ချောင်းဆိုးခြင်းဆိုသည်မှာ ပြင်ပမှလာသည့် ပိုးမွှားများနှင့် ဓာတ်ပစ္စည်း၊ အဆိပ်အတောက် စသည်တို့ကို တိုက်ထုတ်ကာကွယ်သော၊ အဆုတ်တွင်းမှ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသည်တို့ကို ပြန်လည်စွန့်ထုတ်ပေးသော ခန္ဓာကိုယ်၏ ကာကွယ်မှု၊ တုံ့ပြန်မှုတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ချောင်းဆိုးခြင်းသည် ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်က ပုံမှန်လုပ်ငန်းများ လုပ်ဆောင်နေသော ကျန်းမာသည့်လက္ခဏာ တစ်ခုလည်းဖြစ်သည်။
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
သာမန်အားဖြင့် အသက် (၄) နှစ်အထက် ကလေးများတွင် ချောင်းဆိုးခြင်းကြောင့် ကလေး၏အအိပ်၊ အစား၊ အနေအထိုင်စသည်တို့ကို ထိခိုက်မှုရှိလျှင် ချောင်းဆိုးပျောက်ဆေးများတိုက်ရန် စဉ်းစားသင့်သည်။ သို့သော် ချောင်းဆိုးတိုင်း ချောင်းဆိုးပျောက်ဆေး တိုက်ရန်မလိုပါ။ ချောင်းဆိုးပျောက်ဆေးတိုင်းကိုလည်း တစ်မျိုးတစ်စားတည်း သတ်မှတ်ပြီး သောက်၍မရပါ။ ချောင်းဆိုးပျောက်ဆေးသောက်တိုင်းလည်း ရောဂါမပျောက်ပါ။
ချောင်းဆိုးစေသောရောဂါ (ဥပမာ- တီဘီ၊ ရင်ကျပ်ပန်းနာ) စသည်တို့ အပေါ်တွင်လည်း မူတည်ပြီး သက်ဆိုင်ရာရောဂါကို ကုသရန်လိုသည်။ ကလေးများတွင်ဖြစ်သော နှာစေးချောင်းဆိုးအများစုသည် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပြီး တစ်ပတ်နှစ်ပတ်အတွင်း အလိုလိုသက်သာလေ့ရှိသည်။ ချောင်းဆိုးပျောက်ဆေးများကြောင့် ရောဂါဖြစ်သည့် သက်တမ်းလည်း တိုသွားနိုင်ခြင်းမရှိပါ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့်အတွက် ချောင်းဆိုးတိုင်း ပဋိဇီဝပိုးသတ်ဆေးများလည်းပေးရန် မလိုပါ။
နောက်ဆက်တွဲဆိုးကျိုးများ
ချောင်းဆိုးပျောက်ဆေးများကြောင့် နောက်ဆက်တွဲဆိုးကျိုးများ အထူးသဖြင့် နှလုံးခုန်မြန်လာနိုင်ခြင်း၊ အသက်ရှူနှုန်း နှေးသွားနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်လာတတ်သည်။ အထူးသဖြင့် ငယ်ရွယ်သောကလေးများတွင် ပို၍တွေ့ရှိနိုင်သည်။ ထို့ကြောင့် အသက် (၄) နှစ်အောက် ကလေးများတွင် ချောင်းဆိုးပျောက်ဆေးများ မတိုက်သင့်ပါ။ အခြားနောက်ဆက်တွဲဆိုးကျိုးများမှာ အန်ခြင်း၊ အတက်လက္ခဏာများပေါ်လာခြင်း၊ သာမန်ထက်ပို၍ အိပ်ခြင်း၊ မှိန်းခြင်း၊ ရုတ်တရက် အမူအကျင့် ပြောင်းလဲသွားနိုင်ခြင်းစသည်တို့ဖြစ်သည်။
ထို့အပြင် ချောင်းဆိုးပျောက်ဆေးများတွင် ဓာတ်ပစ္စည်းတစ်မျိုးထက် ပို၍ပေါင်းစပ်ထားသော ချောင်းဆိုးပျောက်ဆေးများ များပြားသည့်အတွက် ကလေးအတွက်လိုအပ်သော ဓာတ်ပစ္စည်းအမျိုးအစား၊ ပမာဏထက် ပိုမိုများပြားနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများ ပိုမိုဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် လိုအပ်သော ပမာဏထက်ပို၍ သောက်သုံးမိနိုင်ခြင်း၊ အကြိမ်များစွာဆေးတိုက်မိနိုင်ခြင်း စသည်တို့ကြောင့်လည်း နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။
ချောင်းဆိုးပျောက်ဆေးများမပါဘဲ ကုသနိုင်သောနည်းလမ်းများ
အထက်ဖော်ပြပါ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ကလေးများချောင်းဆိုးလျှင် အတတ်နိုင်ဆုံး ချောင်းဆိုးပျောက်ဆေးများမပါဘဲ အောက်ပါ တခြားစိတ်ချရသော နည်းလမ်းများဖြင့် ကုသသင့်သည်။
- အရည်များများ သောက်ခြင်း အထူးသဖြင့် ချွဲသလိပ်များပျော်စေရန် ပူနွေးသောအရည်များတိုက်ပေးခြင်း၊
- ချောင်းဆိုးခြင်းနှင့်တွဲပြီး ဖြစ်လာနိုင်သည့် နှာခေါင်းပိတ်လျော့စေရန် နှာခေါင်းတွင်း ဆားရည်အစက်ချဆေး (saline drops) ထည့်ပေးခြင်း၊
- ကလေးပတ်ဝန်းကျင်တွင် အသက်ရှူလမ်းကြောင်းကို ပိုမိုလှုံ့ဆော်၍ ချောင်းပိုဆိုးစေနိုင်သည့် ဖုန်၊ အမှုန်၊ စူးရှသောအနံ့၊ ဆေးလိပ်ငွေ့ စသည်တို့ကို ရှောင်စေခြင်း စသည်တို့ဖြင့် ကုသနိုင်သည့်အပြင်
- ကလေးများကို ကျောင်းမလွှတ်ဘဲ အိမ်တွင်အနားယူစေခြင်းများကို လုပ်ဆောင်သင့်သည်။
သတိပြုသင့်သည့် အချက်များ
ကလေးများ ချောင်းဆိုးပျောက်ဆေး သောက်သုံးခြင်းနှင့်ပတ်သက်ပြီး သတိပြုသင့်သောအချက်များမှာ –
- ပထမအဆင့်အနေဖြင့် ချောင်းဆိုးပျောက်ဆေး တိုက်သင့် မတိုက်သင့် စဉ်းစားရမည်။ အသက် (၄) နှစ်အောက် ကလေးများတွင် ချောင်းဆိုးပျောက်ဆေးများ မတိုက်သင့်ပါ။ ချောင်းဆိုးခြင်းကြောင့် ကလေး၏ အစား၊ အဆော့၊ အအိပ်၊ အနေအထိုင်ကို မည်မျှထိခိုက်နိုင်သည် ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားရမည်။ ဤသို့ထိခိုက်မှုမရှိဘဲ တစ်ခါတစ်ရံ သာမန်ချောင်းဆိုးလျှင်လည်း ချောင်းဆိုးပျောက်ဆေးတိုက်ရန် မလိုပါ။
- ချောင်းဆိုးပျောက်ဆေးတိုက်ရန် စဉ်းစားလျှင် ဒုတိယအဆင့်အနေဖြင့်ချောင်းဆိုးရသည့် အကြောင်းရင်းနှင့် ရောဂါအခံအပေါ်မူတည်ပြီး ဆေးရွေးချယ်ရမည်။ ဥပမာအားဖြင့် –
- နှာရည်ကျ၍ချောင်းဆိုးခြင်း၊ ဓာတ်မတည့်ခြင်းနှင့်တွဲ၍ ချောင်းဆိုးခြင်းများအတွက် ဟစ်စ်တမင်း ဆန့်ကျင်ဆေး (ဥပမာ – Cetirizine) ပါသော ချောင်းဆိုးပျောက်ဆေးမျိုး သောက်သင့်သည်။ ထိုဆေးတစ်မျိုးနှင့် လုံလောက်နိုင်သည်။
- ရင်ကျပ်လျှင်လည်း ချောင်းဆိုးနိုင်သည်။ ချောင်းဆိုးခြင်း၊ မောခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်နေခြင်း စသည်တို့သည် ရင်ကျပ်လက္ခဏာများ ဖြစ်သည်။ ရင်ကျပ်၍ချောင်းဆိုးလျှင် လေပြွန်ကျယ်စေသော bronchodilator ပါသည့် ချောင်းဆိုးပျောက်ဆေးမျိုး သောက်ရသည်။ တစ်ခါတစ်ရံ ရင်ကျပ်ပျောက်ဆေးများ ရှူရုံနှင့်လည်း ချောင်းဆိုးသက်သာနိုင်သည်။
- ချွဲသလိပ်များကြောင့် ချောင်းဆိုးလျှင် သလိပ်ပျော်ဆေးပါသော ချောင်းဆိုးပျောက်ဆေးများ ပေးနိုင်သည်။
- ချောင်းခြောက်တအားဆိုးလျှင် ချောင်းမဆိုးအောင်ထိန်းသော Cough Suppressant/ Dextromethorphan ပါသည့် ချောင်းဆိုးပျောက်ဆေးမျိုး ပေးရသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သလို အကြိမ်များစွာ ဆက်တိုက်ချောင်းဆိုးနေပြီး ကလေး၏ အစား၊ အဆော့၊ အအိပ်၊ အနေအထိုင်တို့ကို ထိခိုက်နေသော ချောင်းဆိုးခြင်းမျိုးတွင်မှ ထိုဆေးများကို တိုက်ကျွေးသင့်သည်။ ထိုအခြေအနေမျိုးတွင် ဆရာဝန်နှင့်တိုင်ပင်ကုသသင့်သည်။
- ဤသို့ ချောင်းဆိုးရခြင်း အမျိုးအစားများ ခွဲခြားနိုင်ရန် ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ နားကြပ်နှင့်နားထောင်ခြင်းတို့သည် အလွန်အရေးကြီးသည်။
- တတိယဆင့်အနေဖြင့် ချောင်းဆိုးစေသောရောဂါသည် ကုသရန်လိုသောရောဂါမျိုးဖြစ်လျှင် ဥပမာ- တီဘီ၊ ရင်ကျပ်ပန်းနာ၊ အဆုတ်ရောင်ရောဂါ စသည်တို့ရှိနေလျှင် ထိုရောဂါများကို ကုသရသည်။ သို့သော်အထက်ပါ ရောဂါဖြစ်စဥ်များအရ ကလေးများတွင်ဖြစ်သော နှာစေးချောင်းဆိုးအများစုသည် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်သည့်အတွက် တစ်ပတ်နှစ်ပတ်အတွင်း အလိုလိုသက်သာလေ့ရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
- ကိုယ်အပူချိန် (၁၀၂) ဒီဂရီဖာရင်ဟိုက် သို့မဟုတ် (၃၉) ဒီဂရီစင်တီဂရိတ်ထက်များလျှင်
- အသက်ရှူမြန်လျှင် (သို့မဟုတ်) ရင်ဘတ်အောက်ပိုင်း ချိုင့်ဝင်အောင် အသက်ရှူနေလျှင်
- အသက်ရှူသွင်း ရှူထုတ်ချိန်များတွင် တရွှီရွှီမြည်သံ (သို့မဟုတ်) အခြားအသံများကြားလာလျှင်
- ကလေး၏ နှုတ်ခမ်းနှင့် လျှာ ပြာလာလျှင်
- အစားအသောက် သိသိသာသာ လျော့သွားလျှင် သို့မဟုတ် နို့ကောင်းကောင်းမစို့လျှင်
- အိပ်ချိန်သာမန်ထက် သိသိသာသာ ပိုများနေလျှင်
- အအိပ်အစား ပျက်လောက်အောင် နေ့ရောညပါ ဆက်တိုက်ချောင်းဆိုးနေလျှင်
- တစ်ရက်ထက်တစ်ရက် ချောင်းပိုဆိုးလာလျှင်
အချုပ်ဆိုရလျှင် ချောင်းဆိုးသည်နှင့် တွေ့ရာမြင်ရာ ချောင်းဆိုးပျောက်ဆေးများ မသောက်သင့်ပါ။ အထူးသဖြင့် အသက် (၄) နှစ်အောက် ကလေးများအနေဖြင့် ချောင်းဆိုးပျောက်ဆေးများကို ရှောင်ကြဉ်သင့်သည်။ အထက်ဖော်ပြပါ အခြေအနေများတွင် ဆေးရုံဆေးခန်းများသို့ ပြသ၍ ကုသမှုခံယူသင့်သည်။
References:
- Kids Health Info : Cough. (n.d.). Retrieved July 3, 2024, from https://www.rch.org.au/kidsinfo/fact_sheets/cough/
- Clinic, C. (2024). Cough Medicine and Kids: Safety and Alternatives To Stop the Cough. Cleveland Clinic. Retrieved July 3, 2024, from https://health.clevelandclinic.org/kids-medicine-for-cough-and-cold
- Know the risks of cold medicine for kids. (n.d.). Mayo Clinic. Retrieved July 3, 2024, from https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/cold-medicines/art-20047855
- Schmitt, B. D. (n.d.). Coughs and colds: Medicines or home remedies? Pediatrics. American Academy of Pediatrics. Retrieved July 3, 2024, from https://doi.org/10.1542/ppe_schmitt_061
- Coughs and Colds: Medicines or Home Remedies? (2021). Pediatric Patient Education. Retrieved July 3, 2024, from https://doi.org/10.1542/ppe_schmitt_061
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.