Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Self-Harm (မိမိကိုယ်ကိုအန္တရာယ်ပြုခြင်း)

Self-Harm (မိမိကိုယ်ကိုအန္တရာယ်ပြုခြင်း)

မိမိကိုယ်ကိုအန္တရာယ်ပြုခြင်း (Self-harm) ဆိုသည်မှာ ကာယကံရှင်အနေနှင့် မိမိကိုယ်ကို ဒဏ်ရာရစေရန်၊ ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် တမင်တကာ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ လူတို့သည် အမျိုးမျိုးသော အကြောင်းများကြောင့် မိမိကိုယ်ကို ဒဏ်ရာရစေရန်၊ ထိခိုက်စေရန် လုပ်ဆောင်တတ်ကြသည်။ အချို့သောသူများက မိမိကိုယ်ကို အန္တရာယ်ဖြစ်စေရန် ဆေးဝါး၊ ဓာတုပစ္စည်း တစ်မျိုးမျိုးကို သောက်သုံးတတ်၊ အသုံးပြုတတ်ကြသည်။

မည်သို့သောအကြောင်းရင်းများ၊ နည်းလမ်းများဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ ထိုကဲ့သို့ လုပ်ဆောင်ခြင်းများကြောင့် တစ်ခါတစ်ရံတွင် မျှော်လင့်မထားသည့် ဆိုးဝါးသောအကျိုးဆက်များ ဖြစ်ပေါ်လာတတ်သည်။ ထိုသို့လုပ်ဆောင်သောသူများတွင် သေလိုသည့်ရည်ရွယ်ချက်၊ ဆန္ဒတို့ မရှိတတ်ကြဟု အချို့ကဆိုကြသည်။ ထို့အတွက်ကြောင့် မိမိကိုယ်ကိုအန္တရာယ်ပြုခြင်းကို သေလိုသည့်ဆန္ဒမရှိဘဲ မိမိကိုယ်ကိုအန္တရာယ်ပြုခြင်း [Non-Suicidal Self-Injury (NSSI)] ဟူ၍လည်း သုံးနှုန်းခေါ်ဆိုတတ်ကြသည်။ မည်သို့သော အသုံးအနှုန်းများဖြင့် ခေါ်ဆိုကြသည်ဖြစ်စေ မိမိကိုယ်ကို အန္တရာယ်ဖြစ်အောင် လုပ်ဆောင်သည့် အဆိုပါအပြုအမူများသည် ရှေ့ပြေးလုပ်ဆောင်ချက်များသဖွယ် ဖြစ်နေနိုင်ပြီး နောင်တွင် မိမိကိုယ်ကိုအဆုံးစီရင်ခြင်း (Suicide) ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ခြေ ရှိတတ်သည်ဆိုသည့်အချက်ကို အထူးသတိပြုရန်လိုအပ်သည်။

မိမိကိုယ်ကိုအန္တရာယ်ဖြစ်အောင် လုပ်ဆောင်သူများသည် ခန္ဓာကိုယ်၏အချို့သောနေရာများကို

  • ချွန်ထက်သော အရာများဖြင့် လှီးခြင်း၊ မွှန်းခြင်း၊ သွေးထွက်အောင်ပြုလုပ်ခြင်း
  • မီး၊ အပူပေးထားသောအရာများဖြင့်လောင်မြိုက်စေခြင်း
  • အခြားတစ်နည်းနည်းဖြင့် နာကျင်အောင်ပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့် လုပ်ဆောင်တတ်ကြသည်။

200499-self-harm-p1

မိမိကိုယ်ကိုအန္တရာယ်ပြုခြင်း လုပ်ဆောင်ရသည့်အကြောင်းရင်းများ

မိမိကိုယ်ကိုအန္တရာယ်ဖြစ်အောင် လုပ်ဆောင်သည့်အပြုအမူသည် အချို့သောသူများအတွက် နားလည်ရန် ခက်ခဲသည့် အပြုအမူတစ်ခုသဖွယ် ဖြစ်နေတတ်သည်။ မိမိကိုယ်ကိုအန္တရာယ်ပြုခြင်းလုပ်ဆောင်ရခြင်း အကြောင်းရင်းကို တိတိကျကျပြောဆိုရန် ခက်ခဲတတ်သည်။ ထိုသို့လုပ်ဆောင်သူများသည်_

  • စိတ်တင်းကျပ်မှုများလျော့ပါးပြီး စိတ်သက်သာရာရစေရန်
  • ရုပ်ပိုင်းဆိုင်ရာနာကျင်မှုခံစားရခြင်းသည် အသက်ရှင်သန်နေသေးသည်ဟု ကိုယ့်ကိုယ်ကို သတိပေးသည့်သဘောမျိုး ဖြစ်စေရန်
  • စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းရန် (မကောင်းသောအတွေးဆိုးများမှ သက်သာရာရစေရန်)
  • မိမိကိုယ်ကိုမကျေနပ်သည့်စိတ်၊ ဒေါသစိတ်အခံများဖြင့် မိမိကိုယ်ကို အပြစ်ပေးရန်
  • စိတ်တင်းကျပ်မှုခံစားနေရကြောင်းနှင့် အကူအညီလိုအပ်ကြောင်း အခြားသူများကို အသိပေးရန်စသည့် အကြောင်းရင်းများကြောင့် လုပ်ဆောင်တတ်ကြသည်ဟု ဆိုသည်။

မိမိကိုယ်ကိုအန္တရာယ်ပြုသည့်အပြုအမူသည်_

  • စိုးရိမ်စိတ်လွန်ကဲခြင်း
  • စိတ်ကြွစိတ်ကျရောဂါ (Bipolar mood disorder)
  • အော်တစ်ဇင်ရောဂါ (Autism)
  • စိတ်ကျရောဂါ (Depression)
  • အချို့သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အခက်အခဲပြဿနာများ (Personality disorders)
  • စိတ်လိုက်မာန်ပါလုပ်လိုစိတ်၊ စိတ်ခံစားချက်၊ အပြုအမူတို့ကို ထိန်းချုပ်နိုင်စွမ်းနည်းပါးသည့် ရောဂါအခြေအနေများ (Disruptive, impulse-control and conduct disorders)
  • ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ [Post Traumatic Stress Disorder (PTSD)]
  • ကျား၊ မ လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ဖိစီးခက်ခဲမှုအခြေအနေ (Gender dysphoria)
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောအခြားဆေးများသုံးစွဲမှုဆိုင်ရာ ရောဂါများ (Substance-related disorders)၊ စသည့်အခြေအနေများနှင့် ဆက်နွှယ်မှုရှိတတ်ကြသည်။ ဆက်နွှယ်နေနိုင်သည့် အခြားသော စိတ်ကျန်းမာရေးအခြေအနေများလည်း ရှိသည်။
မိမိကိုယ်ကိုအန္တရာယ်ပြုခြင်း (Self-harm) အပြုအမူလုပ်ဆောင်နိုင်ခြေအန္တရာယ်ကို မြင့်မားစေနိုင်သည့် အချို့သောအကြောင်းရင်းများ

အောက်ပါအခြေအနေတို့ ပါဝင်သည်။

  • အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ စိတ်ဒဏ်ရာရခြင်း
    • ကလေးဘဝအတွင်း ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် အခြားဆိုးရွားသောဖြစ်ရပ်များ အပါအဝင် စိတ်ဒဏ်ရာရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ ရှိခဲ့ပါက မိမိကိုယ်ကို အန္တရာယ်ပြုသည့်အပြုအမူများ လုပ်ဆောင်လာနိုင်ခြေ မြင့်မားတတ်သည်။
  • အသက်အရွယ်
    • ဤအပြုအမူများသည် ဆယ်ကျော်သက်အရွယ်များတွင် စတင်ဖြစ်ပေါ်တတ်လေ့ရှိသည်၊ တစ်ခါတစ်ရံ ထို့ထက်စော၍လည်း တွေ့ရတတ်သည်၊ ထိုသို့ လုပ်ဆောင်တတ်သူများသည် နောင်တွင်လည်း ဆက်လက်လုပ်ဆောင်သွားနိုင်သည့် အလားအလာရှိတတ်သည်။
  • ကျား၊ မ သတ်မှတ်ခံယူမှု (Gender identity)
    • ကာယကံရှင်၏ မွေးရာပါ ကျား၊ မ ဖြစ်တည်မှု ခွဲခြားသတ်မှတ်ခြင်း (Cisgender) နှင့် ၄င်း၏ စိတ်ဆန္ဒအရဖြစ်ပေါ်နေသည့် ကျား၊ မ သတ်မှတ်မှုတို့ မကိုက်ညီဘဲ ကွဲပြားသည့် အခြေအနေများတွင်လည်း ၄င်းအပြုအမူများ ဖြစ်ပေါ်တတ်လေ့ရှိသည်။
  • လိင်စိတ်တိမ်းညွတ်မှု (Sexual orientation)
    • လိင်စိတ်တိမ်းညွတ်မှု မတူကွဲပြားသူများတွင်လည်း ၄င်းအပြုအမူများ ဖြစ်ပေါ်တတ်လေ့ရှိကြောင်း တွေ့ရှိရသည်။
  • လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ပံ့ပိုးမှုကင်းမဲ့ခြင်း (Social isolation)
    • လူမှုပေါင်းသင်းဆက်ဆံရေးကင်းမဲ့ခြင်း၊ ပစ်ပယ်ထားသလိုခံစားရခြင်းစသည့် အခြေအနေများတွင်လည်း ထိုကဲ့သို့အပြုအမူများ ဖြစ်ပေါ်တတ်သည်၊ နိုင်လိုမင်းထက်ပြုမူခံရသည့် အကြောင်းကြောင်းကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ပံ့ပိုးမှုကင်းမဲ့နေသည့် ကလေးသူငယ်များ၊ ဆယ်ကျော်သက်များတွင် မိမိကိုယ်ကိုအန္တရာယ်ပြုသည့်ဖြစ်စဉ်များ တွေ့ရှိရမှု မြင့်မားတတ်သည်။
  • စိတ်ကျရောဂါ (Depression)၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲမှုဆိုင်ရာရောဂါများ (Substance-related disorders)
    • အဆိုပါအခြေအနေများသည်လည်း သတိပြုရမည့်အခြေအနေများဖြစ်သည်။
မိမိကိုယ်ကိုအန္တရာယ်ဖြစ်အောင်လုပ်ဆောင်ထားခြင်းလက္ခဏာများ

မိမိကိုယ်ကိုအန္တရာယ်ဖြစ်အောင် လုပ်ဆောင်ကြသူများသည် အခြားသူများမြင်ရန် မလွယ်ကူသည့် ခန္ဓာကိုယ်နေရာများကို ရွေးချယ်လုပ်ဆောင်တတ်ကြသည်။ ထိုသို့ပြုလုပ်ထားသည့်နေရာများကို အခြားသူများမမြင်နိုင်အောင်လည်း ဖုံးကွယ်ထားတတ်လေ့ရှိသည်။ အဆိုပါဒဏ်ရာများကို အခြားသူများတွေ့ရှိသွားခဲ့ပါက “မတော်တဆထိခိုက်မိခြင်းကြောင့် ဒဏ်ရာရခြင်းဖြစ်သည်” ဟု အကြောင်းပြချက်ပေးတတ်ကြသည်။

ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်သည့်အခါတွင်_

  • အမာရွတ်များ (များသောအားဖြင့် တိကျသောပုံသဏ္ဌာန်ရှိတတ်သည်)
  • ကောင်းစွာမကျက်သေးသော ဒဏ်ရာများ၊ အမာရွတ်များ၊ အပူလောင်ထားသောဒဏ်ရာနေရာများ
  • လတ်တလောပြုလုပ်ထားသည့် ပြတ်ရာများ၊ ကုတ်ဖဲ့ထားသည့်ဒဏ်ရာများ၊ ပွန်းပဲ့ဒဏ်ရာများ၊ အပူလောင်ဒဏ်ရာများ
  • အလွန်အမင်းပွတ်တိုက်ထားသည့် ဒဏ်ရာများ စသည်တို့ကို တွေ့ရှိနိုင်သည်၊ တစ်ခါတစ်ရံတွင် ကာယကံရှင်များကလည်း ထုတ်ဖော်ပြောဆိုပြသတတ်ကြသည်။

ထိုသို့သောတွေ့ရှိမှုများအပြင်

  • ဒဏ်ရာများကိုဖုံးကွယ်ရန်အတွက် ပူအိုက်သောရာသီများတွင်ပင် အင်္ကျီလက်ရှည်များ၊ ဘောင်းဘီရှည်များ ဝတ်ဆင်ထားတတ်ခြင်း
  • မကြာခဏ မတော်တဆထိခိုက်ဒဏ်ရာရတတ်ကြောင်း ပြောတတ်ခြင်း
  • လူမှုပေါင်းသင်းဆက်ဆံရေးတွင် အခက်အခဲပြဿနာများရှိတတ်ခြင်း
  • အပြုအမူများ၊ စိတ်ခံစားချက်များ အပြောင်းအလဲမြန်ခြင်း၊ မှန်းဆ၍မရတတ်ခြင်း၊ ပြင်းထန်တတ်ခြင်း၊ စိတ်လိုက်မာန်ပါပြုလုပ်တတ်ခြင်း
  • ကူရာကယ်ရာမဲ့သကဲ့သို့ခံစားရခြင်း၊ မျှော်လင့်ချက်ကင်းမဲ့နေသကဲ့သို့ ခံစားရခြင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသူတစ်ယောက်ကဲ့သို့ခံစားရခြင်း စသည့်စိတ်ခံစားချက်များအကြောင်း ပြောဆိုတတ်ခြင်း စသောအခြေအနေများကိုလည်း တွေ့ရှိရတတ်သည်။
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများ
  • ဒဏ်ရာများ၊ ဒဏ်ရာရအောင်အသုံးပြုသောပစ္စည်းများမှတစ်ဆင့် ရောဂါပိုးဝင်ရောက်နိုင်ခြင်း
  • ကိုယ်ခန္ဓာပေါ်တွင် ဖျောက်ဖျက်မရတော့သည့်အမာရွတ်များ၊ ထိခိုက်မှုများ ရှိလာနိုင်ခြင်း
  • ရှက်ရွံ့မှု၊ ကိုယ့်ကိုယ်ကိုအပြစ်တင်လိုမှု၊ နောင်တရမှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ခြင်း နိမ့်ပါးလာမှု စသည့် စိတ်ခံစားချက်များ ဆိုးရွားလာတတ်ခြင်း
  • ကောင်းမွန်စွာကုသမှုမရယူပါက မိမိကိုယ်ကိုအန္တရာယ်ဖြစ်အောင်လုပ်ဆောင်ဖြစ်သည့် အကြောင်းရင်းခံအခြေအနေများ၊ ပြဿနာများ ပိုမိုဆိုးရွားလာတတ်ခြင်း
  • မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ချစ်ခင်ရသူများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အခက်အခဲများ ဖြစ်လာနိုင်ခြင်း
  • “အကြောင်းကြောင်းကြောင့် လုပ်ဆောင်မှု၊ ဒဏ်ရာအခြေအနေဆိုးရွားပြင်းထန်သွားခဲ့ပါက အသက် အန္တရာယ်ထိခိုက်နိုင်ခြင်း” စသည်တို့သည် သတိပြုရမည့် အခြေအနေများဖြစ်သည်။

မိမိကိုယ်ကိုအဆုံးစီရင်နိုင်သည့်အန္တရာယ်

မိမိကိုယ်ကိုအန္တရာယ်ပြုခြင်းကိုဖြစ်ပေါ်လာစေသည့် စိတ်ခံစားချက်အကြောင်းရင်းများသည် မိမိကိုယ်ကို အဆုံးစီရင်ရန် လုပ်ဆောင်လာနိုင်ခြေကို မြင့်မားစေနိုင်သည်။ စိတ်ဖိစီးမှုများလွန်းနေသည့် အခြေအနေ၊ အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးဝါးတစ်မျိုးမျိုး သုံးစွဲထားသည့် အခြေအနေများတွင် မိမိကိုယ်ကိုအန္တရာယ်ပြုတတ်ခြင်းသည် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပေါ်နိုင်သည့် အလားအလာကို ပိုများစေတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိကိုယ်ကိုအန္တရာယ်ပြုခြင်းအပြုအမူလုပ်ဆောင်ထားသူများတွင်

  • အချို့သောသူများက ၄င်းအပြုအမူနှင့် ဒဏ်ရာများကို ဖုံးကွယ်ထားတတ်လေ့ရှိသည်
  • အချို့သောသူများက ကုသမှုအတွက် အကူအညီရယူတတ်ကြသည်
  • အချို့သောသူများက မိသားစု၊ ရင်းနှီးချစ်ခင်ရသူများကသိရှိသွားရာမှတစ်ဆင့် လိုအပ်သောကုသမှု အကူအညီ ရရှိသွားတတ်ကြသည်
  • အချို့သောသူများက ရရှိထားသောဒဏ်ရာများကြောင့် (သို့မဟုတ်) အခြားသောကျန်းမာရေး အခြေအနေတစ်ခုခုကြောင့် ဆေးရုံ၊ ဆေးခန်းပြသရာမှ အဆိုပါအပြုအမူနှင့်စပ်လျဉ်း၍ သိရှိသွားပြီး လိုအပ်သော ကုသမှုအကူအညီများ ရရှိသွားတတ်ကြသည်

မိမိကိုယ်ကိုအန္တရာယ်ပြုသည့်အပြုအမူများနှင့်စပ်လျဉ်းပြီး အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန် စသည့် ကုသမှုဆိုင်ရာတတ်ကျွမ်းနားလည်သူတို့နှင့် ပြသတိုင်ပင်ရန်လိုအပ်သည်။ မိမိကိုယ်ကိုအန္တရာယ်ပြုသည့် အပြုအမူနှင့်စပ်လျဉ်းပြီး လိုအပ်သော ကုသမှုအကူအညီရယူခြင်းသည် ရုပ်ပိုင်းဆိုင်ရာရောဂါ အခြေအနေတစ်ခုအတွက် ဆေးဝါးကုသမှုခံယူခြင်းနှင့် သဘောသဘာဝတူညီသည်။ ရှက်ရွံ့စိုးရိမ်ဖွယ်ကိစ္စ မဟုတ်ပါ။ အကယ်၍ ကာယကံရှင်အနေနှင့် ကုသမှုခံယူရန် ဝန်လေးနေပါက သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် ချစ်ခင်ယုံကြည်ရသူတစ်ဦးဦးနှင့် ဖွင့်ဟဆွေးနွေးတိုင်ပင်သင့်သည်။ မိမိကိုယ်တိုင်တွင်ဖြစ်စေ၊ မိမိ၏ ခင်မင်ရင်းနှီးရသူတစ်ဦးဦးထံတွင်ဖြစ်စေ မိမိကိုယ်ကိုအန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်။ အခြေအနေပြင်းထန်မှုအပေါ်မူတည်ပြီး စိတ်ကျန်းမာရေးအထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

မိမိကိုယ်ကိုအန္တရာယ်ပြုသည့်ဖြစ်စဉ်ကို ကျန်းမာရေးစစ်ဆေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် သိရှိအောင် လုပ်ဆောင်နိုင်သည်။ စိတ်ကျန်းမာရေးအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လည်း လိုအပ်နိုင်သည်။ ကာယကံရှင်၏ အတွေးစိတ်ကူးများ၊ စိတ်ခံစားချက်အခြေအနေများ၊ အပြုအမူများ၊ ဘဝဖြစ်စဉ် အတွေ့အကြုံများ၊ စိတ်ကျန်းမာရေးပြဿနာများ၊ ကိုယ့်ကိုယ်ကိုအဆုံးစီရင်နိုင်ခြေအလားအလာ စသည်တို့ကို သုံးသပ်စိစစ်ရန် လိုအပ်သည်။

ကုသခြင်း

မိမိကိုယ်ကိုအန္တရာယ်ပြုသည့်ဖြစ်စဉ်နှင့်စပ်လျဉ်းပြီး ကုသမှုပေးရာတွင်

  • ထိခိုက်ဒဏ်ရာအခြေအနေ၊ ပြင်းထန်မှု
  • လတ်တလော အသက်အန္တရာယ် ရှိမရှိ
  • မိမိကိုယ်ကိုအဆုံးစီရင်နိုင်မည့် လတ်တလောအန္တရာယ် ရှိမရှိ စိစစ်ခြင်း၊ အန္တရာယ်ရှိပါက လိုအပ်သောကုသမှုများပေးခြင်းတို့ကို ကနဦးလုပ်ဆောင်ရန် လိုအပ်သည်။

ထို့နောက် လိုအပ်သောနောက်ဆက်တွဲစမ်းသပ်စစ်ဆေးမှုများ၊ ကုသမှုများကို ဆက်လက်လုပ်ဆောင်ရသည်။ စိတ်ကျန်းမာရေးပြဿနာများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ ရှိနေပါကလည်း ကုသမှု ဆက်လက်ခံယူရန် လိုအပ်သည်။ မိမိကိုယ်ကိုအန္တရာယ်ပြုခြင်းနှင့် အတူရှိနေနိုင်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ စသည်တို့အပေါ်မူတည်ပြီး ကုသမှုများကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက် ပေးရသည်။ အဆိုပါ ကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။

စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ (Psychological Interventions)

  • စိတ်ပိုင်းဆိုင်ရာကုထုံးများသည် ကာယကံရှင်အတွက်_
  • မိမိကိုယ်ကိုအန္တရာယ်ပြုသည့်ဖြစ်စဉ်ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းခံများကို စိစစ်ဖော်ထုတ် ဖြေရှင်းခြင်း
  • ဖိစီးမှုများ၊ ပြင်းထန်သောစိတ်ခံစားချက်များကို ပိုမိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်သည့် အရည်အသွေးများ ရရှိလာစေရန် သင်ယူခြင်း
  • လူမှုပေါင်းသင်းဆက်ဆံရေး အရည်အသွေးများ၊ ပြဿနာဖြေရှင်းသည့် အရည်အသွေးများ ကောင်းမွန်လာစေနိုင်ခြင်းစသည်တို့အတွက် အထောက်အကူ ဖြစ်စေနိုင်သည်။

မိမိကိုယ်ကိုအန္တရာယ်ပြုမူများအတွက် အဓိကစိတ်ပိုင်းဆိုင်ရာကုထုံးများတွင် အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး [Cognitive-Behavioural Therapy (CBT)]၊ အကြောင်း-အကျိုး ဆန်းစစ်သည့် အပြုအမူကုထုံး (Dialectical Behavioural Therapy)၊ လတ်တလောစိတ်အခြေအနေကို အာရုံပြုခြင်းအပေါ် အခြေခံသည့် ကုထုံး (Mindfulness-based Therapy) စသည်တို့ပါဝင်သည်။ အစုအဖွဲ့ကုထုံး (Group Therapy)၊ မိသားစုကုထုံး (Family Therapy) စသည့်အခြားသောစိတ်ကုထုံး အမျိုးအစားများလည်းရှိသည်။ ကာယကံရှင်၏အခြေအနေပေါ်မူတည်ပြီး တတ်ကျွမ်းနားလည်သူများနှင့် ကာလတာရှည်ကုသမှုခံယူရန် လိုအပ်နိုင်သည်။

ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)

မိမိကိုယ်ကိုအန္တရာယ်ပြုသည့်အပြုအမူများကိုကုသမှုအတွက် သီးခြားဆေးဝါးများ မရှိပါ။ သို့သော်လည်း ကာယကံရှင်တွင် စိတ်ကျန်းမာရေးပြဿနာများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ ရှိနေပါက ဆေးဝါးများဖြင့် ကုသမှုလိုအပ်နိုင်သည်။ ဆေးဝါးများဖြင့်ကုသခြင်းအတွက် တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ဆေးဝါးများဖြင့်ကုသရာတွင် ကာယကံရှင်၏ အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ ရောဂါပြင်းထန်မှု၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ စသည့် အချက်အလက်များပေါ်မူတည်ပြီး စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants)၊ စိတ်ငြိမ်ဆေးများ (Anxiolytics)၊ စိတ်ဖောက်ပြန်ရောဂါကုသဆေးဝါးများ (Antipsychotics)၊ စိတ်အခြေအနေထိန်းညှိဆေးဝါးများ (Mood Stabilizers) စသည်တို့ကို လိုအပ်သလို ပေါင်းစပ်ပေးရတတ်သည်။ ဆေးဝါးများဖြင့် ကုသမှုလိုအပ်ပါက ဆေးဝါး အမျိုးအစား၊ ပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများရပ်တန့်ခြင်း စသည်တို့ပြုလုပ်ရန်အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။ အခြားသောကုထုံးအမျိုးအစားများလည်း လိုအပ်နိုင်သည်။

အဆိုပါကုသမှုများအပြင် ကာယကံရှင်၊ မိသားစုနှင့် အခြားသက်ဆိုင်သူများအား ကာယကံရှင်၏ အခြေအနေ၊ ကုသမှုလိုအပ်ချက်၊ ကုသမှုစွဲမြဲစွာခံယူခြင်း စသည်တို့နှင့်သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation) လည်းလိုအပ်သည်။

ဆေးရုံတွင်ကုသခြင်း

မိမိကိုယ်ကိုအန္တရာယ်ပြုရာတွင် ဒဏ်ရာ၊ အခြေအနေပြင်းထန်ခြင်း၊ ထပ်တလဲလဲပြုမူမှုရှိခြင်း စသည့် အခြေအနေများရှိပါက ဆေးရုံတင်ကုသမှု လိုအပ်သည်။ ဆေးရုံတင်ကုသခြင်းဖြင့် ကာယကံရှင်အတွက် လတ်တလောကြုံတွေ့နေရသော အကျပ်အတည်းအချိန်ကာလမကျော်လွန်မီ လုံခြုံစိတ်ချရပြီး ပံ့ပိုးမှုပေးနိုင်သော ပတ်ဝန်းကျင်အခြေအနေ၊ ပိုမိုကြပ်မတ်သောကုသမှု စသည်တို့ကို ရရှိစေနိုင်သည်။

ကာကွယ်ခြင်း

ပထမဦးဆုံးအကြိမ် မိမိကိုယ်ကိုအန္တရာယ်ပြုသည့်ဖြစ်စဉ်ကို ကာကွယ်ရန်မလွယ်ကူတတ်ပါ။ သို့သော် စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ လိုအပ်သော ကုသမှုအကူအညီရယူခြင်းဖြင့် နောင်တွင် မိမိကိုယ်ကိုအန္တရာယ်ပြုလုပ်လာနိုင်သည့် အလားအလာများကို လျှော့ချနိုင်သည်။

ထို့အပြင်_

  • စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ဘဝတွင်ကြုံတွေ့ရသောပြဿနာများကို ဖြေရှင်းခြင်း စသည်တို့နှင့် သက်ဆိုင်သောနည်းလမ်းများကို သင်ကြားပေးခြင်း
  • ကောင်းမွန်သောပံ့ပိုးမှုအထောက်အကူဖြစ်စေနိုင်သည့် လူမှုကွန်ယက်များရှိလာစေခြင်း
  • မိမိကိုယ်ကိုအန္တရာယ်ပြုသည့်အပြုအမူများ၊ ၄င်းအပြုအမူများကိုကာကွယ်ရေး စသည်တို့နှင့် စပ်လျဉ်းပြီး သတိပြုစိတ်ဝင်စားမှုမြင့်မားလာစေခြင်း
  • ကာယကံရှင်အနေနှင့် မိသားစုဝင်များ၊ ယုံကြည်စိတ်ချရသည့် မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များထံ ဖွင့်ဟတိုင်ပင်ခြင်း
  • အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောအခြားဆေးဝါးများအသုံးပြုမှု ရှောင်ကြဉ်ခြင်း
  • စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများရှိလာပါက ဆောလျင်စွာ တိုင်ပင်ပြသကုသမှုခံယူခြင်း
  • လိုအပ်သောတိုင်ပင်ကုသမှုအကူအညီရယူရန် ကာယကံရှင်၏မိတ်ဆွေသူငယ်ချင်းများက တိုက်တွန်းအားပေးခြင်း စသည်တို့ကလည်း မိမိကိုယ်ကိုအန္တရာယ်ပြုသည့်ဖြစ်စဉ်များကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်။

References:

  1. American Psychiatric Association. (2022). Diagnostic and statistical manual of mental disorders (5th ed., text rev.). Retrieved January 6, 2025, from https://doi.org/10.1176/appi.books.9780890425787
  2. Bonvissuto, D. (2024). Cutting and Self-Harm: Warning signs and treatment. WebMD. Retrieved January 6, 2025, from https://www.webmd.com/mental-health/features/cutting-self-harm-signs-treatment
  3. Self-Harm (Nonsuicidal Self-Injury disorder). (2025). Cleveland Clinic. Retrieved January 6, 2025, from https://my.clevelandclinic.org/health/diseases/12201-self-harm
  4. Self-injury/cutting – Symptoms and causes. (n.d.). Mayo Clinic. Retrieved January 6, 2025, from https://www.mayoclinic.org/diseases-conditions/self-injury/symptoms-causes/syc-20350950
  5. Self-injury/cutting – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved January 6, 2025, from https://www.mayoclinic.org/diseases-conditions/self-injury/diagnosis-treatment/drc-20350956
  6. Self harm and suicide. (n.d.). Retrieved January 6, 2025, from https://www.who.int/teams/mental-health-and-substance-use/treatment-care/mental-health-gap-action-programme/evidence-centre/self-harm-and-suicide

Published Date: 18 March 2025

Share

18 March 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.