Childhood Stroke (ကလေးများ၌ လေဖြတ်ခြင်း)

Childhood Stroke (ကလေးများ၌ လေဖြတ်ခြင်း)

ကလေးများ၌ လေဖြတ်ခြင်းသည် ဦးနှောက်၏ အချို့သောနေရာ အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု လျော့နည်းသွားခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်းကြောင့် ဖြစ်သည်။ သွေးစီးဆင်းမှုပြတ်တောက်ခြင်းတွင် သွေးခဲဖြင့်ပိတ်ခြင်းအပြင် သွေးကြောပေါက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းသွားပြီး သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း အလုပ်မလုပ်နိုင်ခြင်းကို လေဖြတ်ခြင်းဟုခေါ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လေဖြတ်ခြင်းသည် အသက်အရွယ်မ‌ရွေး ဖြစ်ပွါးတတ်သော်လည်း ကလေးများတွင် အတွေ့ရနည်းသည်။ ကလေးများတွင် လေဖြတ်ခြင်းဖြစ်စေနိုင်သည့် အခြေခံအကြောင်းရင်း (၂) မျိုးရှိသည်။ ၎င်းတို့မှာ

  1. ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း
  2. ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း တို့ဖြစ်သည်။

ကလေးများတွင် ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischemic Stroke) ဖြစ်စေသော အကြောင်းရင်းများမှာ _

  1. နှလုံးရောဂါများ
    • မွေးရာပါနှလုံးရောဂါ (ဥပမာ – Tetralogy of Fallot ကဲ့သို့ နှလုံးတွင်း အောက်ဆီဂျင်နည်းသော ရောဂါများ)
    • နှလုံးခုန်နှုန်းမမှန်ခြင်း (ဥပမာ – Atrial fibrillation)
    • နှလုံးခွဲစိတ်ကုသမှုပြုလုပ်ထားခြင်း
  2. သွေးရောဂါများ
    • ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ
    • သွေးခဲခြင်းဆိုင်ရာ ရောဂါများ (ဥပမာ – Protein C/S ချို့တဲ့ခြင်း၊ Antithrombin III ချို့တဲ့ခြင်း၊ Factor V Leiden mutation)
    • သွေးနီဥများပြားခြင်း (Polycythemia)
  3. ပိုးဝင်ခြင်းများ
    • ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)
    • ဦးနှောက်ရောင်ခြင်း (Encephalitis)
    • ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
    • ရေကျောက်ရောဂါ (Varicella)
  4. သွေးကြောဆိုင်ရာ ပြဿနာများ
    • သွေးကြောအတွင်းနံရံများစုတ်ပြဲခြင်း (Arterial dissection) (ဥပမာ _ ထိခိုက်ဒဏ်ရာရခြင်း၊ Marfan syndrome၊ Ehlers-Danlos syndrome)
    • မိုရာမိုရာသွေးကြောကျဉ်းရောဂါ (Moyamoya disease)
    • ဦးနှောက်သွေးကြောရောင်ရမ်းခြင်း (Cerebral vasculitis) (ဥပမာ _ ကာဝါဆာကီရောဂါ၊ Primary CNS vasculitis)
  5. ဇီဝကမ္မနှင့် မျိုးဗီဇဆိုင်ရာ ရောဂါများ
    • Mitochondrial ရောဂါများ
    • Homocystinuria ရောဂါ
    • Fabry ရောဂါ
  6. မွေးကင်းစနှင့် ကလေးငယ်များတွင် ဖြစ်ပေါ်သော အခြေအနေများ
    • မွေးဖွားစဉ် အောက်ဆီဂျင်ချို့တဲ့ခြင်း (Birth asphyxia)
    • မွေးကင်းစ လေဖြတ်ခြင်း (ဥပမာ _ သန္ဓေသားအာဟာရချို့တဲ့ခြင်း၊ သွေးခဲခြင်းဆိုင်ရာ ရောဂါများ၊ မွေးရာပါနှလုံးရောဂါ)
    • မိခင်ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia and Eclampsia)
  7. ကိုယ်ခံအားလွန်ကဲတုံ့ပြန်မှုဆိုင်ရာ ရောဂါများ
    • Systemic lupus erythematosus (SLE)
    • Antiphospholipid syndrome
  8. ဆေးဝါးနှင့် မူးယစ်ဆေးသုံးစွဲခြင်း
    • ကိုကင်း (သို့မဟုတ်) Amphetamines သုံးစွဲခြင်း (ကလေးများတွင် ရှားသော်လည်း ဆယ်ကျော်သက်များတွင် ဖြစ်နိုင်သည်)
  9. ကင်ဆာဆေးသွင်းခြင်း (သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးများ
  10. ဦးနှောက်အကျိတ်များ
    • ဦးနှောက်အကျိတ်များက သွေးကြောများကို ဖိမိခြင်း သို့မဟုတ် သွေးခဲခြင်းကို ဖြစ်စေနိုင်သည်။ ဤအကြောင်းရင်းများသည် ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်ပြီး၊ ကလေးများတွင် လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

ဦးနှောက်သွေးကြောများပေါက်ခြင်းကြောင့် လေဖြတ်ခြင်းဖြစ်ပေါ် စေသောအကြောင်းရင်းများမှာ _

  1. သွေးကြောဖောင်းခြင်း (Aneurysm)
  2. သွေးလွှတ်ကြော၊ သွေးပြန်ကြောတည်ဆောက်ပုံမမှန်ခြင်း (Arteriovenous malformation)
  3. သွေးကြောထုံးများဖြစ်ခြင်း (Cavernoma)
  4. ဦးခေါင်းနှင့် ဦးနှောက်ထိခိုက်မိခြင်း
  5. သွေးမတိတ်သောရောဂါရှိခြင်း (ဥပမာ – Haemophilia, Von Willebrand, ဗီတာမင် ကေ ချို့တဲ့ခြင်း)
  6. သွေးတိုးရောဂါရှိခြင်း
  7. ဦးနှောက်အကျိတ်ပေါက်ထွက်ခြင်း (Tumour rupture)
  8. ပေါင်မပြည့်၊ လမစေ့ ကလေးများတွင် ဦးနှောက်အတွင်းရှိ ရေအိတ်တွင်းသွေးယိုခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

ကလေးငယ်များ၏ အသက်အရွယ်ပေါ်မူတည်၍ ရောဂါလက္ခဏာများကွာခြားသည်။ ကလေးငယ်များတွင် လေဖြတ်ခြင်းကြောင့်ဖြစ်သော လက္ခဏာများမှာ သိသာစွာမတွေ့ရှိရသဖြင့် သေချာစွာ စောင့်ကြည့်ရန် အရေးကြီးသည်။ ရောဂါလက္ခဏာများကို စောစီးစွာသိရှိကုသမှုခံယူပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မှုနည်းမည်ဖြစ်သည်။

မွေးကင်းစနှင့် ကလေးငယ်များတွင် တွေ့ရသောလက္ခဏာများမှာ _

  • တက်ခြင်း
  • အလွန်အမင်းအိပ်ခြင်း
  • နို့မစို့နိုင်ဘဲ အကြိမ်များစွာအန်ခြင်း
  • ငယ်ထိပ်ဖောင်းတင်းလာခြင်း
  • ခြေ၊ လက် ဘယ်ညာတစ်ဖက်တည်းကိုသာ အသုံးပြုခြင်း စသည်တို့ဖြစ်သည်။
    ကလေးငယ်များလေဖြတ်ပါက ကလေးအသက် (၄)လ မှ (၆)လ အထိ သိသာသော ရောဂါလက္ခဏာများမပြဘဲ ခန္ဓာကိုယ်‌‌‌ကောင်းစွာ လှုပ်ရှားနိုင်လာချိန်တွင် ခြေ၊ လက် ဘယ်ညာတစ်ဖက်တည်းကိုသာ အသုံးပြုလှုပ်ရှားခြင်းကို လက္ခဏာတစ်ခုအဖြစ် တွေ့ရတတ်သည်။ လမ်းစလျှောက်ချိန်တွင်လည်း ကိုယ်တစ်ခြမ်းမသန်သည့်ပုံစံမျိုးတွေ့ရသည်။

ကလေးကြီးများတွင်‌ တွေ့ရသောလက္ခဏာများသည် လူကြီးများတွင်တွေ့ရသည်နှင့် ဆင်တူသည်။ ၎င်းတို့မှာ

  • ပြင်းထန်စွာခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်း
  • အမြင်အာရုံဝေဝါးခြင်းနှင့် ကောင်းစွာမမြင်ရခြင်း
  • ခန္ဓာကိုယ် သို့မဟုတ် မျက်နှာတစ်ခြမ်း ထုံခြင်း၊ အားနည်းခြင်း၊ မလှုပ်နိုင်ခြင်း
  • လမ်းလျှောက်ရခက်ခဲခြင်း
  • ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း
  • စကားပြောခက်ခဲခြင်း၊ မပြောနိုင်ခြင်း၊ မပီမသပြောခြင်းနှင့် ပြောသည်ကိုနားမလည်ခြင်း
  • အလွန်အမင်းအိပ်ခြင်းနှင့် သတိလစ်ခြင်း
  • တက်ခြင်း
  • ခန္ဓာကိုယ်တစ်ခြမ်း သို့မဟုတ် အစိတ်အပိုင်းများလှုပ်ရှားမရခြင်း
  • ခေါင်းမူးဝေခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
  1. ဦးနှောက်နှင့် ဦးခေါင်းခွံအတွင်း ဖိအားများခြင်း (Increased Intracranial Pressure – ICP)
    • လေဖြတ်ခါစတွင် ဦးနှောက်ထိခိုက်မှုကြီးမားပါက ဦးနှောက်အတွင်း ဖိအားများပြီး အသက်အန္တရာယ်ရှိနိုင်သည်
    • လက္ခဏာများ _ သတိလစ်ခြင်း၊ အသက်ရှူမမှန်ခြင်း၊ တက်ခြင်း စသည်တို့ဖြစ်သည်
  2. ကလေးဘဝတွင် လေဖြတ်ခြင်း၏ ရေရှည်အကျိုးဆက်များ
    • ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများ ပြန်မကောင်းနိုင်တော့ခြင်း
    • ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ ဘာသာစကားနှင့် ဥာဏ်ရည်ကိုထိခိုက်လာခြင်း၊
    • ပညာရေးဆိုင်ရာ အခက်အခဲများရှိလာခြင်း
    • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ _ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်းတို့ ဖြစ်နိုင်ခြေ မြင့်မားခြင်း
    • အတက်ရောဂါဖြစ်ပေါ်လာခြင်း
    • နောက်ထပ် လေဖြတ်နိုင်ခြေ မြင့်မားခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ လေဖြတ်ခြင်းရောဂါလက္ခဏာများရှိပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။ ကုသမှုနောက်ကျပါက ဦးနှောက်ထိခိုက်ပျက်စီးမှု များနိုင်သောကြောင့် နောက်ဆက်တွဲပြဿနာ များ ပို၍ဖြစ်နိုင်သည်။

ကလေးသည် လေဖြတ်သည်ဟု သံသယရှိပါက အ‌ရေးကြီးလက္ခဏာများကို (FAST) ဟုခေါ်သော အတိုကောက်စစ်ဆေးခြင်းကို ပြုလုပ်၍ သိရှိနိုင်သည်။

F (Face) _ ကလေးအား ရီခိုင်းပြီး မျက်နှာတစ်ခြမ်းနှင့် တစ်ခြမ်း ညီညာမှုမရှိသည်ကို ကြည့်ရှုစစ်ဆေးခြင်း

A (Arm) _ ကလေး၏လက်မောင်းနှစ်ဖက်ကို တစ်ချိန်တည်းမြှောက်ခိုင်းပြီး လက်တစ်ဖက်အားနည်းနေသည်ကို
ကြည့်ရှုစစ်ဆေးခြင်း

S (Speech) _ ကလေးအား ပုံမှန်စကားလုံးကို လိုက်ပြောခိုင်းပြီး စကားပြောခက်ခဲခြင်း၊ ဗလုံးဗထွေးပြောခြင်းကို ကြည့်ရှုစစ်ဆေးခြင်း

T (Time) _ ရောဂါလက္ခဏာများစတင်ဖြစ်ပေါ် သည့် အချိန်ကို မှတ်သားထားခြင်းတို့ဖြစ်သည်။

အထက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရန်လိုသည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ‌ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည့်အပြင် အောက်ပါစစ်ဆေးမှုများကိုပြုလုပ်၍ ရောဂါရှာဖွေမည်ဖြစ်သည်။။

  • သံလိုက်ဓာတ်မှန် (MRI) _ ကွန်ပြူတာဓာတ်မှန်ထက် သွေးခဲခြင်းကို ပို၍ တိကျစွာသိရှိနိုင်သည်
  • သံလိုက်သွေးကြောဓာတ်မှန် (MRA) _ ဦးနှောက်တွင်းရှိသွေးကြောများ လည်ပတ်ပုံအနေအထားကို ပို၍ တိကျစွာသိနိုင်သည်
  • ကွန်ပြူတာဓာတ်မှန် (CT) _ သွေးကြောပိတ်ခြင်း နှင့် သွေးကြောပေါက်ခြင်းကြောင့် ဖြစ်သောလေဖြတ်ခြင်းကို ခွဲခြားသိနိုင်သည်‌၊ အရေးပေါ်အချိန်တွင်အသုံးဝင်သည်
  • ကွန်ပြူတာသွေးကြောဓာတ်မှန် (CT Angiogram) _ ဦးနှောက်ရှိသွေးကြောများ၏ ပိတ်သည့်၊ ပေါက်သည့်နေရာကို တိကျစွာသိရှိနိုင်သည်
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) _ ကလေးနှလုံး၏ တည်ဆောက်ပုံကို သိရှိနိုင်သည်
  • အီးစီဂျီ (Electrocardiogram) _ နှလုံးခုန်နှုန်းစီးချက် မှန်မမှန်ကို သိရှိနိုင်သည်
  • အီးအီးဂျီစမ်းသပ်ခြင်း (EEG) _ အတက်ရောဂါ ရှိမရှိကို သိရှိနိုင်သည်
  • ဦးခေါင်းအာထရာဆောင်းရိုက်ခြင်း (Cranial ultrasound) _ ငယ်ထိပ်မပိတ်သေးသော ကလေးငယ်များတွင် ဦးနှောက်နှင့် ဦးနှောက်အစိတ်အပိုင်းများ၏ အခြေအနေကို သိနိုင်သည်
  • သွေးစစ်ဆေးခြင်း _ သွေးခဲဓာတ်များ၊ သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီဓာတ်များ၊ ကျောက်ကပ်နှင့် အသည်း လုပ်ဆောင်ချက်များကို သိရှိနိုင်သည်။
ကုသခြင်း

လေဖြတ်ခြင်းကိုကုသရာတွင် အရေးပေါ်အခြေအနေ ဟုတ်မဟုတ်နှင့် ဖြစ်ပေါ်ရသည့်အကြောင်းရင်း ပေါ်မူတည်၍ ကွာခြားသည်။

  • သွေးကြောပိတ်၍‌ လေဖြတ်ခြင်းတွင် သွေးကြောပိတ်သော ဦးနှောက်အစိတ်အပိုင်းသို့ သွေးလည်ပတ်မှု ပြန်လည်ရရှိစေရန် အရေးကြီးသည်၊ ထိုကြောင့် သွေးခဲဖျော်ဆေးများပေး၍ ကုသခြင်း သို့မဟုတ် သွေးခဲဖယ်ကိရိယာဖြင့် ကုသခြင်း စသည်တို့ကို ပြုလုပ်သည်
  • သွေးခဲဖျော်ဆေးများ (tPA – Alteplase) ပေး၍ ကုသခြင်းကို လက္ခဏာများစတင်ဖြစ်ပေါ်ပြီး လေးနာရီခွဲအတွင်း ကုသမှုပေးသင့်သည်၊ ဆေး၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ဦးနှောက်အတွင်း သွေးထပ်ထွက်နိုင်ခြင်း ဖြစ်နိုင်သည်ကို ဆရာဝန်မှ ရှင်းလင်းပြောပြထားမည် ဖြစ်သည်
  • သွေးခဲဖယ်ကိရိယာဖြင့် ကုသခြင်းကို လက္ခဏာများ စတင်ဖြစ်ပေါ်ပြီး (၆) နာရီအတွင်း ကုသမှုပေးသင့်သည်
  • သွေးကြောပေါက်၍ လေဖြတ်ခြင်းတွင် သွေးထွက်ခြင်းကို ထိန်းသိမ်းနိုင်ရန်နှင့် ဦးနှောက်တွင်းဖိအား လျော့ချစေရန်အတွက် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သည်

ကလေးများ၌ လေဖြတ်ခြင်းကြောင့်ဖြစ်လာသောရောဂါလက္ခဏာများနှင့် လေဖြတ်ခြင်းကိုဖြစ်စေသည့် အကြောင်းအရင်းကို ကုသရန် _

  • တက်နေသောကလေးများတွင် အတက်ကျဆေးဖြင့် ကုသခြင်း
  • ပိုးဝင်‌သောကလေးများတွင် ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသခြင်း
  • သွေးရောဂါများအတွက် သွေးသွင်း၍ ကုသခြင်း
  • နှလုံးအမောဖောက်ခြင်း သက်သာစေရန် နှလုံးထိန်းညှိဆေးများဖြင့် ကုသခြင်း
  • သွေးကြောပြဿနာများအတွက် သွေးကြောတွင်းပြွန် (Stent) ထည့်ခြင်း၊ ပြုပြင်ခြင်း
  • သွေးပေါင်ထိန်းဆေးများဖြင့် ကုသခြင်း
  • ဆီးချိုထိန်းခြင်း
  • သွေးတွင်း အဆီဓာတ်ထိန်းခြင်း
  • ရေဓာတ်ဖြည့်ပေးခြင်း စသည်တို့ကို လိုအပ်သလိုကုသမှုပေးရန် လိုသည်။

လေဖြတ်ပြီးနောက် ပြန်လည်သန်စွမ်းရန် လေ့ကျင့်ကုသပေးခြင်းတွင် ကလေး၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ရန် အရေးကြီးသည်။

  • ခြေ၊ လက်အင်္ဂါများ မူလအတိုင်း ပြန်လည်လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးခြင်း
  • စကားပြောလေ့ကျင့်ပေးခြင်း
  • မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုများ ပြန်လည်ကောင်းမွန်အောင် လေ့ကျင့်ပေးခြင်း
  • စိတ်ဓာတ်မြှင့်တင်ပေးခြင်း စသည်တို့ ပါဝင်သည်။
ကာကွယ်ခြင်း

လေဖြတ်ခြင်းသည် ပထမဆုံးရောဂါလက္ခဏာအနေဖြင့်သာ ကလေးများတွင် အတွေ့ရများသောကြောင့် ယေဘုယျအားဖြင့် ကာကွယ်ရန်နည်းလမ်းမရှိပါ။ သို့သော် နောက်ထပ်တစ်ကြိမ် လေဖြတ်ခြင်းမဖြစ်စေရန် ကာကွယ်နိုင်သည်။

  • သွေးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ရှိသောကလေးများသည် လေဖြတ်ခြင်း ပို၍ဖြစ်နိုင်သောကြောင့် သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသရန်
  • လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ရန်
  • သွေးကျဲဆေး၊ သွေးမခဲဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်တိုက်ရန်
  • အိပ်ရေးဝဝအိပ်ရန်
  • အာဟာရသင့်တင့်မျှတစွာ စားသုံးရန်
  • သွေးတွင်းအဆီဓာတ်ထိန်းရန်
  • ကိုယ်အလေးချိန်ထိန်းရန် စသည်တို့ကို ပြုလုပ်စေခြင်းဖြင့် ကလေးတွင်လေဖြတ်ခြင်းဖြစ်ပွါးမှုကို လျော့နည်းစေနိုင်သည်။

References:

  1. What is a childhood stroke? (n.d.). Stroke Association. Retrieved August 2, 2024, from https://www.stroke.org.uk/stroke/childhood/about
  2. Pediatric Stroke. (2024). Johns Hopkins Medicine. Retrieved August 2, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/stroke/pediatric-stroke
  3. Pediatric Stroke. (2024). Cleveland Clinic. Retrieved August 2, 2024, from https://my.clevelandclinic.org/health/diseases/pediatric-stroke
  4. Stroke in Children | Boston Children’s Hospital. (n.d.). Retrieved August 2, 2024, from https://www.childrenshospital.org/conditions/stroke
  5. Childhood Stroke | Types, Causes, Symptoms & Treatment. (n.d.). Retrieved August 2, 2024, from https://www.cincinnatichildrens.org/health/s/stroke
  6. Philadelphia, C. H. O. (n.d.). Pediatric Stroke. Children’s Hospital of Philadelphia. Retrieved August 2, 2024, from https://www.chop.edu/conditions-diseases/pediatric-stroke
  7. Child Neurology Foundation. (2023). Childhood Stroke – Child Neurology Foundation. Retrieved August 2, 2024, from https://www.childneurologyfoundation.org/disorder/childhood-stroke/
  8. American Stroke Association. (n.d.). Effects of stroke in children. Retrieved August 2, 2024, from https://www.stroke.org/en/about-stroke/stroke-in-children/effects-of-stroke-in-childre

Published Date: 11 March 2025

Share

11 March 2025
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.