Asthma Inhalers (ရင်ကျပ်ရောဂါကု ဆေးရှူကိရိယာများ)

Asthma Inhalers (ရင်ကျပ်ရောဂါကု ဆေးရှူကိရိယာများ)
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ

ရင်ကျပ်ရောဂါကု ဆေးရှူကိရိယာများ (Inhalers) သည် ရင်ကျပ်ဝေဒနာရှင်များအတွက် မရှိမဖြစ် လိုအပ်သော၊ သေးငယ်ပြီး လက်ဖြင့်ကိုင်တွယ်အသုံးပြုနိုင်သော ပစ္စည်းများဖြစ်သည်။ ဆေးဗူးထဲရှိ ဆေးရည်ကို ပါးစပ်မှတစ်ဆင့် ရှူသွင်းခြင်းဖြင့် အဆုတ်ထဲသို့ရောက်‌ပြီး ရင်ကျပ်သက်သာစေသည်။ သို့သော် ဆေးရှူနည်းမှန်မှန်ဖြင့် စနစ်တကျ ရှူမှသာ ရောဂါလက္ခဏာ သက်သာပျောက်ကင်းနိုင်သည်။ ထိုဆေးများကို ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ကျဥ်း အဆုတ်ပွရောဂါနှင့် အခြားသော အဆုတ်လေပြွန်ရောဂါများတွင် အသုံးပြုသည်‌‌။

​ရင်ကျပ်ကုသသည့်ဆေးဝါးများ

​ရောဂါပြင်းထန်မှု​ပေါ် မူတည်၍ ​ရင်ကျပ် ရှူဆေးများကို ​နေ့စဥ် (သို့မဟုတ်) လိုအပ်သည့်အခါ ရှူနိုင်သည်။ လက္ခဏာသက်သာ​စေသည့်​ ဆေးများ (reliever) နှင့် ကာကွယ်​ဆေးများ(preventer) ဟူ၍ရှိသည်။ ကလေးများတွင် ရှူဆေးအသုံးပြုလျှင် က​လေး၏ အသက်အရွယ်နှင့် လုပ်​ဆောင်နိုင်မှု​ပေါ် မူတည်၍ ကြားခံပစ္စည်း (spacers) များကို အသုံးပြုရန် လိုအပ်သည်။

လက္ခဏာအမြန်သက်သာ​​စေ​သော​ဆေးများ (relievers)

​ရောဂါသည် ပြင်းထန်ခြင်းမရှိလျှင်၊ ရင်ကျပ်သည့် အကြိမ်အရေအတွက် မများလျှင် (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်မှသာ ​ရောဂါလက္ခဏာကို အနည်းငယ်ခံစားရလျှင် လက္ခဏာအမြန်သက်သာ​စေ​သော ရှူ​ဆေးများကိုသာ သုံးရန်လိုအပ်သည်။ အလျင်အမြန် သက်သာ​စေ​သော​ဆေးများတွင် ​လေပြွန် ကျယ်​စေသည့်​ ဆေးများဖြစ်​သော short acting beta2 agonists (SABAs) နှင့် short acting anticholinergics ​ဆေးများ ပါဝင်သည်။ ယေဘုယျအားဖြင့် short acting beta2 agonists (SABAs) ရှူဆေးဘူးများ၏ အရောင်ကို အပြာရောင်၊ short acting anticholinergics ဆေးဘူးများကို အစိမ်းရောင်အဖြစ် သတ်မှတ်ထုတ်လုပ်လေ့ရှိသည်။

A P3

ကာကွယ်​ဆေးများ (preventers)

​ရောဂါလက္ခဏာများ တဖြည်းဖြည်းလျော့နည်းအောင် ထိန်းချုပ်ရန်နှင့် ရုတ်တရက် ပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် ​နေ့စဉ်အသုံးပြုရန် လိုအပ်သည့်ဆေးဝါးများ ဖြစ်သည်။ ထို​ဆေးများတွင် ​လေပြွန်​ ရောင်ရမ်းမှုကို​ လျှော့ချနိုင်သည့်​ စတီးရွိုက်​ဆေးများနှင့် အခြား​လေပြွန်ကျဥ်းသွားခြင်းကို ကာကွယ်နိုင်သည့်​ ရှူ​ဆေးများ (Steroid inhalers, Leukotriene modifiers, Long acting beta2-agonists) ​ရှူဆေးများ ပါဝင်သည်။ ဤကာကွယ်ဆေးများကို တစ်မျိုးခြင်းစီဖြစ်စေ၊ နှစ်ခုပေါင်းဖြစ်စေ ထုတ်လုပ်သည်။ စတီးရွိုက် ​ရှူဆေးများ (Steroid inhalers) ကို အညိုရောင် သို့မဟုတ် လိမ္မော်ရောင် ဆေးဘူးများ၊ Long acting beta2-agonists(LABAs) ​များကို အစိမ်း‌ရောင် ဆေးဘူးများ၊ နှစ်မျိုးပေါင်းဆေးဘူးများကို အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင် ဆေးဘူးများအနေဖြင့် ထုတ်လုပ်သည်။

A p4

ဆေးရှူကိရိယာအမျိုးမျိုး

ဆေးရှူကိရိယာကို ပုံစံအမျိုးမျိုးဖြင့် တွေ့နိုင်သည်။ အသုံးများသောရှူဆေးများမှာ-

  1. Metered Dose inhaler
  2. Dry Powder Inhaler တို့ဖြစ်သည်။

ဆေးရှူဘူးများတွင် လေပြွန်ကျယ်ဆေးများ၊ ​လေပြွန်​ရောင်ရမ်းမှုကျစေသော ဆေးများကို တစ်မျိုးချင်းသော်လည်းကောင်း၊ နှစ်မျိုးပေါင်းစပ်ဆေး အနေဖြင့်လည်းကောင်း တွေ့ရှိရသည်။

Metered Dose inhaler

ဂေါက်တံပါသော ဆေးရှူဘူး အမျိုးအစားဖြစ်သည်။ အတွေ့ရများပြီး အသုံးများသည်။ လက်ဖြင့် ကိုင်တွယ်၍ရပြီး ဘူး၏ထိပ်တစ်ဖက်တွင် ပါးစပ်အတွင်းသို့ ထည့်၍ဆေးရှူရန် နေရာပါရှိပြီး ကျန်ထိပ်တစ်ဖက်တွင် ဆေးညှစ်ထုတ်ရန် နေရာပါရှိသည်။ ဆေးဘူးထဲတွင် ဆေးရည်ကို ဖိအားဖြင့် ထည့်ထားပြီး ဆေးတစ်ခါရှူရန် ညှစ်ပါက ထွက်ရမည့် ပမာဏကိုသတ်မှတ်ထားသည်။ တချို့သော ဆေးဘူးများတွင် ရှူထားပြီးသော အချက်‌ရေကို ကြည့်နိုင်သည်။ အသက်(၁၂)နှစ်အောက် ကလေးများတွင် ရှူဆေးဘူးများကို တိုက်ရိုက်မရှူဘဲ ကြားခံပစ္စည်း (Spacer) သုံးသင့်သည်။ ထိုကလေးငယ်များတွင် နှာခေါင်းနှင့်ပါးစပ်အုပ် (Facemask) နှင့် ကြားခံပစ္စည်း (Spacer) တွဲ၍ ရှူရသည်။

Dry Powder Inhaler

ဆေးမှုန့်ကို ထည့်သွင်းထားသော ဆေးရှူဘူးအမျိုးအစားဖြစ်သည်။ ဆေးကိုဖိညှစ်၍ မရှူရဘဲ ပါးစပ်မှ အဆုတ်အတွင်းသို့ ခပ်ပြင်းပြင်းရှူသွင်းရသည်။ ပါးစပ်တွင်းသို့ထည့်၍ ဆေးရှူရန် နေရာပါသည်။ ပုံသဏ္ဌာန်၊ အမှတ်တံဆိပ် အမျိုးအစားများစွာ ရှိသည်။

သုံးစွဲပုံ နည်းလမ်းများ
Asthma inhalers image5

Metered Dose Inhaler သုံးစွဲပုံ (ရှူပုံရှူနည်း)

  • လက်ကိုစင်ကြယ်စွာဆေးပါ
  • ဆေးဘူးတွင်ရှိသော သက်တမ်းကုန်ဆုံးရက်နှင့် ကျန်ရှိသောအချက်ရေကို စစ်ဆေးပါ
  • ရှူဆေး၏အဖုံးကိုဖွင့်ပါ
  • ဆေးမရှူခင် ဆေးဘူးကို(၄-၅)ချက် အပေါ်၊အောက် လှုပ်၍ ဆေးရှိကြောင်းဖိနှိပ်ပြီး စမ်းသပ်ပါ
  • ဆေးဘူးကို မျက်နှာချင်းဆိုင်အနေအထားဖြင့် L ပုံသဏ္ဌာန် ကိုင်တွယ်ထားရှိပါ
  • လေကို တတ်နိုင်သမျှ အရင်ရှူထုတ်ပေးပါ
  • ‌ဂေါက်တံကို ကိုင်၍ ပါးစပ်အတွင်း ထည့်ရမည့်ဘက်မှ ပါးစပ်အဝသို့တေ့၍ထည့်ပါ
  • ဆေးဘူး‌ဂေါက်တံသည် ပါးစပ်နှင့် လုံနေရန် ဂရုစိုက်ပါ
  • လေကို ပါးစပ်ဖြင့် ဖြေးညှင်းစွာရှူသွင်းပြီး ဆေးဘူးကို တပြိုင်နက်ဖိညှစ်ပါ (ဆေးရည်ထွက်သည့်အချိန်နှင့် ရှူသွင်းချိန်သည် ကိုက်ညီမှုရှိရန်လိုသည်။ ကလေးများတွင် ထိုသို့ ချိန်ကိုက်မလုပ်ဆောင်နိုင်သောကြောင့် ကြားခံပစ္စည်း (spacer) သုံးရန်လိုအပ်သည်)
  • တစ်ကြိမ်ဖိညှစ်ပြီးလျှင် ဆေးအာနိသင် အဆုတ်အတွင်းသို့ ရောက်ရှိရန် (၁၀)စက္ကန့်ခန့် သို့မဟုတ် (၁)မှ (၁၀)အထိ မှတ်၍ အသက်ရှူအောင့်ထားပါ
  • မိမိရှူမည့် အချက်ရေပေါ် မူတည်၍ အထက်ပါအဆင့်အတိုင်း ထပ်မံပြုလုပ်ပါ
  • ဆေးရှူပြီးပါက အဖုံးကိုပြန်ဖုံးထားပါ
  • ဆေးရှူပြီးပါက သန့်စင်သောရေဖြင့် ပလုတ်ကျင်းပေးပါ
  • မိမိအသုံးပြုသော ရှူဆေးဘူးပေါ် မူတည်၍ အချို့သော ညွှန်ကြားချက်များ ရှိနိုင်သောကြောင့် သက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။
  • ကြားခံပစ္စည်း(Spacer) ကို ရေနှင့်ဆပ်ပြာဖြင့် သန့်စင်အောင် ဆေးကြောရမည်။ ဆေးကြောပြီးပါက သန့်စင်သော အဝတ်ခြောက်ပေါ်တွင် မှောက်၍အခြောက်ခံရမည်။ Spacer အတွင်းသို့ အဝတ်ဖြင့် သုတ်၍ ဖြစ်စေ၊ ပွတ်တိုက်၍ဖြစ်စေ၊ နေပူလှမ်း၍ဖြစ်စေ သန့်ရှင်းအခြောက်ခံခြင်း မပြုလုပ်ရ။
A p6

Dry Powder Inhaler သုံးစွဲပုံ (ရှူပုံရှူနည်း)

  • လက်ကို စင်ကြယ်စွာဆေးပါ
  • ဆေးဘူးတွင်ရှိသော သက်တမ်းကုန်ဆုံးရက်နှင့် ကျန်ရှိသောအချက်ရေကို စစ်ဆေးပါ
  • အဖုံးကိုဖွင့်၍ ဘူးတွင်ပါရှိသော ညွှန်ကြားချက်များကို လိုက်နာပါ
  • ရှူမည့်ဆေးပမာဏကို ဖြည့်ပါ (ဆေးဘူးအမှတ်တံဆိပ်ပေါ် မူတည်၍ ပြုလုပ်ပုံ ကွာခြားသောကြောင့် သက်ဆိုင်ရာဆရာဝန်ကိုမေးရန်လိုသည်)
  • ဆေးဘူးကို ခေါက်ခြင်း၊ လှုပ်ခြင်းများမလုပ်ရ
  • တတ်နိုင်သမျှ လေကို အရင်ရှူထုတ်ပေးပါ
  • ဆေးရှူမည့်နေရာကို ပါးစပ်အတွင်းသို့ထည့်ပါ
  • ဆေးရှူမည့်နေရာနှင့် ပါးစပ်သည် လုံနေရန်ဂရုစိုက်ပါ
  • ဆေးရှူရန် အသက်ကိုပြင်းပြင်းနှင့် မြန်မြန်ရှူသွင်းပါ
  • (၁၀)စက္ကန့်ခန့် သို့မဟုတ် (၁)မှ (၁၀)အထိမှတ်၍ အသက်ရှူအောင့်ထားပါ
  • ဆေးဘူးကို ပါးစပ်မှထုတ်၍ဖြေးညှင်းစွာလေကိုရှူထုတ်ပါ။ သန့်စင်သောအဝတ်ဖြင့် သုတ်၍သန့်စင်ပြီး အဖုံးပြန်ပိတ်ပါ
  • မိမိရှူမည့် အချက်ရေပေါ် မူတည်၍ အထက်ပါအဆင့်အတိုင်း ထပ်မံပြုလုပ်ပါ
  • ဆေးရှူပြီးပါက သန့်စင်သောရေဖြင့် ပလုတ်ကျင်းပေးပါ
နောက်ဆက်တွဲဆိုးကျိုးများ

ရင်ကျပ်ရောဂါကု ရှူဆေးအများစုတွင် နောက်ဆက်တွဲဆိုးကျိုးများ တွေ့လေ့မရှိပါ။

  • အနီပြင်များထွက်ခြင်း
  • ပါးစပ်မှက္ခရုထွက်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်းတို့ တစ်ခါတစ်ရံရှိနိုင်သည်။ ပြင်းပြင်းထန်ထန် လက္ခဏာများ​ ပေါ်လာလျှင် သက်ဆိုင်ရာဆရာဝန်ဖြင့် ပြန်ပြရန်လိုအပ်သည်။
သတိပြုသင့်သည့် အချက်များ

Dry Powder Inhalerထိန်းသိမ်းပုံ

  • ခြောက်သွေ့သောနေရာ အခန်းအပူချိန်တွင် သိမ်းပါ
  • ရေထိခြင်း၊ ရေစိုခံခြင်းများ ဖြစ်လျှင် ဆေးအာနိသင် ထိခိုက်နိုင်သဖြင့် မဖြစ်စေရန် သေချာစွာသိမ်းဆည်းပါ။
  • ဆေးဘူးကို မလှုပ်ရပါ၊ ဆေးဘူးထဲမှ ဆေးကို မရှူသွင်းမီ ကြိုတင်လေရှူသွင်းခြင်း လုပ်ရန်မလိုပါ။
  • ဆေးဘူးကို ကြားခံပစ္စည်း (Spacer) ခံ၍အသုံးမပြုရပါ။

References:

  1. Professional, C. C. M. (2024). Inhalers. Cleveland Clinic. Retrieved July 9, 2024, from https://my.clevelandclinic.org/health/treatments/8694-inhalers
  2. American Lung Association. (n.d.). How to Use a Metered-Dose Inhaler. Retrieved July 9, 2024, from https://www.lung.org/lung-health-diseases/lung-disease-lookup/asthma/treatment/devices/metered-dose-inhaler
  3. NHSGGC Respiratory Managed Clinical Network. (2016). Pocket Guide to Inhaler Technique. Retrieved July 9, 2024, from https://www.nhsggc.org.uk/media/245983/respiratory-inhaler-tech-guide-final-1606.pdf

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.