ပြီး အနားယူသည့်တိုင် မသက်သာခြင်း
  2. မည်သည့်အကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာခြင်း
  3. ရုတ်တရက် နာကျင်ကိုက်ခဲခြင်း သို့မဟုတ် နာကျင်မှုများ ကာလကြာခံစားရခြင်း
  4. ပုံမှန်ထက် အစာစားချင်စိတ် လျော့နည်းလာခြင်း
  5. ညဘက်တွင် ချွေးအလွန်အမင်းထွက်ခြင်း
  6. မကြာခဏ ဖျားနာခြင်း (သို့မဟုတ်) ရက်ရှည်ဖျားနာခြင်း
  7. ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အဖုအကျိတ်များ ပေါ်လာခြင်း
  8. ကြာရှည်စွာ ချောင်းဆိုးခြင်း၊ အသံပြောင်းခြင်း (သို့မဟုတ်) အသံဝင်ခြင်း
  9. အစာမျိုချရာတွင် နာကျင်ခြင်း (သို့မဟုတ်) ခက်ခဲခြင်း
  10. သွေးထွက်ခြင်း _ ချောင်းဆိုးလျှင် သွေးပါခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း စသည့် ပုံမှန်မဟုတ်သော သွေးထွက်ခြင်းများ
  11. အရေပြားပြောင်းလဲခြင်း _ အရေပြားတွင် အရောင်ပြောင်းခြင်း (အသားဝါခြင်း၊ အသားအရောင် ပိုမည်းလာခြင်း)၊ ယားယံခြင်း (သို့မဟုတ်) အနာဖြစ်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း
  12. အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ _ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း (သို့မဟုတ်) ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ အစာစားပြီးနောက် အစာမကြေ၊ ရင်ပြည့်ရင်ကယ် ဆက်တိုက်ဖြစ်ခြင်း

ဤလက္ခဏာများသည် ကင်ဆာရောဂါနှင့် ဆက်စပ်နေနိုင်သော်လည်း အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ရောဂါလက္ခဏာများခံစားရပါက ဆရာဝန်နှင့် စောစီးစွာ တိုင်ပင်ပြသသင့်သည်။

cancers image
ကင်ဆာရောဂါတွင် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ
နောက်ဆက်တွဲပြဿနာများ

ကင်ဆာရောဂါနှင့် ကင်ဆာကုသမှုတို့ကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  1. အထွေထွေ နောက်ဆက်တွဲပြဿနာများ
    ကင်ဆာရောဂါသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်ဖြစ်စေ၊ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
    • အားအင်လျော့နည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း
    • အစာစားချင်စိတ်လျော့နည်းပြီး ကိုယ်အလေးချိန်ကျဆင်းခြင်း
    • အာရုံကြောများကို ဖိသဖြင့် ပြင်းထန်သောနာကျင်မှုများ ခံစားရခြင်း
    • ကိုယ်ခံအားကျဆင်း၍ ရောဂါပိုးဝင်လွယ်ခြင်း
    • ကင်ဆာရောဂါသည် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း
    • ကင်ဆာရောဂါကုသပြီးနောက် ရောဂါပြန်လည်ဖြစ်ပေါ်လာခြင်း
    • သွေးတွင်းကယ်လ်ဆီယမ်ဓာတ်များခြင်းကြောင့် ရေငတ်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ သတိလစ်ခြင်း
    • အဆုတ်သွေးကြောတွင်း သွေးခဲပိတ်ခြင်း
    • သွေးအားနည်းခြင်း
  2. ကင်ဆာဖြစ်သောနေရာအလိုက် နောက်ဆက်တွဲပြဿနာများ
    ကင်ဆာရောဂါသည် ဖြစ်ပွါးသောနေရာအလိုက် ကွဲပြားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
    • အဆုတ်ကင်ဆာ (Lung Cancer)
      • အသက်ရှူကျပ်ခြင်း
      • ချောင်းဆိုးသွေးပါခြင်း
      • အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း
    • အသည်းကင်ဆာ (Liver Cancer)
      • ရေဖျဥ်းစွဲခြင်း
      • အသည်းလုပ်ငန်း ပျက်စီးခြင်းကြောင့် ဦးနှောက်ထိခိုက်ခြင်း
      • အသည်းသွေးပြန်ကြော ဖိအားများခြင်း
      • အသည်းသွေးပြန်ကြော သွေးခဲပိတ်ခြင်း
      • သည်းခြေပြွန်ပိတ်ဆို့၍ အသားဝါခြင်း၊ အလွန်အမင်း ဗိုက်နာခြင်း
    • ရင်သားကင်ဆာ (Breast Cancer)
      • ရင်သားနာကျင်ခြင်း၊ ရောင်ရမ်းခြင်းများ
      • ပြန်ရည်ကျိတ်များကိုထိခိုက်၍ လက်မောင်းရောင်ခြင်း
    • အူမကြီးကင်ဆာ (Colorectal Cancer)
      • အူလမ်းကြောင်း ပိတ်ဆို့ခြင်း
      • အူပေါက်ခြင်း
      • ကင်ဆာကျိတ်မှသွေးထွက်၍ ဝမ်းထဲသွေးပါခြင်း
    • ဦးနှောက်ကင်ဆာ (Brain Cancer)
      • ခေါင်းကိုက်ခြင်း
      • အမြင်အာရုံထိခိုက်ခြင်း
      • အကြားအာရုံထိခိုက်ခြင်း
      • မူးဝေခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း
      • ဦးနှောက်အတွင်း ဖိအားများခြင်း
      • ခန္ဓာကိုယ်အစိတ်အပိုင်းများ မလှုပ်ရှားနိုင်ခြင်း
      • အမူအကျင့်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
  3. ကင်ဆာရောဂါ ကုသမှုများ၏ နောက်ဆက်တွဲပြဿနာများ
    ကင်ဆာကုသမှုများသည် ကင်ဆာဆဲလ်များကို ဖယ်ရှားရန် ရည်ရွယ်သော်လည်း ပုံမှန်ဆဲလ်များကိုပါ ထိခိုက်စေနိုင်ပြီး အောက်ပါဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
    • ဆေးသွင်းကုသမှု၏ ဘေးထွက်ဆိုးကျိုးများ
      • ပျို့အန်ခြင်းနှင့် မအီမသာဖြစ်ခြင်း
      • ဆံပင်ကျွတ်ခြင်း
      • သွေးအားနည်းခြင်း
      • ရောဂါပိုးဝင်လွယ်ခြင်း
      • မောပန်းခြင်း
    • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၏ ဘေးထွက်ဆိုးကျိုးများ
      • အရေပြားပြဿနာများ – အရေပြားနီမြန်းခြင်း၊ ယားယံခြင်းနှင့် ခြောက်သွေ့ခြင်း
      • ပင်ပန်းနွမ်းနယ်ခြင်း
      • အာဟာရချို့တဲ့ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြထားသော ကင်ဆာရောဂါလက္ခဏာများ ဖြစ်ပေါ်ခဲ့လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ၍ ‌‌ရောဂါရှာဖွေစစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူရန် အရေးကြီးသည်။ ရောဂါလက္ခဏာများ မရှိသော်လည်း ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိ သံသယရှိလျှင် မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်လျှင် ကြိုတင်စစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါကို စောစီးစွာသိရှိပြီး ထိရောက်သောကုသမှုကို ခံယူနိုင်သည်။

ရောဂါရှာဖွေခြင်း

ကင်ဆာရောဂါကို ရောဂါရှာဖွေရန် ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးကို သေချာစွာ စမ်းသပ်စစ်ဆေးခြင်းနှင့် အောက်ဖော်ပြပါ စစ်ဆေးခြင်းများပြုလုပ်ပြီး ကင်ဆာရောဂါများကို ရှာဖွေနိုင်သည်။

  • သွေးစစ်ဆေးခြင်း
  • ပုံရိပ်ဖော်စက်များဖြင့် ရောဂါရှာဖွေခြင်း
  • အသားစယူ စစ်ဆေးခြင်းတို့ကို လိုအပ်သလို ဆက်လက်ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

သွေးစစ်ဆေးခြင်းတွင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားများကို အသေးစိတ်စစ်ဆေးခြင်း (Complete blood count)၊ သွေးတွင်း ကင်ဆာရောဂါပြ ဓာတ်ပစ္စည်းများ စစ်ဆေးခြင်း (Tumour markers)၊ သွေးတွင်း ပုံမှန်မဟုတ်သော ပရိုတင်းဓာတ်များ စစ်ဆေးခြင်း – Blood protein tests (ဥပမာ _ ပဋိပစ္စည်းများ စစ်ဆေးခြင်း) တို့ပါဝင်သည်။

ပုံရိပ်ဖော်စက်များနှင့် ရောဂါရှာဖွေရာတွင် ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ PET စကန်ရိုက်ခြင်းတို့ကို လိုအပ်သလို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။

အသားစယူစစ်ဆေးရာတွင် ကင်ဆာအမျိုးအစားနှင့် လူနာ၏အခြေအနေအပေါ် မူတည်၍ အောက်ဖော်ပြပါ အသားစယူနည်းအမျိုးမျိုးကို အသုံးပြု၍ ရောဂါရှာဖွေနိုင်သည်။

  • အပ်ဖြင့် အသားစယူခြင်း (Needle biopsy)
  • အကျိတ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ခွဲစိတ်ထုတ်ယူစစ်ဆေးခြင်း (Excisional or incisional biopsy)
  • ဝိုင်း၍ချွန်ထက်သော ကိရိယာဖြင့် ဖြတ်ထုတ် အသားစယူခြင်း (Punch biopsy)
  • အရေပြားကို ရှပ်၍ အသားစယူခြင်း (Shave biopsy)
  • ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow biopsy)
  • ထုလုံးချွန်ကတော့ပုံ အသားစဖြတ်ခြင်း (Cone biopsy)
  • ကင်ဆာပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်း (Sentinel node biopsy)
  • ကိုယ်တွင်းအရည် စစ်ဆေးခြင်း (Liquid biopsy)
  • မှန်ပြောင်းဖြင့် အသားစယူခြင်း (Endoscopic biopsy)
  • ခွဲစိတ်နေချိန်အတွင်း အသားစစစ်ဆေး၍ ချက်ချင်းအဖြေထုတ်ခြင်း (Frozen section) အစရှိသည့် နည်းလမ်းများကို အသုံးပြု၍ ရောဂါရှာဖွေနိုင်သည်။

အချို့သောကင်ဆာများသည် မျိုးရိုးလိုက်၍ ဖြစ်ပွါးတတ်သောကြောင့် မိဘမျိုးရိုးတွင် ကင်ဆာရောဂါရှိပါက မျိုးဗီဇပြောင်းလဲခြင်းကို စောစီးစွာစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါကို ကြိုတင်သိရှိနိုင်သည်။

ကုသခြင်း

ကင်ဆာအမျိုးအစား၊ ကင်ဆာရောဂါအဆင့်နှင့် လူနာ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အောက်ပါကုသမှုများကို ရွေးချယ်ကုသနိုင်သည်။

  1. ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    • ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အစွမ်းထက်သော ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်
    • သောက်ဆေး (သို့မဟုတ်) ထိုးဆေးအဖြစ် ပေးနိုင်သည်
    • ခန္ဓာကိုယ်တစ်ခုလုံးရှိ ကင်ဆာဆဲလ်များကို ထိရောက်စွာ နှိမ်နင်းနိုင်သည်
  2. ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation Therapy)
    • ဓာတ်ရောင်ခြည်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ပျက်စီးစေသည်
    • ကင်ဆာဆေးသွင်းကုသခြင်းနှင့် ပေါင်းစပ်၍ ကုသနိုင်သည်
    • ကင်ဆာအလုံးအကျိတ်ကို သေးစေရန် သို့မဟုတ် ခွဲစိတ်ပြီးနောက် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖယ်ရှားရန် အသုံးပြုသည်
  3. ခွဲစိတ်ကုသခြင်း (Surgery)
    • ကင်ဆာအလုံးအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပြီး ကင်ဆာအစောပိုင်းအဆင့်တွင် ပြုလုပ်နိုင်ပါက လွန်စွာထိရောက်မှုရှိသည်
    • ခွဲစိတ်မှုမတိုင်မီ ကင်ဆာအလုံးအကျိတ်ကို သေးစေရန် ကင်ဆာဆေးသွင်းကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ကို ပူးပေါင်းအသုံးပြုနိုင်သည်
  4. ဟော်မုန်းကုထုံး (Hormone Therapy)
    • ဟော်မုန်းများကို ထိန်းချုပ်ခြင်းဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားသည်
    • ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့တွင် အသုံးများသည်
  5. ကိုယ်ခံအားကုထုံး (Immunotherapy)
    • လူနာ၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေသည်
    • ကင်ဆာဆဲလ်များကို ခုခံအားစနစ်မှ မှတ်မိစေရန် ပြုပြင်ပေးခြင်းဖြစ်သည်
  6. ပစ်မှတ်ထားကုထုံး (Targeted Therapy)
    • ကင်ဆာဆဲလ်များအတွင်းရှိ ဓာတ်ပစ္စည်းများကို တိုက်ရိုက်ပစ်မှတ်ထား၍ ကုသခြင်းဖြစ်သည်
    • ကင်ဆာဆဲလ်များ၏ ကြီးထွားမှုနှင့် ပျံ့နှံ့မှုကို တားဆီးပေးသည်
  7. ပင်မဆဲလ် (သို့မဟုတ်) ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Stem Cell or Bone Marrow Transplant)
    • သွေးကင်ဆာရောဂါများတွင် ပျက်စီးနေသော ရိုးတွင်းခြင်ဆီကို ကျန်းမာသော ပင်မဆဲလ်များဖြင့် အစားထိုးခြင်းဖြစ်သည်
  8. ဝေဒနာများညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative Care)
    • ကင်ဆာလူနာများ၏ ခံစားနေရသော ဝေဒနာများကို သက်သာစေရန် ဘက်စုံထောင့်စုံမှ ပြုစုကုသပေးခြင်းဖြစ်သည်
    • စိတ်ဖိစီးမှုများကိုလည်း လျော့နည်းစေပြီး လူနေမှုဘဝအရည်အသွေးများကို မြင့်မားစေနိုင်သည်

ကင်ဆာကုသမှုများသည် လူနာ၏ အခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်ပြီး၊ ဆရာဝန်များက လူနာ၏ ကျန်းမာရေးနှင့် ကိုက်ညီသော ကုသမှုနည်းလမ်းကို လူနာ၊ လူနာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ ရွေးချယ်ကုသပေးလိမ့်မည်။

ကာကွယ်ခြင်း

ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် အောက်ပါနည်းလမ်းများကို လိုက်နာရန် လိုအပ်သည်။

  1. ဆေးလိပ်ဖြတ်ခြင်း
    ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာအပါအဝင် ကင်ဆာရောဂါများစွာကို ဖြစ်စေနိုင်သောကြောင့် ဆေးလိပ်ဖြတ်ရန် အရေးကြီးသည်။
  2. ခရမ်းလွန်ရောင်ခြည် (UV) ထိတွေ့မှုမှ ရှောင်ကြဉ်ခြင်း
    နေရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်များသည် အရေပြားကင်ဆာကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် နေရောင်ကာခရင်မ် (Sunscreen) လိမ်းခြင်း၊ နေပူထဲထွက်လျှင် ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ဖြင့် ကာကွယ်ခြင်းနှင့် နေရောင်ပြင်းသည့်အချိန်တွင် အပြင်ထွက်ခြင်းကို ကန့်သတ်ခြင်းတို့ ပြုလုပ်သင့်သည်။
  3. ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း
    ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ၊ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို မျှတစွာ စားသုံးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။ အဆီနှင့် သကြားပါဝင်မှုများသော အစားအစာများကို လျှော့စားသင့်သည်။
  4. ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
    တစ်နေ့လျှင် အနည်းဆုံး မိနစ် (၃၀)ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
  5. အရက်သောက်သုံးမှု လျှော့ချခြင်း
    အရက်အလွန်အကျွံသောက်သုံးခြင်းသည် အသည်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာနှင့် အခြားကင်ဆာများကို ဖြစ်စေနိုင်သောကြောင့် အရက်သောက်သုံးမှုကို လျှော့ချသင့်သည်။
  6. နှစ်စဉ် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
    အချို့ကင်ဆာရောဂါများသည် စောစီးစွာလက္ခဏာမပြဘဲ ဖြစ်ပွါးတတ်သောကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ကင်ဆာကို စောစီးစွာ သိရှိနိုင်သည်။
  7. သံသယရှိကင်ဆာရောဂါ ကြိုတင်စစ်ဆေးခြင်း
    ရောဂါဖြစ်နိုင်ခြေပေါ်မူတည်၍ မိမိသံသယရှိသောကင်ဆာရောဂါကို ကြိုတင်ရှာဖွေစစ်ဆေးခြင်းဖြင့် စောစီးစွာ သိရှိကုသနိုင်သည်။
  8. ကာကွယ်ဆေးထိုးခြင်း
    အသည်းကင်ဆာကိုဖြစ်စေနိုင်သော အသည်းရောင်အသားဝါ ဘီ ပိုး အတွက်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်သော HPV- Human Papillomavirus ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးများကို ထိုးခြင်းဖြင့် ကာကွယ်နိုင်သည်။

အထက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။ ကင်ဆာရောဂါကို ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ခြင်းသည် အရေးကြီးသောအချက်တစ်ခုဖြစ်သည်။

References:

  1. Cancer. (2024). Cleveland Clinic. Retrieved July 29, 2024, from https://my.clevelandclinic.org/health/diseases/12194-cancer
  2. Crna, R. N. M. (2024). What to know about cancer. Retrieved July 29, 2024, from https://www.medicalnewstoday.com/articles/323648#:~:text=Cancer%20causes%20cells%20to%20divide,lungs%2C%20prostate%2C%20and%20skin
  3. Cancer – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 29, 2024, from https://www.mayoclinic.org/diseases-conditions/cancer/symptoms-causes/syc-20370588

Published: 13 February 2025

Share

13 February 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.