လိင်ဆက်ဆံခြင်းမှ ကူးစက်လာသော ဘက်တီးရီးယားပိုးများသည် မိန်းမကိုယ်၏ ယောနိလမ်းကြောင်းမှတစ်ဆင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ အမျိုးသမီး မျိုးပွါးအင်္ဂါများဖြစ်သော သားအိမ်၊ သားဥအိမ်နှင့် သားဥပြွန်များထိ ပျံ့နှံ့ဝင်ရောက်သောရောဂါဖြစ်သည်။ အချိန်မီ စနစ်တကျကုသခြင်းမပြုလျှင် အမျိုးသမီး မျိုးပွါးအင်္ဂါတစ်လျှောက် ရောင်ရမ်းပြည်တည်ပြီး မမျိုးပွါးအင်္ဂါများ တစ်သက်တာပျက်စီးသွားတတ်သည်။ ရောဂါလက္ခဏာများကို သိသာစွာ ခံစားရလေ့မရှိသောကြောင့် ကိုယ်ဝန်ရရန် ခက်ခဲခြင်း သို့မဟုတ် နာတာရှည် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်းဖြစ်မှ သိရှိရတတ်သည်။ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါကြောင့် အမျိုးသမီးများသည် ကိုယ်ဝန်ရရန်ခက်ခဲပြီး မျိုးပွါးခြင်းကိုပါ ထိခိုက်နိုင်သည်။
200064-pelvic-inflammatory-disease-p1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သားအိမ်ခေါင်းရှိ သဘာဝအချွဲအမြှေးပါးသည် ဘက်တီးရီးယားပိုးများ မျိုးပွားအင်္ဂါလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည့် ပထမဆုံးသော အကာအကွယ်တစ်ခုဖြစ်သည်။ သို့သော် ဤအကာအကွယ်အလွှာသည် ရာသီသွေးဆင်းချိန်၊ ကလေးမွေးဖွားပြီးချိန်နှင့် ကိုယ်ဝန်ပျက်ကျပြီးနောက်တွင် အားနည်းသွားနိုင်ပြီး ဘက်တီးရီးယားပိုးများသည် မျိုးပွားအင်္ဂါအပေါ်ပိုင်းသို့ တက်ရောက်ပျံ့နှံ့လာနိုင်သည်။ ထို့ပြင် ရှားပါးစွာဖြစ်နိုင်သော နောက်ထပ်အကြောင်းရင်းမှာ သားအိမ်တွင်း သားဆက်ခြားပစ္စည်း (IUD) ထည့်သွင်းခြင်း သို့မဟုတ် ကုသမှုနှင့် ရောဂါရှာဖွေရန်အတွက် ဆေးဘက်ဆိုင်ရာကိရိယာများ အသုံးပြုခြင်းကဲ့သို့သော ဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် ဘက်တီးရီးယားပိုးများ သားအိမ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ သားအိမ်အတွင်း သားဆက်ခြားပစ္စည်းထည့်လျှင် ထည့်ပြီး (၃)ပတ်အတွင်း တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း အနည်းငယ်ပို၍ဖြစ်နိုင်သည်။
ဘက်တီးရီးယားပိုးအများစုသည် တင်ပါးဆုံရိုးကွင်းအတွင်း ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်စေသော်လည်း ကယ်လ်မိုင်ဒီယားပိုး (Chlamydia) နှင့် ဆီးပူညောင်းကျရောဂါ (Gonorrhea) တို့ကြောင့် အဖြစ်အများဆုံးဖြစ်ပြီး အကာအကွယ်မဲ့လိင်ဆက်ဆံမှုကြောင့် ကူးစက်ကြသည်။
အောက်ပါအကြောင်းအရာများကြောင့်လည်း တင်ပါးဆုံရိုးကွင်းအတွင်း ပိုးဝင်ရောင်ရမ်းခြင်းကို ပို၍ဖြစ်စေနိုင်သည်။
- အသက် (၂၅) နှစ်မတိုင်မီကတည်းက လိင်ဆက်ဆံမှုရှိခြင်း
- လိင်ဆက်ဆံဖော်များခြင်း
- လိင်ဆက်ဆံဖော်များသော အမျိုးသားနှင့် လိင်ဆက်ဆံမိခြင်း
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- မိန်းမကိုယ် ယောနိလမ်းကြောင်းကို ပုံမှန်ဆေးခြင်းဖြင့် အကာအကွယ်ပေးသော ဘက်တီးရီးယားနှင့် အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများ မညီမျှမှုဖြစ်ခြင်း
- လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါနှင့် တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း ရောဂါရာဇဝင်ရှိခြင်း
ရောဂါလက္ခဏာများ
တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါသည် သိသာစွာလက္ခဏာပြခြင်း မရှိသည့်အတွက် ရောဂါဖြစ်ကြောင်းသိရှိရန် ခက်ခဲသည်။ တစ်ခါတစ်ရံ မည်သည့်လက္ခဏာမှ မပြတတ်ပါ။ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် ခံစားရသော လက္ခဏာအများစုမှာ အောက်ပါတို့ဖြစ်သည်။
- ဝမ်းဗိုက်အောက်ပိုင်းနှင့် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း (အနည်းငယ်နာကျင်ခြင်းမှ အလွန်ဆိုးရွားစွာ နာကျင်ခြင်းထိ ဖြစ်တတ်သည်)
- မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ ဆိုးရွားသောအနံ့ရှိသည့် အရည်များဆင်းခြင်း (အများအားဖြင့် အစိမ်းရောင် သို့မဟုတ် အဝါရောင်ရှိသောအရည်)
- လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား သွေးဆင်းခြင်း အစရှိသော မူမမှန်သွေးဆင်းခြင်း
- လိင်ဆက်ဆံချိန် နာကျင်ခြင်း
- ချမ်းတုန်ဖျားခြင်း
- ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားရခက်ခဲခြင်း
နောက်ဆက်တွဲပြဿနာများ
တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းကို မကုသခဲ့လျှင် မျိုးပွါးအင်္ဂါများတွင် ပြည်တည်ခြင်း၊ မျိုးပွါးအင်္ဂါ တစ်ခုနှင့်တစ်ခုကြား အမျှင်ငယ်များဖြင့် လုံးထွေးရစ်ပတ်လာခြင်းများကြောင့် တစ်သက်တာ ပျက်စီးမှုဖြစ်စေနိုင်သည်။ ထိုသို့ပျက်စီးမှုကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်လာသည်။
- သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း _ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် သားဥပြွန်တွင် အမျှင်ငယ်များ ဖြစ်ပေါ်ပိတ်ဆို့လာပြီး သားဥပြွန်လှုပ်ရှားမှုကို ကန့်သတ်ထားသဖြင့် သန္ဓေသားလုံးသည် သားဥပြွန်မှ သားအိမ်တွင်းသို့ မရောက်နိုင်တော့ဘဲ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းဖြစ်သည်၊ သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိသောကြောင့် အရေးပေါ်ကုသမှုရရန် လွန်စွာအရေးကြီးသည်
- မျိုးမပွါးနိုင်ခြင်း _ မျိုးပွါးအင်္ဂါများ ပျက်စီးခြင်းကြောင့် ကိုယ်ဝန်ရရန်ခက်ခဲပြီး မျိုးမပွါးနိုင်ခြင်း ဖြစ်သည်၊ မကြာခဏ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်လျှင်သော်လည်းကောင်း၊ ကုသရန် နှောင့်နှေးခဲ့လျှင်သော်လည်းကောင်း မျိုးမပွါးနိုင်ခြင်း ပိုပြီးဖြစ်နိုင်သည်
- နာတာရှည် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း _ သားဥပြွန်များနှင့် တခြားသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများတွင် ပိုးဝင်ရောင်ရမ်းခြင်း နာတာရှည်ဖြစ်လာပါက သားဥကြွေချိန်၊ လိင်ဆက်ဆံချိန်တို့တွင် နာကျင်နိုင်သည်၊ လအနည်းငယ်မှ နှစ်များစွာကြာသည်အထိ နာကျင်နိုင်သည်
- သားဥပြွန်နှင့် သားဥအိမ်တွင် ပြည်တည်ခြင်း _ ပြည်တည်ခြင်းသည် တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါအားလုံးတွင် ဖြစ်နိုင်ပြီး သားဥပြွန်နှင့် သားဥအိမ်တွင် ပို၍အဖြစ်များသည်၊ အချိန်မီကုသခြင်းမရှိလျှင် အသက်အန္တရာယ်ရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းသော ရောဂါလက္ခဏာများ ခံစားနေရသူများသည် အောက်ပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ချက်ချင်းပြသရန်လိုသည်။
- ဝမ်းဗိုက်အောက်ပိုင်း ပြင်းထန်စွာနာကျင်ခြင်း
- အလွန်အမင်း ပျို့အန်ခြင်း
- အဖျား (၁၀၁) ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်ခြင်း
- မိန်းမကိုယ်မှ အနံ့ဆိုးသောအရည်များ ဆင်းခြင်း
မိန်းမကိုယ်မှ အနံ့ဆိုးသောအရည်များ ဆင်းခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား သွေးဆင်းခြင်းများသည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါကြောင့် ခံစားရသော လက္ခဏာများဖြစ်နိုင်သည့်အတွက် လိင်ဆက်ဆံမှုကို ရှောင်ကြဥ်ပြီး မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပြသပါ။ ရောဂါကုသမှုခံယူလျှင် တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းကို ကာကွယ်နိုင်မည်။
ရောဂါရှာဖွေခြင်း
တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရာတွင် ခံစားရသော ရောဂါလက္ခဏာများ၊ လိင်ဆက်ဆံမှု အမူအကျင့်များ၊ လိင်နှင့်ပတ်သက်သော ကူးစက်ရောဂါများနှင့် သားဆက်ခြားနည်းလမ်းများ အစရှိသော ရောဂါရာဇဝင်မေးမြန်းခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အလုံးအကျိတ်များကို စမ်းသပ်ခြင်း၊ သားအိမ်ခေါင်းနှင့် ယောနိလမ်းကြောင်းမှ အရည်များကို တို့ဖတ်ဖြင့်ယူ၍ ကယ်လ်မိုင်းဒီးယားနှင့် ဆီးပူညောင်းကျရောဂါပိုးများကို စစ်ဆေးခြင်း၊ သွေးနှင့်ဆီးနမူနာများယူ၍ ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်း၊ အိတ်ချ်အိုင်ဗွီရောဂါနှင့် အခြားသောလိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း၊ ပိုးဝင်ရောင်ရမ်းခြင်းနှင့်ဆိုင်သော သွေးဖြူဥအရေအတွက်ကို စစ်ဆေးခြင်းနှင့် မျိုးပွါးအင်္ဂါများကို အာထရာဆောင်းရိုက်ခြင်း စသည်တို့ ပြုလုပ်မည်ဖြစ်သည်။ လိုအပ်ပါက ဝမ်းဗိုက်တွင် အပေါက်ငယ်ဖောက်၍ မှန်ပြောင်းဖြင့် မျိုးပွါးအင်္ဂါများကို ကြည့်ရှုစစ်ဆေးခြင်း၊ သားအိမ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှု၍ အသားစယူပြီး ပိုးဝင်ရောင်ရမ်းခြင်းကို စစ်ဆေးခြင်း (Endometrial biopsy) အစရှိသည်တို့ကို ဆက်လက်ပြုလုပ်မည်။
ကုသခြင်း
ကုသခြင်းနည်းလမ်းများမှာ_
- ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
- မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်မှ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများကို တွဲစပ်ပေးပြီး ချက်ချင်း ကုသမှုစတင်မည်
- ဓာတ်ခွဲစစ်ဆေးခြင်းမှ ထွက်ပေါ်လာသောအဖြေနှင့် တွေ့ရှိရသော ရောဂါပိုးအပေါ် မူတည်၍ ပိုမိုသင့်လျော်ကောင်းမွန်သော ပိုးသတ်ဆေးများ လိုအပ်ပါက ပြောင်းလဲပေးမည်
- ဆေးများစတင်သောက်သုံးပြီး (၃) ရက်မြောက်နေ့တွင် ဆရာဝန်နှင့် ပြန်လည်ရက်ချိန်းပြသပြီး ကုသမှု သက်သာခြင်း ရှိမရှိ စစ်ဆေးရမည်
- ဆေးများကို ညွှန်ကြားထားသည့် ရက်ပြည့်အောင် သောက်သုံးရန် အရေးကြီးသည်။
- လိင်ဆက်ဆံဖော်ကို ကုသခြင်း
လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ပြန်မဖြစ်စေရန် မိမိ၏လိင်ဆက်ဆံဖော်ကို စစ်ဆေးကုသရမည်။ (လိင်ဆက်ဆံဖော်သည် လက္ခဏာမပြဘဲ ရောဂါပိုးရှိနေတတ်သောကြောင့် ဖြစ်သည်) - လိင်ဆက်ဆံမှု ရှောင်ကြဉ်ခြင်း
ရောဂါလက္ခဏာများ မခံစားရတော့သည့်တိုင်အောင်၊ ပဋိဇီဝပိုးသတ်ဆေးများကို သတ်မှတ်ရက်ပြည့်အောင် သောက်ပြီးနောက် တစ်ပတ်ကြာသည်အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမည်။ - ဆေးရုံတက်၍ကုသခြင်း
- ကိုယ်ဝန်ဆောင်ဖြစ်လျှင်၊ အသက်အန္တရာယ်ရှိလောက်အောင် ပိုးဝင်နေလျှင်၊ ပြည်တည်နာရှိသည်ဟု သံသယရှိလျှင်၊ ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးခြင်းဖြင့် မသက်သာလျှင် ဆေးရုံတက်ရန် လိုအပ်သည်
- ဦးစွာ ပဋိဇီဝပိုးသတ်ဆေးများကို ထိုးရမည်ဖြစ်ပြီး သက်သာလာပါက ထိုးဆေးဖြုတ်၍ သောက်ဆေးများသို့ ပြောင်းလဲသောက်သုံးရမည်။
- ခွဲစိတ်ကုသခြင်း
- ခွဲစိတ်ကုသခြင်းမှာ အလွန်ရှားပါးသော်လည်း ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသ၍ မသက်သာဘဲ ပြည်တည်နာများရှိလာပါက ပြည်များကို ဖောက်ထုတ်ပစ်ရန် လိုအပ်သည်။
ဤကုသခြင်းနည်းလမ်းများသည် ရောဂါအခြေအနေနှင့် လူနာ၏ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့် သေချာတိုင်ပင်ပြီး ကုသမှုခံယူရန် အရေးကြီးသည်။
ကာကွယ်ခြင်း
တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းအန္တရာယ်ကို ကာကွယ်နိုင်ရန် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ပါ။
- လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ၊ လိင်ဆက်ဆံဖော် အရေအတွက် ကန့်သတ်ခြင်း၊ လိင်ဆက်ဆံဖော်၏ လိင်နှင့်ပတ်သက်သော ရာဇဝင်ကို စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်ခြင်းဖြင့် အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုအလေ့အထကို ပြုကျင့်ပါ
- မိမိ၏ ကျန်းမာရေးစောင့်ရှောက်သူများကို သားဆက်ခြားနည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပါ၊ မည်သည့်နည်းဖြင့် သားဆက်ခြားထားသည်ဖြစ်စေ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးများကို ကာကွယ်ပါ
- မိမိတွင် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးများ အန္တရာယ်ရှိလျှင် စစ်ဆေးမှုများ ပြုလုပ်ရန် မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ၊ လိုအပ်လျှင် စောစီးစွာကုသမှုခံယူခြင်းဖြင့် တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း အန္တရာယ်ကို ကောင်းစွာရှောင်ရှားနိုင်သည်
- မိမိတွင် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးရှိခြင်း သို့မဟုတ် တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းရောဂါရှိနေလျှင် မိမိ၏လိင်ဆက်ဆံဖော်ကို စစ်ဆေးရန်၊ လိုအပ်လျှင် ကုသမှုခံယူရန် အကြံဉာဏ်ပေးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ ဖြစ်ပွါးမှုကို ကာကွယ်နိုင်မည်၊ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း ပြန်လည်ဖြစ်နိုင်ခြေကိုလည်း ကာကွယ်နိုင်မည်
- မိန်းမကိုယ်အတွင်းပိုင်းသို့ ဆေးခြင်း (Douching) ကို ရှောင်ကြဉ်ခြင်းဖြင့် ဘက်တီးရီးယားပိုးများ ဘက်မညီမှုဖြစ်ခြင်းကို ကာကွယ်နိုင်မည်
- ပိုးဝင်ရောင်ရမ်းခြင်း ပြန်မဖြစ်စေရန် ပဋိဇီဝပိုးသတ်ဆေးများကို သတ်မှတ်ရက်ပြည့်အောင် သောက်ပြီးနောက် တစ်ပတ်ကြာသည်အထိ လိင်ဆက်ဆံမှုရှောင်ကြဥ်ပါ။
References:
- Pelvic inflammatory disease (PID) – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved February 4, 2025, from https://www.mayoclinic.org/diseases-conditions/pelvic-inflammatory-disease/symptoms-causes/syc-20352594
- Pelvic inflammatory disease (PID) – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved February 4, 2025, from https://www.mayoclinic.org/diseases-conditions/pelvic-inflammatory-disease/diagnosis-treatment/drc-20352600
- Pelvic inflammatory disease. (2025). Cleveland Clinic. Retrieved February 4, 2025, from https://my.clevelandclinic.org/health/diseases/9129-pelvic-inflammatory-disease-pid
- Website, N. (2024). Pelvic inflammatory disease. nhs.uk. Retrieved February 4, 2025, from https://www.nhs.uk/conditions/pelvic-inflammatory-disease-pid/
Published Date: 19 March 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.