Acute Limb Ischemia (ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း)

Acute Limb Ischemia (ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း)

သွေးလွှတ်ကြော (Artery) ရုတ်တရက်ပိတ်ဆို့ခြင်းကြောင့် အဆိုပါသွေးလွှတ်ကြောမှ ပံပိုးပေးနေသော တစ်ရှူးကလပ်စည်းများ (ဥပမာ _ ခြေ၊ လက်အာရုံကြောများ၊ ‌ကြွက်သားများ) ထံသို့ အောက်ဆီဂျင်ပြည့်ဝသော သွေးများ မရောက်တော့ဘဲ အလျင်အမြန်ထိခိုက်ပျက်စီးကာ ခြေ၊ လက် ပုပ်သိုးဆွေးမြေ့သွားတတ်သည်။

ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းသည် ‌ခြေထောက်နှင့် လက်နှစ်ခုလုံးတွင် ဖြစ်ပွားနိုင်ပြီး များသောအားဖြင့် ‌ခြေထောက်တွင် အဖြစ်များသည်။ အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး နီးစပ်ရာကျန်းမာရေးဝန်ထမ်းများနှင့် အမြန်ဆုံး စစ်ဆေးကုသမှုခံယူသင့်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း၏ အဓိကအကြောင်းရင်းများမှာ –

  • သွေးလွှတ်ကြောအတွင်း သွေးခဲခြင်း (Thrombosis)
  • နှလုံးနှင့်သွေးလွှတ်ကြောကြီးများ၏ အတွင်းဘက်နံရံတို့မှ သွေးခဲများ‌ ပြုတ်ထွက်ပိတ်ဆို့ခြင်း (Embolism) တို့ကြောင့် ဖြစ်သည်။

သွေးလွှတ်ကြောအတွင်း သွေးခဲခြင်း(Thrombosis)

သွေးလွှတ်ကြောအတွင်း သွေးခဲခြင်းဖြစ်စေသော အကြောင်းရင်းများမှာ –

  • သွေးကြောနံရံများတွင် အဆီများစုလာပြီး တဖြည်းဖြည်းမာကျော၍ ကွဲအက်လာသောနေရာတွင် သွေးခဲဖြစ်ပေါ်လာခြင်း (Atherosclerotic plaque rupture with superimposed thrombus)
  • သွေးလွှတ်ကြောဖောင်းနေသောနေရာတွင် သွေးခဲများဖြစ်ပေါ်လာခြင်း (Aneurysm with mural thrombus)
  • ခြေ၊ လက်သွေးလွှတ်ကြောများတွင် ယခင်ကထည့်သွင်းကုသထားသော သွေးကြောထောက်ကိရိယာ အတွင်း သွေးခဲများစုလာခြင်း (Stent or stent graft thrombosis)
  • ခြေ၊ လက်သွေးလွှတ်ကြောများ တိုက်ရိုက်ထိခိုက်ဒဏ်ရာရခြင်း (ဥပမာ _ ချွန်ထက်သောအရာဖြင့် ထိုးသွင်းဒဏ်ရာရပြီး သွေးကြောဒဏ်ရာရခြင်း)
  • သွေးခဲလွယ်သော အခြေအနေများ (Hypercoagulable states) – ဥပမာ – မျိုးရိုးလိုက်သော Thrombophilia ရောဂါ (Factor V Leiden mutation၊ Prothrombin gene mutation)၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါတချို့ (Nephrotic syndrome) တို့ကြောင့် သွေးခဲလွယ်ခြင်း
  • သွေးကြောရောင်ရမ်းခြင်း (Vasculitis) – Takayasu arteritis, Giant cell arteritis နှင့် Polyarteritis nodosa ကဲ့သို့ သွေးကြောရောင်ရမ်းသောရောဂါများကြောင့် သွေးကြောနံရံများ ပျက်စီးပြီး သွေးခဲခြင်း
  • ကုသမှုဆိုင်ရာ အကြောင်းရင်းများ (Iatrogenic causes) – သွေးလွှတ်ကြောထဲသို့ ပိုက်ထည့်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း (angiographic procedures) သို့မဟုတ် ခွဲစိတ်ကုသမှုများကြောင့် သွေးကြောနံရံ များ ထိခိုက်ပြီး သွေးခဲခြင်း
  • ဆေးလိပ်သောက်ခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာများ (Smoking and metabolic disorders) – ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါ နှင့် သွေးတွင်းအဆီများခြင်းတို့ကြောင့် သွေးကြောနံရံများ ပျက်စီး ပြီး သွေးခဲခြင်း
  • COVID-19 နှင့်ဆက်စပ်သော သွေးခဲခြင်း (COVID-19-associated coagulopathy) – COVID-19 ရောဂါပြင်းထန်စွာ ဖြစ်ပွားပါက သွေးခဲများဖြစ်လွယ်ခြင်းနှင့် သွေးကြောနံရံများ ပျက်စီးခြင်းတို့ကြောင့် သွေးလွှတ်ကြောအတွင်း သွေးခဲခြင်း
  • ဆေးဝါးများကြောင့် ဖြစ်သော အကြောင်းရင်းများ (Drugs and medications) – ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများ၊ ကင်ဆာဆေးသွင်းခြင်း နှင့် Heparin-induced thrombocytopenia (HIT) ကဲ့သို့သော ဆေးဝါးများကြောင့် သွေးလွှတ်ကြောအတွင်း သွေးခဲခြင်းတို့ဖြစ်သည်။
နှလုံးနှင့်သွေးလွှတ်ကြောကြီးများ၏ အတွင်းဘက်နံရံတို့မှ သွေးခဲများ‌ ပြုတ်ထွက်ပိတ်ဆို့ခြင်း (Embolism)

သွေးခဲပြုတ်ထွက်ခြင်း (Embolism) ဆိုသည်မှာ နှလုံး သို့မဟုတ် သွေးလွှတ်ကြောကြီးများ၏ အတွင်း နံရံမှ သွေးခဲများ ပြုတ်ထွက်ပြီး ခြေလက်ရှိ သွေးကြောငယ်များသို့ ရောက်ရှိကာ ပိတ်ဆို့ခြင်းဖြစ်သည်။

နှလုံးမှ သွေးခဲပြုတ်ထွက်ခြင်း (Cardiac Sources of Embolism)

  • နှလုံးသွေးကြောပိတ်ခြင်း (Acute myocardial infarction) – နှလုံးသွေးကြောပိတ်ပြီးနောက် နှလုံး၏ ဘယ်ဘက်သွေးလွှတ်ခန်း (Left ventricle) အတွင်းနံရံတွင်ကျန်ရစ်ခဲ့သော အမာရွတ် (Endocardial scar) ပေါ်၌ သွေးခဲများဖြစ်ပေါ်လာပြီး ပြုတ်ထွက်ကာ သွေးလွှတ်ကြောများကို ပိတ်ဆို့စေနိုင်သည်
  • နှလုံးအဆို့ရှင်အတု (Mechanical prosthetic heart valves) – နှလုံးအဆို့ရှင်အတုများတွင် သွေး စီးဆင်းမှု မညီညာခြင်း သို့မဟုတ် သွေးကျဲဆေးသုံးစွဲမှု မလုံလောက်ခြင်းတို့ကြောင့် သွေးခဲများ ဖြစ်ပေါ် လာပြီး ပြုတ်ထွက်ကာ သွေးလွှတ်ကြောပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သည်
  • နှလုံးခုန်မမှန်ခြင်း (Atrial fibrillation) – နှလုံးခုန်မမှန်ခြင်းကြောင့် နှလုံး၏ ဘယ်ဘက်သွေးဝင်ခန်း (Left atrium) အတွင်း သွေးစီးဆင်းမှုနှေးကွေးပြီး သွေးခဲများဖြစ်ပေါ်လာကာ ပြုတ်ထွက်ခြင်း ဖြစ်နိုင်သည်။

သွေးလွှတ်ကြောကြီးများမှ သွေးခဲပြုတ်ထွက်ခြင်း (Arterial Sources of Embolism)

  • သွေးလွှတ်ကြောကြီးများတွင် အဆီစုခြင်း (Atherosclerosis) – သွေးလွှတ်ကြောကြီးများ (ဥပမာ – သွေးလွှတ်ကြောမကြီး Aorta နှင့် ၎င်း၏ အခွဲများ) ၏ နံရံများတွင် အဆီများစုပုံလာပြီး တဖြည်းဖြည်း မာကျောလာကာ ကွဲအက်သွားသောနေရာတွင် သွေးခဲများဖြစ်ပေါ်လာပြီး ပြုတ်ထွက်နိုင်သည်
  • သွေးလွှတ်ကြောဖောင်းခြင်း (Aortic aneurysm) – သွေးလွှတ်ကြောကြီးများ (ဥပမာ – ရင်ဘတ်နှင့် ဝမ်းဗိုက်ရှိသွေးလွှတ်ကြောကြီးများ) ဖောင်းနေသောနေရာတွင် သွေးခဲများဖြစ်ပေါ်လာပြီး ပြုတ်ထွက်ကာ သွေးလွှတ်ကြောငယ်များကို ပိတ်ဆို့စေနိုင်သည်
  • နှလုံးတွင် ပုံမှန်မဟုတ်သော အပေါက်ပါသည့် လူနာများ (ဥပမာ – Patent foramen ovale) – ခြေ၊ လက်မှ သွေးခဲများသည် အဆုတ်ကို မဖြတ်သန်းဘဲ တိုက်ရိုက်သွေးလွှတ်ကြောများထဲသို့ ရောက်ရှိသွား ပြီး ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သည်။

အထက်ပါ အကြောင်းအရင်းများကြောင့် ခြေ၊ လက် သွေးလွှတ်ကြောရုတ်တရက်ပိတ်ခြင်းကို ပိုမို ဖြစ်ပွါးခံစားရနိုင်သူများမှာ –

  • နှလုံးခုန်နှုန်း မမှန်သောလူနာများ (Atrial fibrillation)
  • နှလုံးအဆို့ရှင်အတုတတ်ထားသူများ
  • ဆီးချို၊ သွေးချိုရောဂါရှိသူများ (Diabetes)
  • သွေးတွင်းအဆီဓာတ် (Cholesterol) များခြင်း
  • အ၀လွန်သူများ (Obesity)
  • ‌ခြေ၊ လက် သွေးလွှတ်ကြောကျဉ်းရောဂါ (Peripheral arterial disease) အခံရှိသူများ
  • နှလုံးသွေးကြောပိတ်ရောဂါ (Heart attack or Acute Myocardial Infarct) ကို ခံစားခဲ့ရသော လူနာများ
  • အသက်အရွယ်ကြီးရင့်သူများ – အသက် (၆၅) နှစ်နှင့်အထက်
  • သွေးပျစ်ခြင်းရောဂါအခံရှိသူများ (ဥပမာ – Polycythemia vera, Hypergammaglobulinemia)
  • မိသားစုအတွင်း သွေးလွှတ်ကြောရောဂါ ဖြစ်ပွားဖူးသော ရာဇ၀င်ရှိသူများ
  • ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်သူများ
  • လတ်တလော ခွဲစိတ်ကုသမှု (အထူးသဖြင့် သွေးကြောဆိုင်ရာ၊ အရိုးဆိုင်ရာ သို့မဟုတ် နှလုံးခွဲစိတ်မှု) ခံယူထားသူများ (Recent major surgery)
  • အီစထရိုဂျင်ကုထုံး သို့မဟုတ် ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများ (Estrogen therapy or hormonal contraceptive use) သုံးစွဲသူများ
  • ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူများ ဖြစ်သည်။
Acute Limb Ischemia image
ရောဂါလက္ခဏာများ

‌ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း၏ ရောဂါလက္ခဏာများမှာ

  • နာကျင်ခြင်း (Pain) – သွေးကြောပိတ်သော ခြေထောက် (သို့မဟုတ်) လက်တွင် ရုတ်တရက် မခံမရပ်နိုင်အောင် နာကျင်ခြင်းသည် ပထမဆုံးနှင့် အများဆုံးခံစားရသော လက္ခဏာဖြစ်သည်
  • ခြေ၊ လက် ဖြူဖျော့သွားခြင်း (Pallor)
  • သွေးခုန်နှုန်း အားနည်းသွားခြင်း (သို့မဟုတ်) လုံးဝစမ်းမရခြင်း (Pulse deficit)
  • ခြေ၊ လက် ထုံကျဥ်၍ အပ်နှင့်ထိုးသကဲ့သို့ စူးခြင်း (Paresthesia)
  • ခြေ၊ လက် ထိန်းချုပ်လှုပ်ရှားမရတော့ခြင်း (Paralysis)
  • ခြေ၊ လက်အရေပြားကို ထိကြည့်လျှင် အေးစက်နေခြင်း (Poikilothermia)

သွေးခဲများပြုတ်ထွက်ပိတ်ဆို့ခြင်း (Embolism) ကြောင့် ခြေ၊ လက်သွေးကြောပိတ်ပါက ရောဂါ လက္ခဏာများကို ရုတ်တရက်ခံစားရပြီး ပိုမိုပြင်းထန်သည်။

‌ခြေ၊ လက်သွေးကြောကျဉ်းရောဂါ (Peripheral arterial disease) အခံရှိသူများနှင့် အချို့သောလူနာ များတွင် ရောဂါလက္ခဏာများမှာ ရုတ်တရက်မဖြစ်ပေါ်ဘဲ ရက်ပိုင်းအတွင်း တဖြည်းဖြည်းတိုး၍ ခံစားရသည် လည်း ရှိတတ်သည်။

နောက်ဆက်တွဲပြဿနာများ

ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ –

  • အာရုံကြောပျက်စီးခြင်း
    • သွေးလွှတ်ကြောပိတ်သည့် ကြာမြင့်ချိန်ပေါ် မူတည်၍ ခြေ၊ လက်အာရုံကြောများ တုံ့ဆိုင်းခြင်း (Nerve palsy) နှင့် အာရုံကြောသေ၍ ထိန်းချုပ်လှုပ်ရှားမရတော့ခြင်း (Paralysis)
  • ခြေ၊ လက်ကြွက်သားပုပ်သိုးခြင်း
    • ခြေ၊ လက်ကြွက်သားများ ပုပ်သိုးသွားပြီး ဖြတ်တောက်ခွဲစိတ်ရန် လိုအပ်ခြင်း (Amputation for limb gangrene due to irreversible ischemia)
  • ပိုးဝင်ခြင်းနှင့် သွေးဆိပ်တက်ခြင်း
    • ပုပ်သိုးသွားသော ခြေ၊ လက်တွင် ပိုးဝင်၍ သွေးဆိပ်တက်ကာ အသက်ဆုံးရှုံးနိုင်ခြင်း
  • သွေးပြန်လည်စီးဆင်းရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်သော ပြဿနာများ
    • ဆေးကုသမှုကြောင့်ဖြစ်စေ၊ သဘာဝအရဖြစ်စေ ခြေ၊ လက်များသို့ သွေးပြန်လည်စီးဆင်း ရောက်ရှိပါကလည်း သွေးကြောပိတ်နေစဥ်က တစ်ရှူးကြွက်သားများတွင် စုပုံနေသော အက်စစ်များ (Lactic acid) နှင့် ပိုတက်စီယမ်ဓာတ်များသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ရုတ်တရက်အများအပြားဝင်ရောက်လာခြင်းကြောင့် အသက်ရှူမဝကာ မောပန်းခြင်း၊ နှလုံးရုတ်တရက်ရပ်ကာ အသက်သေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်
    • သွေးပြန်လည်ရောက်ရှိသော ကြွက်သားများနေရာ၌လည်း ရောင်ရမ်းတင်းကြပ်လာခြင်းကြောင့် ခြေ၊ လက် ကြွက်သားများ ပုပ်သိုးသွားတတ်သည် (ကြွက်သားတင်းကြပ်ခြင်း – Acute compartment syndrome)
    • သေဆုံးသွားသော ကြွက်သားများမှ မိုင်ယိုဂလိုဘင်ပရိုတင်း (Myoglobin) များသည် ကျောက်ကပ်ဆီးစွန့်ပြွန်များကို ပိတ်ဆို့ကာ ကျောက်ကပ်ပျက်ဆီးခြင်းလည်း ဖြစ်တတ်သည်။
  • ရောဂါထပ်မံဖြစ်ပွားနိုင်ခြင်း
    • ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းကို အောင်မြင်စွာကုသပြီး နောက်ပိုင်းတွင်လည်း ဖြစ်ပေါ်ရသည့် အရင်းခံအကြောင်းရင်းကို ထိရောက်စွာ မကုသနိုင်ပါက ခြေ၊ လက် သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းရောဂါ ထပ်မံဖြစ်ပွားတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းသည် ခြေ၊ လက်ဆုံးရှုံးကာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သောကြောင့် ဖော်ပြပါရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန် မီပြသကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း (Acute Limb Ischemia) ရောဂါဟု အတည်ပြုသတ်မှတ်ရန် အောက်ပါနည်းလမ်းများကို အသုံးပြုသည်။

ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်း

  • ရောဂါလက္ခဏာများ (ဥပမာ – နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ အရောင်ပြောင်းခြင်း) ကို စနစ်တကျ မေးမြန်းခြင်း

ခြေ၊ လက်သွေးလွှတ်ကြော သွေးခုန်နှုန်း (Pulses) စမ်းသပ်ခြင်း

  • ခြေ၊ လက်၏ အပူချိန် (Temperature)၊ သွေးကြောမျှင်သွေးပြန်နှုန်း (Capillary refill)၊ လှုပ်ရှားနိုင်မှု (Motor function)၊ အာရုံခံနိုင်မှု (Sensory function) တို့ကို စမ်းသပ်ခြင်း

သွေးစစ်ဆေးခြင်း

  • သွေးခဲခြင်းနှင့် ပတ်သက်သော သွေးစစ်ဆေးမှုများ (ဥပမာ – D-dimer, INR, PT, aPTT)
  • သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရော၊ ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးမှုများ

ဂျူးပလက်စ်အာထရာဆောင်း (Duplex Ultrasound Scan)

  • သွေးလွှတ်ကြောသွေးစီးနှုန်း၊ ပိတ်ဆို့သည့်နေရာ၊ သွေးလွှတ်ကြောအရွယ်အစား၊ နံရံအထူအပါးတို့ကို သိရှိနိုင်သည်။

သွေးကြောကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT Angiogram)

  • ပုံရိပ်ဖော်နည်းပညာဖြင့် သွေးလွှတ်ကြောတစ်လျှောက် ပိတ်ဆို့သည့်နေရာများ၊ သွေးခဲဖြစ်ပေါ်နေသော နေရာများ၊ အရံသွေးကြောအခြေအနေ (Collateral circulation) ကို သိရှိနိုင်ပြီး ခွဲစိတ်ကုသမှု နည်းလမ်းရွေးချယ်ရာတွင် အထောက်အကူဖြစ်စေသည်။

အသံလှိုင်းသုံးနှလုံးပုံရိပ်ဖော်စက်ဖြင့်စစ်ဆေးခြင်း (Echocardiogram)

  • နှလုံး၏ ဘယ်ဘက်သွေးလွှတ်ခန်း (Left ventricle) နှင့် သွေးဝင်ခန်း (Left atrium) အတွင်း သွေးခဲရှိခြင်းကို သိရှိနိုင်သည်။
  • နှလုံးမှ သွေးခဲပြုတ်ထွက်ခြင်း (Cardiac embolism) ကို ရှာဖွေရန် အသုံးပြုသည်။

သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI Angiogram)

  • သွေးလွှတ်ကြောပိတ်ဆို့မှုကို ပုံရိပ်ဖော်ရန် အသုံးပြုသည်
  • ထိုးဆေးမလိုအပ်ဘဲ သွေးကြောပုံရိပ်များကို ရရှိနိုင်သည်။

သွေးကြောဓာတ်မှန်ရိုက်ခြင်း (Digital Subtraction Angiography – DSA)

  • သွေးလွှတ်ကြောပိတ်ဆို့မှုကို တိကျစွာ ရှာဖွေရန် ရွေးချယ်သော နည်းလမ်းတစ်ခုဖြစ်သည်။
  • ခွဲစိတ်ကုသမှုနှင့် ဆေးသွင်းကုသမှုများအတွက် အထောက်အကူဖြစ်စေသည်။

ဤရောဂါရှာဖွေရေးနည်းလမ်းများဖြင့် ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း၊ ကုသမှုနှင့် နောက်ဆက် တွဲပြဿနာများကို ထိရောက်စွာ ရှာဖွေနိုင်ပြီး ကုသမှုကို အမြန်ဆုံးစတင်နိုင်ရန် အထောက်အကူပြုသည်။

ကုသခြင်း

ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းသည် အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ် ဖြစ်သည့်အတွက် ရောဂါအတည်ပြု စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်းတို့ကို အမြန်ဆုံးလုပ်ဆောင်ရသည်။

သွေးလွှတ်ကြောပိတ်ချိန် (၆) နာရီအထက်ကြာပါက အာရုံကြော၊ ကြွက်သားများပျက်စီးကာ ခြေ၊ လက်ပုပ်သွားပြီး အသက်အန္တရာယ်ရှိနိုင်သည်။

အရေးပေါ်ကုသခြင်း

  • သွေးကျဲဆေးထိုးခြင်း (Heparin infusion)
  • သွေးကြောဖွင့် ခွဲစိတ်ကုသခြင်း (Emergency revascularization)
  • ခြေ၊ လက် ခွဲစိတ်ဖြတ်တောက်ခြင်း (Amputation)
  • ခြေ၊ လက် ကြွက်သားများကို စုစည်းထားသော အမျှင်ပြား (Fascia) ကို ခွဲစိတ်ဖွင့်ပေးခြင်း (Fasciotomy for acute compartment syndrome)

သွေးကြောဖွင့်ခွဲစိတ်ကုသခြင်း (Emergency revascularization)

သွေးကြောခွဲစိတ်အထူးကုဆရာဝန်မှ သွေးကြောပိတ်ချိန်၊ ခြေ၊ လက် ပုပ်သိုးခြင်း ရှိမရှိ၊ လူနာ၏ ခံနိုင် ရည်ရှိမှုနှင့် ယှဉ်တွဲပါရောဂါများ၊ ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ် မူတည်၍ အောက်ပါ သွေးကြောဖွင့်ခွဲစိတ် ကုသခြင်းနည်းလမ်းများကို ရွေးချယ်သည်။

  • သွေးလွှတ်ကြောအတွင်း ပြွန်ငယ်ထည့်၍ သွေးခဲဖျော်ဆေးဖြင့် သွေးခဲဖျော်ခြင်း (Catheter-directed thrombolysis)
  • သွှေးလွှတ်ကြောနံရံ အဆီစု၍ မာကျောကွဲအက်ပြီး ကွဲအက်သွေးခဲသည့်နေရာအား ဖယ်ထုတ်ပြီး သွေးကြောအား ပြင်ဆင်ကုသခြင်း (Endarterectomy with or without angioplasty)
  • ပိတ်ဆို့နေသည့်သွေးခဲအား Fogarty catheter ခေါ် သွေးခဲဆွဲထုတ်သည့်ပိုက်ငယ်ဖြင့် ဆွဲထုတ်ခြင်း (Thrombectomy or Embolectomy)
  • ခြေ၊ လက်သွေးလွှတ်ကြောကျဉ်းရောဂါ (Peripheral arterial disease) အခံရှိသူများတွင် ပိတ်ဆို့ နေသည့်နေရာ၏ အထက်နှင့်အောက် သွေးလွှတ်ကြောကို ခြေထောက်သွေးပြန်ကြော (သို့မဟုတ်) သွေးကြောတု အသုံးပြုကာ ကျော်ဆက်ပေးခြင်း (Arterial bypass procedure)

ခြေ၊ လက်ခွဲစိတ်ဖြတ်တောက်ခြင်း (Amputation)

  • သွေးလွှတ်ကြောပိတ်ချိန် (၆) နာရီအထက်ကြာပါက အာရုံကြော၊ ကြွက်သားများပျက်စီးကာ ခြေ၊ လက် ပုပ်သွားသည့်လူနာများတွင် သွေးကြောဖွင့်ခွဲစိတ်ကုသခြင်း ပြုလုပ်ရန် မဖြစ်နိုင်တော့ပါ။
  • အဆိုပါလူနာများကို ပိုးဝင်ခြင်းနှင့် အသက်အန္တရာယ်ကို ကာကွယ်ရန် ခြေ၊ လက် ခွဲစိတ်ဖြတ်တောက် ကုသခြင်း လိုအပ်သည်။

ခြေ၊ လက် ကြွက်သားများကို ထုတ်ထားသော အမျှင်ပြား (Fascia) ကို ခွဲစိတ်ဖွင့်ပေးခြင်း (Fasciotomy for acute compartment syndrome)

သွေးပြန်ရောက်သောကြွက်သားများ ရောင်ရမ်းတင်းကြပ်လာခြင်း (Acute compartment syndrome) ကြောင့်လည်း ခြေ၊ လက်ကြွက်သားများ ပုပ်သိုးသွားတတ်သဖြင့် ခြေ၊ လက်ကြွက်သား များကို ထုတ်ထားသော အမျှင်ပြား (Fascia) ကို အမြန်ဆုံးခွဲစိတ်ဖွင့်ပေးရသည်။

ဆေးဝါးဖြင့်ကုသခြင်း (Medical Management)

သွေးကျဲဆေးထိုးခြင်း (Heparin injection) _ သွေးကြောဖွင့် ခွဲစိတ်ကုသခြင်း မပြုလုပ်မီ အရေးပေါ် ကုသခြင်းဖြစ်ပြီး ပိတ်ဆို့နေသည့် သွေးခဲ ပိုမိုမကြီးထွားလာစေရန် ရည်ရွယ်သည်။

  • သွေးကျဲဆေးပေးခြင်း (Antiplatelet) _ ‌ခြေ၊ လက်သွေးလွှတ်ကြောကျဉ်းရောဂါ (Peripheral arterial disease) ရှိသူများတွင် သွေးလွှတ်ကြော အခြားနေရာများတွင် သွေးခဲများထပ်မံမဖြစ်ပေါ်လာစေရန် ရည်ရွယ်သည်။
  • သွေးမခဲဆေးပေးခြင်း (Anticoagulation) _ နှလုံးအတွင်းနံရံ သွေးခဲဖြစ်ခြင်း၊ နှလုံးအဆို့ရှင် လဲလှယ်ထားသော လူနာများနှင့် ခြေ၊ လက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း တစ်ကြိမ်ထက်မက ဖြစ်ပွါးဖူးသောလူနာများ (Recurrent thrombosis/Embolism) တွင် သွေးခဲများ မဖြစ်ပေါ်လာစေရန် ရည်ရွယ်သည်။
  • သွေးတွင်း ကိုလက်စရော အဆီချဆေးပေးခြင်း (Statins)

ထို့နောက် ဖြစ်ပေါ်ရသည့် အကြောင်းရင်းများပေါ် မူတည်၍ သက်ဆိုင်ရာအထူးကုဆရာဝန်များ (ဥပမာ _ နှလုံး‌ရောဂါ အထူးကုဆရာဝန်၊ သွေးရောဂါ အထူးကုဆရာဝန်) ထံသို့ လွှဲအပ်ကုသခြင်းများ ဆက်လက်ဆောင်ရွက်သည်။

ကာကွယ်ခြင်း

ခြေ၊ လက် ရုတ်တရက် သွေးလွှတ်ကြောပိတ်ခြင်း (Acute Limb Ischemia) ရောဂါကို အောက်ပါ နည်းလမ်းများ လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေ (သို့မဟုတ်) ထပ်မံဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။

  1. ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
    • ဆေးလိပ်သောက်ခြင်းသည် သွေးကြောကျဉ်းခြင်းနှင့် သွေးခဲခြင်းကို ဖြစ်စေနိုင်သောကြောင့် လုံးဝရှောင်ကြဉ်ပါ
  2. သွေးတိုးရောဂါကို စနစ်တကျ ထိန်းချုပ်ပါ။
    • သွေးတိုးရောဂါရှိပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးမှန်မှန်သောက်ပြီး သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ
  3. သွေးတွင်း ကိုလက်စထရောဓာတ်ကို ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းပါ။
    • သွေးတွင်း ကိုလက်စထရောမြင့်မားခြင်းကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးပါ
  4. အဆီနှင့် အငန်ဓာတ် လျှော့ချစားသုံးပါ။
    • အဆီများသော၊ အငန်ဓာတ်များသော အစားအစာများကို လျှော့စားပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီး များ ပိုမိုစားသုံးပါ
  5. ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
    • မိမိနှင့်သင့်လျှော်သော ကိုယ်လက်လှုပ်ရှားမှုများ (ဥပမာ – လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း) ကို ပုံမှန်ပြုလုပ်ပါ
  6. ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။
    • ခြေ၊ လက် သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းကို ပိုမိုဖြစ်ပွားနိုင်ခြေရှိသူများအနေဖြင့် ပုံမှန်ကျန်းမာ ရေးစစ်ဆေးမှုများ ခံယူပါ

ရောဂါဖြစ်ပွားပြီးနောက် ကာကွယ်ခြင်း

ရောဂါဖြစ်ပွား၍ ကုသမှုခံယူပြီးပါက ထပ်မံဖြစ်ပွားနိုင်ခြေကို လျှော့ချရန် အောက်ပါအချက်များကို လိုက်နာပါ။

  1. ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများကို အတိအကျလိုက်နာသောက်သုံးပါ။
    • သွေးကျဲဆေး (သို့မဟုတ်) သွေးမခဲဆေးဖြင့် ကုသမှုခံယူနေပါက ညွှန်ကြားချက်များအတိုင်း ဆောင်ရန်၊ ရှောင်ရန်များကို အတိအကျလိုက်နာပါ
  2. ကျန်းမာရေးဝန်ထမ်းများ၏ အကြံပြုချက်များအတိုင်း မိမိနှင့်သင့်လျှော်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။
  3. ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံကို ထိန်းသိမ်းပါ။
    • ဆေးလိပ်ဖြတ်ခြင်း၊ အစားအသောက်ထိန်းခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းတို့ကို ပုံမှန်လုပ်ဆောင်ပါ
  4. ရောဂါထပ်မံဖြစ်ပွားခြင်းကို ကာကွယ်ရန် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ခံယူပါ။

ဤနည်းလမ်းများကို လိုက်နာခြင်းဖြင့် ခြေ၊ လက် သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်းရောဂါကို ကာကွယ်နိုင်ပြီး ရောဂါထပ်မံဖြစ်ပွားခြင်းမှလည်း ကင်းဝေးစေနိုင်သည်။

References:

  1. Acute arterial occlusion. (2024). Cleveland Clinic. Retrieved Feb 10, 2025, from https://my.clevelandclinic.org/health/diseases/23491-acute-arterial-occlusion
  2. Cronenwett, J. L., & Johnston, K. W. (2014). Rutherford’s vascular surgery.

Published Date: 28 February 2025

Share

28 February 2025
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.