အရိုးကင်ဆာသည် အရိုးနှင့် ဆက်စပ်တစ်ရှူးများရှိ ဆဲလ်များ မူမမှန် ပွါးများကြီးထွားရာမှ ကင်ဆာ ဖြစ်လာခြင်းဖြစ်သည်။ အရိုးကင်ဆာ အမျိုးအစား အမျိုးမျိုးရှိရာတွင် အရိုးတစ်ရှူးများမှ စတင်ဖြစ်သော အရိုးကင်ဆာ (Primary Bone Cancer) နှင့် အခြားကိုယ်တွင်းအင်္ဂါကင်ဆာများမှ အရိုးတွင်းသို့ ပျံ့နှံ့သော အရိုးကင်ဆာ (Secondary Bone Cancer) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခြားအင်္ဂါကင်ဆာများမှ ပျံ့နှံ့သော အရိုးကင်ဆာသည် အဖြစ်အများဆုံးဖြစ်သည်။
ပေါင်ရိုး (Thigh Bone) တွင် အရိုးကင်ဆာကို အများဆုံးတွေ့ရသည်။ အရိုးတစ်ရှူးမှ စတင်ဖြစ်သော အလုံးအကျိတ်များတွင် ပျံ့နှံ့မှုမရှိသော သာမန်အလုံးအကျိတ် (Benign) သည် ပို၍အဖြစ်များပြီး အသက်အန္တရာယ် မရှိတတ်ပေ။ ပျံ့နှံ့နိုင်သည့် အရိုးကင်ဆာ (Malignant) သည် စောစီးစွာသိရှိရန်လိုပြီး ကုသမှု အချိန်မီမရရှိပါက အသက်အန္တရာယ် ရှိနိုင်သည်။
အရိုးကင်ဆာ အမျိုးအစားနှင့် အဆင့်ပေါ် မူတည်ပြီး ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း စသည်တို့ဖြင့် ကုသနိုင်သည်။
အရိုးကင်ဆာ အမျိုးအစားများ
- အရိုးမှ စတင်ဖြစ်ပေါ်သော အရိုးကင်ဆာ (Primary Bone Cancer)
- အော်စတီရိုဆာကိုမား (Osteosarcoma)
အဖြစ်များဆုံး အရိုးကင်ဆာတစ်မျိုးဖြစ်ပြီး အရိုးစတင်ဖြစ်ပေါ်စေသည့် တစ်ရှူးများရှိရာနေရာတိုင်းတွင် ဖြစ်နိုင်သည်။ ဆယ်ကျော်သက်အရွယ်များတွင် အများဆုံးတွေ့ရပြီး လူရွယ်များနှင့် ကလေးများတွင်လည်း တွေ့နိုင်သည်။ - ခွန်ဒရိုဆာကိုမား (Chondrosarcoma)
အရိုးနုဖြစ်စေသည့် တစ်ရှူးများမှ အစပြုကာ ကင်ဆာရောဂါ ဖြစ်ပွါးခြင်းဖြစ်သည်။ လူကြီးများတွင် အတွေ့ရများသည်။ - ယူဝင်းဆာကိုမား (Ewing Sarcoma)
အရိုးနှင့် ထိဆက်နေသည့် တစ်ရှူးများတွင် တွေ့နိုင်သည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်များပြီး လူရွယ်များတွင်လည်း တွေ့နိုင်သည်။ - ကောဒိုမား (Chordoma)
ဦးခေါင်းခွံအရိုး အခြေပိုင်းနှင့် ကျောရိုးတစ်လျှောက် အရိုးများတွင် ဖြစ်ပွါးသည်။ - ဖိုင်ဘရိုဆာကိုမား (Fibrosarcoma)
အရိုးနှင့် ထိဆက်နေသည့် တစ်ရှူးများမှ အစပြုကာ ကင်ဆာရောဂါဖြစ်ပွါးသည်။ - ဂျိုင်းယဲ့ဆဲလ်ကျူမာ (Giant cell tumour)
ဂျိုင်းယဲ့ဆဲလ်ကျူမာသည် များသောအားဖြင့် ကင်ဆာရောဂါ မဟုတ်သော်လည်း ရှားရှားပါးပါး ကင်ဆာရောဂါသို့ ပြောင်းသွားနိုင်သည်။ - အခြားပြင်းထန်သော အရိုးကင်ဆာ (Undifferentiated pleomorphic sarcoma)
အရိုးနှင့် ထိဆက်တစ်ရှူးများတွင် ဖြစ်ပွါးသော ပိုမိုပြင်းထန်သည့် ကင်ဆာ (Undifferentiated pleomorphic sarcoma) အမျိုးအစားများလည်း ရှိသည်။
- အော်စတီရိုဆာကိုမား (Osteosarcoma)
- အခြားကိုယ်တွင်းအင်္ဂါကင်ဆာများမှ ပျံ့နှံ့လာသော အရိုးကင်ဆာ (Secondary Bone Cancer)
စနစ်တကျ ကုသမှုမခံယူပါက အဆုတ်၊ ရင်သားနှင့် ဆီးကျိတ် ကင်ဆာတို့သည် သွေးကြောများနှင့် ပြန်ရည်အကျိတ်များမှတစ်ဆင့် အရိုးသို့ ပျံ့နှံ့လေ့ရှိပြီး ကျောက်ကပ်နှင့် သိုင်းရွိုက်ကင်ဆာတို့သည်လည်း အရိုးသို့ ပျံ့နှံ့နိုင်သည်။ အခြားကိုယ်တွင်းအင်္ဂါကင်ဆာများမှ ပျံ့နှံ့လာသော အရိုးကင်ဆာအမျိုးအစားများသည် ကျောရိုး၊ နံရိုးများ၊ တင်ပါးဆုံရိုးကွင်း၊ လက်မောင်းရိုးနှင့် ပေါင်ရိုးတို့တွင် ဖြစ်ပွါးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရိုးကင်ဆာဖြစ်ပေါ်ရသော အကြောင်းရင်းကို အတိအကျမသိသော်လည်း ဆဲလ်ကြီးထွားမှုကို ထိန်းချုပ်နိုင်သည့် မျိုးဗီဇဆဲလ် (Cell DNA) များတွင် ပုံမှန်မဟုတ်သည့် ပြဿနာများကြောင့် ဖြစ်နိုင်သည်။ မျိုးဗီဇပြောင်းလဲမှုကြောင့် ကင်ဆာဆဲလ်များ ပိုမိုကြီးထွားများပြားလာသည်။ ထိုအခါ အလုံး၊ အကျိတ်များ ဖြစ်လာပြီး အနီးပတ်ဝန်းကျင်ရှိ ကျန်းမာသောဆဲလ်များ၊ တစ်ရှူးများကို ထိခိုက်ပျက်စီးစေသည်။ ကုသမှုမခံယူပါက ကင်ဆာဆဲလ်သည် ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိသွားနိုင်သည်။
အရိုးကင်ဆာဖြစ်နိုင်ခြေမြင့်မားသူများ
- ကင်ဆာကုသမှုခံယူထားသူများ
အထူးသဖြင့် ငယ်ရွယ်စဉ်တွင် ဓာတ်ရောင်ခြည်ကုထုံး (Radiotherapy) သို့မဟုတ် ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) ခံယူခဲ့သူများသည် နောက်ပိုင်းတွင် အခြားကိုယ်တွင်းအင်္ဂါကင်ဆာများမှ အရိုးတွင်းသို့ ပျံ့နှံ့သော အရိုးကင်ဆာ (Secondary bone cancer) ဖြစ်နိုင်ခြေပိုများသည်။ - မျိုးဗီဇအရ ဖြစ်နိုင်ခြေမြင့်မားခြင်း
- အရိုးရောဂါများ
Paget’s disease of the bone, Multiple Enchondromas (Ollier disease) နှင့် Fibrous dysplasia ကဲ့သို့သော ကြိုတင်ရှိနှင့်ပြီးသော အရိုးရောဂါများသည် အရိုးကင်ဆာအဖြစ် ပြောင်းလဲနိုင်ခြေပိုများသည်။ - အရိုးအလျင်အမြန်ကြီးထွားခြင်း
အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွင် အရိုးများ အလျင်အမြန် ကြီးထွားနေသူများသည် Osteosarcoma ကဲ့သို့သော အရိုးကင်ဆာများ ဖြစ်နိုင်ခြေပိုများသည်၊ ထိုကင်ဆာများသည် ကြီးထွားနေသော အရိုးများတွင် စတင်ဖြစ်ပွါးလေ့ရှိသောကြောင့် ဖြစ်သည်။
မှတ်ချက် – အချို့သော အန္တရာယ်အချက်များသည် အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သော်လည်း အရိုးကင်ဆာအများစုသည် အထက်ပါ ရောဂါဖြစ်ပွါးနိုင်သူအုပ်စုထဲ မပါဝင်ဘဲ ဖြစ်ပွါးလေ့ရှိပြီး ရောဂါဖြစ်ပွါးရသည့် တိကျသောအကြောင်းရင်းကိုလည်းမသိရှိရပါ။
ရောဂါလက္ခဏာများ
အရိုးကင်ဆာလက္ခဏာများသည် အစောပိုင်းတွင် သိသာထင်ရှားမှုမရှိသောကြောင့် ရောဂါရှာတွေ့ချိန် နောက်ကျတတ်သည်။
အရိုးကင်ဆာ၏ အဖြစ်များသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အရိုးနာကျင်ခြင်း – ကင်ဆာဖြစ်ပွါးသော အရိုးနေရာတွင် နာကျင်မှုကို ခံစားရပြီး နာကျင်မှုသည် တဖြည်းဖြည်း ပိုဆိုးလာကာ ညအချိန်တွင် ပိုမိုပြင်းထန်လေ့ရှိသည်။ ကလေးအရိုးများ ကြီးထွားစဉ် နာကျင်ခြင်း (Growing pain)၊ အားကစားလှုပ်ရှားမှုကြောင့် နာကျင်ခြင်း၊ အဆစ်ရောင်ရောဂါများကြောင့် နာကျင်ခြင်း၊ အရိုးကင်ဆာကြောင့် နာကျင်ခြင်းတို့ကို ခွဲခြားသိရှိနိုင်ရန်လည်းအရေးကြီးသည်။
- အလုံး၊ အကျိတ်တွေ့ရခြင်း – ကင်ဆာဖြစ်ပွါးသောနေရာတွင် အလုံးအကျိတ်များ စမ်းမိနိုင်သည်။
- အရိုး၊ အဆစ်များရောင်ရမ်းခြင်း – ရောဂါဖြစ်ပွါးသောနေရာတွင် ရောင်ရမ်းခြင်း သို့မဟုတ် နီမြန်းခြင်းများရှိနိုင်သည်။
- အဆစ်လှုပ်ရှားမှုခက်ခဲခြင်း – အဆစ်များလှုပ်ရှားရာတွင် နာကျင်ခြင်း သို့မဟုတ် လှုပ်ရှားမှု ကန့်သတ်ခံရခြင်းဖြစ်သည်။
- အရိုးကျိုးလွယ်ခြင်း – ကင်ဆာကြောင့်အရိုးများ အားနည်းလာကာ သာမန်ထိခိုက်မှုဖြင့်ပင် အရိုးကျိုးလွယ်သည်။
- ကိုယ်ခန္ဓာပင်ပန်းနုံးနယ်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ဖျားနာခြင်း
နောက်ဆက်တွဲ ပြဿနာများ
အရိုးကင်ဆာသည် မကုသဘဲထားပါက အရိုးများပျက်စီးခြင်း၊ အာရုံကြောများကိုဖိမိခြင်း၊ ကိုယ်တွင်းအင်္ဂါများသို့ပျံ့နှံ့ခြင်း (Metastasis) စသည့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
အရိုးကင်ဆာရောဂါဟု သံသယရှိပါက ဆောလျင်စွာ ရောဂါရှာဖွေ စစ်ဆေးကုသနိုင်ရန် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
လူနာ၏ရောဂါရာဇဝင်မေးမြန်းပြီး လူနာအား စမ်းသပ်စစ်ဆေးမှုများအရ ကင်ဆာရောဂါ၏အဆင့်ကို ခန့်မှန်းသိရှိနိုင်သည်။ ပိုမိုတိကျစွာ ရောဂါအခြေအနေကို သိရှိရန် အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်။
- ဓာတ်မှန်ရိုက်ခြင်း (X-ray)
ရောဂါဖြစ်ပွါးသော သံသယရှိသည့်နေရာကို ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် အရိုးကင်ဆာအမျိုးအစားကို သိရှိနိုင်သည်။ ပျံ့နှံ့နိုင်သည့်ကင်ဆာနှင့် ပျံ့နှံ့ခြင်းမရှိသည့်ကင်ဆာကို ခွဲခြားသိနိုင်သည်။ ကင်ဆာကြောင့် အရိုးပျက်စီး၍ကျိုးခြင်းကို တွေ့နိုင်သည်။ ရင်ဘတ်ဓာတ်မှန် (Chest X-ray) ရိုက်ခြင်းအားဖြင့် ရောဂါပျံ့နှံ့မှုကို သိရှိနိုင်သည်။ - သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
ကင်ဆာအကျိတ်၏ ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် အနီးတစ်ိဝုက်ရှိတစ်ရှူးများသို့ ပျံ့နှံ့မှုကို သိနိုင်သည်။ အရိုးနှင့် ထိဆက်တစ်ရှူးများဖြစ်သော အရွတ်ကြော၊ ကြွက်သား၊ အာရုံကြော၊ သွေးကြောများနှင့် ကင်ဆာအလုံး၊ အကျိတ် ဆက်စပ်မှုကို သိရှိနိုင်ခြင်းဖြင့် ခွဲစိတ်ကုသမှုတွင် အဆင်ပြေစေသည်။ - ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း( CT scan)
အရိုးကင်ဆာဖြစ်ပွါးမှုကို ထောင့်ပေါင်းစုံမှ မြင်တွေ့နိုင်သည်။ အရိုးပျက်စီးမှုနှင့် အရိုးသစ်ဖြစ်ပေါ်မှုတို့ကို ဆန်းစစ်နိုင်သည်။ ကျောရိုးနှင့် တင်ပါးဆုံရိုးကွင်းရှိ ကင်ဆာများကို ကွန်ပြူတာဓာတ်မှန်ဖြင့်သာ ထင်ရှားစွာတွေ့နိုင်သည်။ ရင်ဘတ်ကွန်ပြူတာဓာတ်မှန် (Chest CT) ရိုက်ခြင်းဖြင့် အဆုတ်သို့ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို စောစီးစွာသိနိုင်သည်။ - ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone Scan)
ကင်ဆာဆဲလ်များ အခြားနေရာများသို့ ပျံ့နှံ့မှုကို သိရှိနိုင်သည်။ - ပီအီးတီစကင်န် (PET scan)
ရေဒီယိုသတ္တုကြွဆေးအနည်းငယ်ကို သွေးကြောထဲသို့ သွင်းပြီး ကင်ဆာဆဲလ်များ၏ ဇီဝကမ္မအခြေအနေများကို ဆန်းစစ်ခြင်းဖြစ်သည်။ - အသားစယူစစ်ဆေးခြင်း (Biopsy)
ရောဂါရှာဖွေရာတွင် အတိအကျ အဖြေထွက်သော စစ်ဆေးမှုဖြစ်သည်။ ဖြစ်ပွါးသည့် အလုံး၊ အကျိတ်နေရာမှ အသားစယူ စစ်ဆေးခြင်းအားဖြင့် ကင်ဆာဖြစ်ပွါးမှု ရှိမရှိကို သိရှိနိုင်သည်။ အရိုးမှစတင်ဖြစ်ပေါ်သော ကင်ဆာနှင့် အခြားကိုယ်အင်္ဂါများမှ ပျံ့နှံ့လာသော ကင်ဆာကို ခွဲခြားနိုင်သည်။ ကင်ဆာရောဂါဆဲလ်၏ ပြင်းထန်မှုကို သိရှိခြင်းဖြင့် ကုသသည့်နည်းလမ်း ရွေးချယ်ရာတွင် အထောက်အကူပြုသည်။ - သွေးစစ်ဆေးခြင်း
ရောဂါအမည် တိကျစွာ အဖြေမထုတ်နိုင်သော်လည်း အချို့သွေးအဖြေများသည် အရိုးကင်ဆာဖြစ်ပွါးမှု၊ ပြင်းထန်မှုတို့ကို ညွှန်ပြသည်။ [ဥပမာ – Alkaline Phosphatase (ALP), Latate Dehydrogenase (LDH), Calcium level] - မျိုးဗီဇစမ်းသပ်ခြင်း (Genetic and Molecular Tests)
မျိုးဗီဇပြောင်းလဲမှုများ (ဥပမာ – EWSR1 in Ewing Sarcoma) ကို သိရှိနိုင်ပြီး ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy) ကို ဆောင်ရွက်နိုင်သည်။
ကုသခြင်း
ကင်ဆာဖြစ်နေသော အလုံးအကျိတ်ကို ဖယ်ရှားပြီး လှုပ်ရှားသွားလာမှု လုပ်ငန်းဆောင်တာများ အကောင်းဆုံးရရှိရန် ရည်ရွယ်ကုသသည်။
ခွဲစိတ်ကုသခြင်း
အရိုးကင်ဆာအလုံး၊ အကျိတ်နှင့် ကပ်နေသည့် ပုံမှန်တစ်ရှူးအနည်းငယ်ကိုပါ ခွဲစိတ်ဖယ်ထုတ်ခြင်းဖြင့် ပျောက်ကင်းနိုင်ခြေပိုများပြီး ရောဂါပြန်လည်ဖြစ်ပွါးနှုန်းကို လျှော့ချနိုင်သည်။ ဖယ်ထုတ်လိုက်သည့် အလုံး၊ အကျိတ်နေရာကို အရိုးအစားထိုးခြင်း၊ အဆစ်အစားထိုးခြင်းတို့ ပြုလုပ်နိုင်ပြီး ခြေ၊ လက်တို့ကို မဖြတ်တောက်ရဘဲ (Limb salvage procedure) လှုပ်ရှားသွားလာနိုင်သည်။ အခြားအင်္ဂါများသို့ ပျံ့နှံ့မှုမရှိသော မူလပထမအရိုးကင်ဆာများတွင် ကုသမှုပေးသည့် နည်းလမ်းဖြစ်သည်။
အရိုးကင်ဆာအလုံး၊ အကျိတ်သည် အာရုံကြောများနှင့် သွေးကြောများအတွင်း ထိုးဖောက်ဝင်ရောက်ကာ ဖယ်ထုတ်၍မရအောင် ရစ်ပတ်ရှုပ်ထွေးနေပါက ခြေ၊ လက်တို့ကို လိုအပ်သလို ခွဲစိတ်ဖြတ်တောက် ကုသရခြင်းမျိုး ရှိနိုင်သည်။ ခွဲစိတ်ပြီးနောက် ခြေတု၊ လက်တုတပ်ဆင်၍ လှုပ်ရှားသွားလာမှု ပြုနိုင်သည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)
ခွဲစိတ်မကုသမီ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာအလုံး၊ အကျိတ်များ ကျုံ့သွားစေရန်နှင့် ခွဲစိတ်မှုအပြီး ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖျက်ဆီးစေရန် ကုသမှုပေးလေ့ရှိသည်။ အချို့ကင်ဆာအမျိုးအစားများတွင် ခွဲစိတ်ကုသမှုအစား ဓာတ်ရောင်ခြည်ဖြင့်ကုသသည်။
ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
အစွမ်းထက်သော ကင်ဆာဆေးများကို ခွဲစိတ်ကုသမှုမပြုလုပ်ခင် ကင်ဆာအလုံးအကျိတ်များ သေးကျုံ့သွားစေရန်နှင့် ခွဲစိတ်မှုအပြီး လက်ကျန်ကင်ဆာဆဲလ်များ သေဆုံးသွားစေရန် အသုံးပြုသည်။
ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
ကင်ဆာအလုံး၊ အကျိတ်ဖြစ်စေသော သီးသန့်မော်လီကျုးများကို ပိတ်ဆို့ဟန့်တားသည့်ဆေးများ (ဥပမာ – Imatinib, Denosumab) သည် အချို့အရိုးကင်ဆာများအတွက် ထိရောက်မှုရှိသည်။
အခြားဆေးဝါးများဖြင့် ကုသခြင်း
ကိုယ်ခန္ဓာအခြားအင်္ဂါများရှိ ကင်ဆာများမှ ပျံ့နှံ့လာသော အရိုးကင်ဆာ (Bone metastases)တွင် အရိုးအားဆေး (Bisphonates, Denosumab) များကို အသုံးပြုနိုင်သည်။ နာကျင်မှုဝေဒနာများ သက်သာစေရန် အကိုက်အခဲပျောက်ဆေးများနှင့် အခြားနည်းလမ်းများကို အသုံးပြုနိုင်သည်။ အရည်အသွေးပြည့်ဝသော လူနေမှုဘဝရရှိရန် ခံစားရသော ရောဂါလက္ခဏာအလိုက် သင့်တော်သောကုသမှုများ ပေးနိုင်သည်။
ကာကွယ်ခြင်း
အရိုးကင်ဆာရောဂါကို အပြည့်အဝကာကွယ်နိုင်သည့် နည်းလမ်းမရှိသော်လည်း အောက်ပါနည်းလမ်းများဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
- ဓာတ်ရောင်ခြည်များနှင့် အလွန်အကျွံထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ရှားပါ။ အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ဓာတ်မှန်ရိုက်ခြင်းများတွင် လိုအပ်မှသာ ပြုလုပ်ပါ။
- အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့မှုကို ကာကွယ်ပါ။ ဓာတုပစ္စည်းများနှင့် အလုပ်လုပ်ရပါက အကာအကွယ်ပစ္စည်းများ (ဥပမာ _ လက်အိတ်၊ မျက်မှန်၊ မျက်နှာဖုံး) ကို သုံးပါ။
- မိသားစုတွင် အရိုးကင်ဆာဖြစ်ဖူးသူရှိပါက ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ကာ စစ်ဆေးမှုများ ပြုလုပ်ပါ။
- အရိုးသန်မာစေရန် အာဟာရပြည့်ဝအောင် ဂရုစိုက်ပါ။ ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ ကြွယ်ဝသော အစားအစာများ (ဥပမာ _ နို့၊ ဒိန်ချဉ်၊ ငါး၊ ဥများ) ကို စားသုံးပါ။ လိုအပ်ပါက အားဆေးများ ဖြည့်စွက်သောက်သုံးပါ။
- ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ အရိုးများကို သန်မာစေသော လေ့ကျင့်ခန်းများ (ဥပမာ _ လမ်းလျှောက်ခြင်း၊ ကိုယ်ကာယကစားခြင်း) ကို ပုံမှန်ပြုလုပ်ပါ။
- ဆေးလိပ်သောက်ခြင်းနှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
- ပုံမှန်ဆေးစစ်ဆေးမှုများ ပြုလုပ်ပါ။ ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်းဖြင့် အရိုးကင်ဆာကို အစောပိုင်းအဆင့်မှာ သိရှိနိုင်ပြီး ကုသမှုကို ထိရောက်စွာ ခံယူနိုင်ပါသည်။
ဤနည်းလမ်းများကို လိုက်နာခြင်းဖြင့် အရိုးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး ကျန်းမာရေးကို ကောင်းစွာထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
Cancer
Cancer treatment
References:
- Bone cancer. (2024). Cleveland Clinic. Retrieved February 5, 2025, from https://my.clevelandclinic.org/health/diseases/17745-bone-cancer
- Bone cancer – Symptoms and causes. (n.d.). Mayo Clinic. Retrieved February 5, 2025, from https://www.mayoclinic.org/diseases-conditions/bone-cancer/symptoms-causes/syc-20350217
Published: 20 February 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.