Viral Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

Viral Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်ပိုး (Hepatitis A virus) ကူးစက်ခံရခြင်းကြောင့် အသည်းရောင်ရမ်းခြင်းနှင့် အသည်းလုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ရောဂါဖြစ်သည်။ HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ မစင်နှင့်ထိတွေ့ထားသော မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များ စားသုံးမိခြင်း သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းတို့ကြောင့် ကူးစက်နိုင်သည်။ ရောဂါပိုးကူးစက်ခံရသူအများစုသည် အလိုအလျောက် ပြန်လည်သက်သာကောင်းမွန်လာပြီး ရာသက်ပန်ကိုယ်ခံစွမ်းအားကို ရရှိစေနိုင်သည်။ သို့သော် လူအနည်းစုတွင် ပြင်းထန်ဆိုးရွားသော အသည်းရောင်ခြင်းမှတစ်ဆင့် အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ရေသန့်ရှင်းမှုရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။

Viral Hepatitis A image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏မစင်နှင့် ထိတွေ့ထားသော အစားအသောက်များကို စားသုံးမိခြင်းဖြင့် ပါးစပ်မှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်‌ရောက်ကူးစက်ခြင်း (fecal oral transmission) ဖြစ်သည်။ ထို့ပြင် ရောဂါပိုးရှိသူနှင့် နီးကပ်စွာထိတွေ့မှု ရှိခြင်းကြောင့်လည်း ကူးစက်နိုင်သည်။ သို့သော် နှာချေခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ လေထဲရှိ အမှုန်အမွှားများမှတစ်ဆင့် မကူးစက်နိုင်ပါ။ HAV ဗိုင်းရပ်စ်ပိုးသည် သွေးကြောများမှတစ်ဆင့် အသည်းဆဲလ်များသို့ ရောက်ရှိကာ အသည်းရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသည်။

ကူးစက်နိုင်သော နည်းလမ်းများမှာ_

  • ရောဂါပိုးရှိသူ၏ မစင်နှင့်ထိတွေ့ထားသော အစားအသောက်များ စားသောက်မိခြင်း (အညစ်အကြေးစွန့်ပြီးနောက် လက်ကိုစင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ် ပြင်ဆင်ခြင်း၊ စားသောက်ခြင်းတို့မှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်)
  • မသန့်ရှင်းသော သောက်သုံးရေများကို သောက်သုံးခြင်း
  • ညစ်ညမ်းသော စွန့်ပစ်ရေဆိုးများအတွင်းမှ ဖမ်းယူထားသည့် ငါးနှင့် ရေထွက်ပစ္စည်းများ၊ ပင်လယ်စာများကို ကောင်းစွာချက်ပြုတ် ဆေးကြောခြင်းမပြုဘဲ အစိမ်းစားခြင်း
  • ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (အထူးသဖြင့် စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်သူများ)
  • ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် ပါးစပ်ကိုလက်ဖြင့် ထိမိခြင်း (ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်)

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူသည် ရောဂါလက္ခဏာမပြမီ (၂) ပတ်မှ ရောဂါလက္ခဏာများပေါ်ပြီးနောက် (၁)ပတ်ကြာသည်အထိ အခြားသောသူများသို့ ‌ရောဂါပိုးကူးစက်နိုင်သည်။

အသည်း‌ရောင်အသားဝါ အေ ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ_

  • ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်းအတူနေသူများ
  • ‌ရောဂါပိုးရှိသူကို အနီးကပ်ပြုစုစောင့်ရှောက်နေရသူများ
  • လူဦး‌ရေထူထပ်များပြားသော နေရာဒေသတွင် နေထိုင်သူများ
  • အိမ်ယာမဲ့နေထိုင်သူများ
  • အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
  • အညစ်အကြေးစွန့်ပစ်သည့်စနစ် အလုံအလောက် သန့်ရှင်းမှုမရှိသော၊ သန့်စင်ဆေးကြောရမည့် ရေအလွယ်တကူ မရရှိနိုင်သော နေရာဒေသများတွင် နေထိုင်လုပ်ကိုင်ကြသူများ
  • လိင်တူဆက်ဆံသူများ
  • အသည်းရောင်အသားဝါ အေ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားသူများ၊ အလုပ်လုပ်သူများ
  • မူးယစ်ဆေးဝါး အသုံးပြုသူများ
  • ကျန်းမာရေးဝန်ထမ်းများ စသည်တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

HAV ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီးနောက် (၁၄) ရက်မှ (၂၈) ရက်အတွင်း ရောဂါလက္ခဏာပြလေ့ရှိသည်။ သို့သော် ရောဂါပိုးကူးစက်ခံရသူတိုင်း ရောဂါလက္ခဏာများ မဖြစ်ပေါ်ပါ။ အထူးသဖြင့် အသက် (၆) နှစ်အောက် ကလေးငယ်များတွင် ရောဂါလက္ခဏာ ပြလေ့မရှိပါ။ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ

  • ပုံမှန်မဟုတ်သော နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
  • ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း (အထူးသဖြင့် ဝမ်းဗိုက်ညာဖက်အပေါ်ပိုင်း)
  • ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း (ရွှံ့စေး‌ရောင် သို့မဟုတ် မီးခိုး‌ရောင်)
  • အစာစားချင်စိတ် မရှိခြင်း
  • ကိုယ်ပူခြင်း
  • ဆီးအရောင်ရင့်ရင့်သွားခြင်း
  • အဆစ်အမြစ်နာကျင်ခြင်း
  • အရေပြားဝါခြင်း၊ မျက်လုံးဝါခြင်း
  • အလွန်အမင်း ယားယံခြင်းတို့ဖြစ်ကြသည်။

ရောဂါလက္ခဏာများသည် သာမန်မျှသာဖြစ်လေ့ရှိပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားနိုင်သည်။ သို့သော် အချို့သူများ၌ တစ်ခါတစ်ရံတွင် လပေါင်းများစွာကြာသည့်တိုင်အောင် ရောဂါလက္ခဏာများကို ပြင်းထန်စွာခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အသည်း‌ရောင်အသားဝါ အေ‌‌ ရောဂါသည် အခြားအသည်းရောင်အသားဝါရောဂါများကဲ့သို့ နာတာရှည်အသည်းထိခိုက်ပျက်စီးခြင်း ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် အချို့သူများ (အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ နှင့် နာတာရှည်အသည်း‌ရောဂါရှိသူများ) တွင် လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း (Acute liver failure) ရှားရှားပါးပါး ဖြစ်ပေါ်တတ်သည်။ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ သွေးအန်ခြင်းစသည့် လက္ခဏာများတွေ့ရနိုင်သည်။ အနည်းစုတွင် အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အသည်းရောင်အသားဝါ‌ အေ ရောဂါလက္ခဏာများခံစားရလျှင် မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။ အသည်းရောင်ခြင်းလက္ခဏာများကို ကာလကြာရှည်စွာ ခံစားရလျှင် သို့မဟုတ် လတ်တလော အသည်းလုပ်ငန်းပျက်စီးသည့် လက္ခဏာများတွေ့ရလျှင် ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်သည်။ အချို့သောသူများတွင် အသည်းအစားထိုးကုသမှု ခံယူရန် လိုအပ်နိုင်သဖြင့် ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီပြသ၍ လိုအပ်သောကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

အသည်း‌ရောင်အသားဝါ အေ ရောဂါတွင် ခံစားရသော လက္ခဏာများသည် အခြားသော အသည်းရောင်အသားဝါရောဂါ အမျိုးအစားများနှင့် ဆင်တူသောကြောင့် ရောဂါကို အတိအကျသိရှိနိုင်ရန် သွေးထဲတွင် HAV ဗိုင်းရပ်စ်ပိုး ပဋိပစ္စည်း (HAV specific Ig M) ကိုစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ ထိုပဋိပစ္စည်းသည် ရောဂါလက္ခဏာစတင်ဖြစ်ပေါ်ပြီးနောက် (၅) ရက်မှ (၁၀) ရက်အတွင်း တွေ့ရှိရပြီး (၃) လမှ (၆) လအထိ သွေးထဲတွင်ရှိနေနိုင်သည်။ သွေးထဲ၌ ပဋိပစ္စည်းမဖြစ်ပေါ်ခင် ရောဂါလက္ခဏာမပြသေးသော အစောပိုင်းအချိန်တွင် ရောဂါရှာဖွေလိုပါက (RT-PCR) နည်းလမ်းဖြင့် သွေးထဲတွင် HAV ဗိုင်းရပ်စ်ပိုးကောင်ကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ ထို့ပြင် သွေးထဲတွင် အသည်းလုပ်ငန်းစွမ်းဆောင်ရည် စစ်ဆေးခြင်း (Liver function test) နှင့် လိုအပ်လျှင် ဝမ်းဗိုက်ကို အာထရာဆောင်းရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါသည် အများစုတွင် ကိုယ်ခန္ဓာမှ ဗိုင်းရပ်စ်ပိုးကို အလိုအလျောက် တိုက်ထုတ်နိုင်သဖြင့် အသည်းလုပ်ငန်းများသည် လအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာပြီး နာတာရှည်ထိခိုက်ပျက်စီးခြင်း မရှိပါ။ အသည်းရောင်အသားဝါ အေ ရောဂါအတွက် သီးသန့်ကုသမှု မရှိသော်လည်း ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  • လုံလောက်အောင် အနားယူခြင်း
    ကိုယ်ပူခြင်းနှင့် အရေပြားဝါခြင်း၊ မျက်လုံးဝါခြင်း သက်သာပျောက်ကင်းသည်အထိ အိမ်တွင် အပြည့်အဝ အနားယူရန်လိုအပ်သည်။
  • အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
    ပျို့အန်ခြင်းကြောင့် အစာစားရန် ခက်ခဲလျှင် တစ်ကြိမ်တည်း အစာများကို ပြည့်ဝအောင် စားခြင်း မပြုလုပ်ဘဲ တစ်နေ့တာလုံး အစာကို နည်းနည်းချင်းစီ အကြိမ်ရေခွဲ၍ စားပေးရန်လိုအပ်သည်။ လိုအပ်သည့် အာဟာရပြည့်ဝစေရန် ကယ်လိုရီများသော အစားအစာများကို ပိုမိုစားသုံးပေးရန် လိုသည်။
  • ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများသောက်ခြင်း
    ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန် တစ်နေ့တာလုံး အရည်ကို လုံလုံလောက်လောက် သောက်‌ပေးရန် လိုအပ်သည်။ အထူးသဖြင့် အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ဖြစ်ပေါ်ပါက အရည်ကို ပို၍ဖြည့်တင်းပေးရန် အ‌ရေးကြီးသည်။ ရေအပြင် သစ်သီးဖျော်ရည်၊ နွားနို့၊ စွပ်ပြုတ်ရည် တို့ကိုလည်း သောက်သုံးနိုင်သည်။
  • အရက်သောက်ခြင်းနှင့် မလိုအပ်သော ဆေးဝါးများသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
    အသည်းထိခိုက်ပျက်စီးစေနိုင်သော အရက်နှင့် ဆေးဝါးများသောက်ခြင်းကို ရှောင်ကြဥ်ရန် လိုအပ်သည်။ မည်သည့်ဆေးဝါးကိုမဆို ဆရာဝန်ညွှန်ကြားချက် မပါဘဲ သို့မဟုတ် မလိုအပ်ဘဲ မိမိသဘောအလျောက် သောက်သုံးခြင်း မပြုလုပ်ရန် အရေးကြီးသည်။

အထက်ဖော်ပြပါ နည်းလမ်းများကို မိသားစုဆရာဝန်များနှင့် တိုင်ပင်၍ နေအိမ်တွင်ပင်အနားယူပြီး ကုသမှု ခံယူနိုင်သည်။ ရောဂါပိုးဝင်‌ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း သက်သာလာသော်လည်း အပြည့်အဝ သက်သာပျောက်ကင်းနိုင်ရန် ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာလျှင် သို့မဟုတ် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းဖြစ်ပေါ်လာလျှင် ဆေးရုံတက်၍ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်သည်။

ကာကွယ်ခြင်း

အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်ရန် သန့်ရှင်းမှု ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့သည် အထိရောက်ဆုံးသော နည်းလမ်းများဖြစ်သည်။

  1. သန့်ရှင်းရေးပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း
    • တစ်ကိုယ်‌ရေ သန့်ရှင်းရေး
      အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် သန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်းကဲ့သို့ တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အကျင့်များ ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။
    • အစားအစာနှင့် ရေသန့်ရှင်းရေး
      အစားအစာများကို ကိုင်တွယ်ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းမှုရှိစေရန် အမြဲဦးစားပေး လုပ်ဆောင်ရမည်။ ပြင်ပမှ အစားအသောက်များ စားသောက်ခြင်းကို ရှောင်ကြဥ်ပါ။ သန့်စင်အောင် ပြုလုပ်ထားသော သို့မဟုတ် သန့်ရှင်းသောရေများကိုသာ သောက်သုံးရန် လိုအပ်သည်။
    • ပတ်ဝန်းကျင်သန့်ရှင်းရေး
      လူနေမှုပတ်ဝန်းကျင်တွင် ရေဆိုးစွန့်ပစ်မှုမရှိစေရန် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းတို့ဖြင့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းပါ။
  2. ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း
    ရောဂါပိုး ကူးစက်နိုင်ခြေပိုများသော ပါးစပ်နှင့် စအိုလမ်းကြောင်းဖြင့် လိင်ဆက်ဆံခြင်းနည်းလမ်းများကို ရှောင်ကြဥ်ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရစေရန် လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။
  3. ကာကွယ်ဆေးထိုးခြင်း

    ကြိုတင်ကာကွယ်ဆေးထိုးခြင်း (pre-exposure prophylaxis)
    ရောဂါနှင့် ထိတွေ့မှုမရှိခင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။ ကြိုတင်ကာကွယ်ဆေးထိုးထားသင့်သောသူများမှာ
    • အသက် (၁) နှစ်မှ (၂) နှစ်အတွင်း ကလေးငယ်များအားလုံး
    • ယခင်က ကာကွယ်ဆေးမထိုးဖူးသော အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်းရှိ ကလေးများနှင့် လူငယ်များ
    • အသည်းရောင်အသားဝါ အေ ရောဂါဖြစ်နိုင်ခြေများသူများ
    • အသည်းရောင်အသားဝါ အေ ရောဂါပြင်းထန်နိုင်ခြေများသူများ (ဥပမာ – သက်ကြီးရွယ်အိုများ၊ နာတာရှည် အသည်း‌ရောဂါ ရှိသူများ၊ ကိုယ်ခံအားနည်းသူများ)
    • မကြာခဏ ခရီးသွားလာနေရသူများ ဖြစ်ကြသည်။

      ကာကွယ်ဆေးထိုးပြီးနောက် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်မည့်အချိန်ကာလကို အတိအကျမသိရှိသော်လည်း ကာကွယ်ဆေးထိုးပြီးလျှင် အနည်းဆုံး အနှစ် (၂၀) ခန့် အာနိသင်ရှိနိုင်သည်ဟု ရောဂါထိန်းချုပ်‌ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) မှ ထုတ်ပြန်ထားသည်။

      ရောဂါပိုးနှင့် ထိတွေ့မှုရှိပြီးနောက် ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)
      အသက် (၁) နှစ်နှင့် အထက်ရှိသူများတွင် ယခင်က အသည်းရောင်အသားဝါ အေ ရောဂါကာကွယ်ဆေး မထိုးထားပါက ရောဂါပိုးရှိသူနှင့် လတ်တလောထိတွေ့မှု ရှိပြီးနောက် (၂)ပတ်အတွင်း အသည်းရောင်အသားဝါ အေ ရောဂါ ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် ကာကွယ်ဆေးနှင့်အတူ ပဋိပစ္စည်း (အင်မြူနိုဂလိုဗျူလင်)ကို ပူးတွဲ၍ ထိုးပေးခြင်းကို တတ်နိုင်သမျှ အစောဆုံး ထိုးပေးရန်လိုအပ်သည်။ အသက် ‌(၁) နှစ်အောက် ကလေးများအတွက် အသည်းရောင်အသားဝါ အေ‌ ရောဂါ ကာကွယ်ဆေးထိုးရန် ခွင့်ပြုထားခြင်း မရှိသောကြောင့် မထိုးသင့်ပါ။
  4. အခြားသူများသို့ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း
    အသည်းရောင်အသားဝါ အေ‌ ရောဂါပိုးကူးစက်ခံရလျှင် ရောဂါလက္ခဏာများပေါ်ပြီးနောက် (၁)ပတ်ကြာသည်အထိ အခြားသောသူများသို့ ‌ရောဂါပိုးကူးစက်နိုင်သဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ရန် ထိုကာလတွင် အောက်ပါနည်းလမ်းများကို လိုက်နာရန်လိုအပ်သည်။
    • အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုလုပ်ရန်
    • အိမ်ရှိ အသုံးအဆောင်ပစ္စည်းများကို ပိုးသတ်ဆေးရည်များဖြင့် သန့်ရှင်းရေးပြုလုပ်ရန်
    • လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ရန်တို့ ဖြစ်ကြသည်။

References:

  1. World Health Organization: WHO. (2025). Hepatitis A. Retrieved February 23, 2025, from https://www.who.int/news-room/fact-sheets/detail/hepatitis-a
  2. Hepatitis A. (2024, January 25). Hepatitis A. Retrieved February 23, 2025, from https://www.cdc.gov/hepatitis-a/index.html
  3. Hepatitis A – Symptoms and causes. (n.d.-b). Mayo Clinic. Retrieved February 23, 2025, from https://www.mayoclinic.org/diseases-conditions/hepatitis-a/symptoms-causes/syc-20367007
  4. Hepatitis A. (2025, January 3). Cleveland Clinic. Retrieved February 23, 2025, from https://my.clevelandclinic.org/health/diseases/21198-hepatitis-a
  5. Kahn, A. (2023, May 29). Hepatitis A: symptoms, causes, and treatments. Healthline. Retrieved February 23, 2025, from https://www.healthline.com/health/hepatitis-a

Published Date: 27 February 2025

Share

27 February 2025
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.