ဓာတ်ဆားရည်တိုက်ကျွေးခြင်းသည် ဝမ်းပျက်ဝမ်းလျှောဖြစ်သည့် ကလေးများတွင် ရေဓာတ် ဆုံးရှုံးမှုကြောင့် ဆိုးရွားစွာဖြစ်ပေါ်လာမည့် နောက်ဆက်တွဲလက္ခဏာများကို ကာကွယ်ကုသခြင်း၏ အရေးကြီးသောကုသမှုတစ်ခုဖြစ်သည်။
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
သာမန်ဝမ်းပျက်ဝမ်းလျှော ဖြစ်သောကလေးများကို မိမိတို့နေအိမ်၌ပင် ပြုစုကုသမှုပေးနိုင်သည်။ ထိုသို့ကုသရာတွင် လိုက်နာရန်လိုအပ်သောအချက်များမှာ-
- အစားအသောက် စားနိုင်သည့်အရွယ်ဖြစ်ပြီး အစားအသောက်စားချင်စိတ်ရှိလျှင် သန့်ရှင်းလတ်ဆတ်၍ အစာကြေလွယ်သည့် အစားအစာကို ဆက်လက်ကျွေးပါ။ အစားအသောက် စားချင်စိတ် မရှိသည့် တိုင်အောင် အသင့်အတင့်ဝင်အောင် ချော့မော့ကျွေးပါ။
- အရည်များများတိုက်ပါ။
တိုက်သင့်သောအရည်များ
ကလေးများ ဝမ်းသွားလျှင် အရည်များများဝင်ရန် အရေးကြီးသည်။ မအန်လျှင်၊ ပိုသောက်လျှင် တိုး၍တိုက်နိုင်သည်။ တိုက်သင့်သောအရည်များမှာ_
- မိခင်နို့ (မိခင်နို့တိုက်နေသည့် ကလေးများ)
- စွပ်ပြုတ်၊ ဆန်ပြုတ်
- အုန်းရည်
- ရိုးရိုးရေ
- လတ်ဆတ်ပြီး အချိုဓါတ်နည်းသည့် သစ်သီးဖျော်ရည်
- ဓာတ်ဆား စသည်တို့ ဖြစ်သည်။
တိုက်သင့်သောအရည်ပမာဏ
အသက် (၂) နှစ်အောက် ကလေးများအတွက် ဝမ်းတစ်ခါ သွားပြီးတိုင်း ဓာတ်ဆားအပါအဝင် စုစုပေါင်း အရည် (၅၀-၁၀၀)စီစီ (50-100 cc) ခန့် တိုက်ရန် လိုအပ်ပြီး အသက် (၂)နှစ်အထက် ကလေးများအတွက် ဝမ်းတစ်ခါ သွားပြီးတိုင်း (၁၀၀-၂၀၀) စီစီ (100-200 cc) ခန့် ပြန်တိုက်ရန် လိုသည်။ ဓာတ်ဆားတိုက်ခြင်းသည် ဝမ်းသွားရပ်အောင် တိုက်ခြင်းမဟုတ်ဘဲ ဝမ်းသွား၍ ဆုံးရှုံးသွားသည့် အရည်နှင့် အခြားဓာတ်များကို ပြန်ဖြည့်ခြင်း ဖြစ်သည့်အတွက် သွားထားသော ဝမ်းပမာဏပေါ် မူတည်ပြီး အနည်းအများတိုက်သင့်ပါသည်။
သုံးစွဲပုံ နည်းလမ်းများ
ဤသို့ ဖြည့်တင်းပေးရန် အတွက် Oral Rehydration Salt (ORS) ဟုခေါ်သော ဓာတ်ဆားသည် အရေးကြီးဆုံးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) က သတ်မှတ်ထားသည့် အချိုးအစား (Formula) အတိုင်း ဖော်စပ်ထားသော ဓာတ်ဆားမှုန့်ထုပ်များသည် ဝမ်းပျက် ဝမ်းလျှောဖြစ်သည့် အချိန်တွင် အတိုက်သင့်ဆုံး ဓာတ်ဆားအမျိုးအစားဖြစ်သည်။
လက်သန်း၊ လက်ညှိုးအရွယ် အထုပ်အသေးလေးများသည် Probiotics ဟုခေါ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွင်သုံးသည့် ဆေးတစ်မျိုးသာဖြစ်ပြီး ဓာတ်ဆားမဟုတ်ပါ။
အချို့ဓာတ်ဆားများသည် အချိုဓာတ် (ဂလူးကို့စ်) အလွန်များတတ်သည်။ ထိုဓာတ်ဆားများကို သောက်လျှင် အရသာရှိသော်လည်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွင် အသုံးပြု၍မရပါ။ အခြားအချိုရည်များလည်း မတိုက်သင့်ပါ။ ဝမ်းပိုပျက်နိုင်သည်။
ဝမ်းပျက်ဝမ်းလျှောလျှင် တိုက်သင့်သည့်ဓာတ်ဆားဆိုသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်မြူလာများနှင့် ကိုက်ညီသော ဓာတ်ဆားမျိုးဖြစ်ရမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဓာတ်ဆားဖော်မြူလာတွင် အဟောင်း နှင့် အသစ်ဟူ၍ နှစ်မျိုးရှိသည်။ ဖော်မြူလာအသစ်တွင် ဆိုဒီယမ်ကလိုရိုဒ်(ဆားဓာတ်) နှင့် ဂလူးကို့စ်(အချိုဓာတ်)ကို လျှော့ချထားသည်။
ဖော်မြူလာအဟောင်း | ဖော်မြူလာအသစ် | |
---|---|---|
ဆိုဒီယမ်ကလိုရိုဒ်(ဆားဓာတ်) | (၃.၅) ဂရမ် | (၂.၆) ဂရမ် |
ဂလူးကို့စ်(အချိုဓာတ်) | (၂၀) ဂရမ် | (၁၃.၅) ဂရမ် |
ဓာတ်ဆား ဖျော်စပ်နည်း
ဓာတ်ဆားထုပ်များတွင် ဖျော်ရမည့် ရေပမာဏကို (၁၀၀၀)စီစီ၊ (၂၀၀)စီစီ စသည်ဖြင့် တိတိကျကျရေးထားလေ့ရှိသည်။ ဤအချိုးအဆအတိုင်း အတိအကျဖျော်ရန် လိုသည်။ အချိုးအဆမမှန်လျှင် ထိရောက်မှုမရှိသည့်အပြင် ဝမ်းပိုပျက်နိုင်ခြင်း၊ ဆားဓာတ် လွန်ကဲ၍ အသက်အန္တရာယ်ရှိနိုင်ခြင်းတို့ ဖြစ်တတ်သည်။ ဓာတ်ဆားထုပ်ကို ခွဲမဖျော်ဘဲ တစ်ထုပ်လုံးဖျော်ရန် အရေးကြီးသည်။ ဖျော်ပြီးဓာတ်ဆားရည်ကို ၂၄ နာရီအတွင်းတွင်သာ သုံးရမည်။
တိုက်ရန်လိုအပ်သည့်ပမာဏ
လိုအပ်သော အရည်ပမာဏသည် ပုံသေပြော၍မရပါ။ မျက်တွင်းချိုင့်ခြင်း၊ ရေမကြာခဏတောင်းခြင်း၊ ဆီးသွားနည်းခြင်း စသည့် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများရှိနေသေးသည်ဆိုလျှင် အရည်ပိုတိုက်ပါ။ အကယ်၍ ကလေး၏ မျက်နှာအမ်းပြီး ဖောင်းလာလျှင် ဓာတ်ဆားအဝင်များခြင်း ဖြစ်နိုင်သောကြောင့် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ဆက်လက်မရှိတော့ပါက ဓာတ်ဆားတိုက်ခြင်းကို ခေတ္တရပ်ထားပါ။
ဓာတ်ဆား တိုက်နိုင်သော အသက်အရွယ်
ဓာတ်ဆားကို အသက်တစ်လအရွယ် နို့စို့ကလေးများမှစ၍ တိုက်နိုင်သည်။ အသက်တစ်နှစ်အောက် ကလေးများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖော်မြူလာအသစ်နှင့် ထုတ်ထားသော ဓာတ်ဆားသည် ပို၍ သင့်တော်ပါသည်။
ဓာတ်ဆား တိုက်ပုံ တိုက်နည်း
ဖျော်ပြီး ဓာတ်ဆားကိုဖြစ်နိုင်လျှင် ခွက်၊ ဇွန်းစသည်တို့နှင့် တိုက်သင့်သည်။ သန့်ရှင်းဆေးကြောရန် လွယ်ကူ၍ဖြစ်သည်။ နို့ဘူးနှင့် မတိုက်သင့်ပါ။ အကယ်၍ ကလေးအန်လျှင် ငါးမိနစ်၊ ဆယ်မိနစ်ခန့် နားပြီး ပြန်တိုက်ပေးနိုင်သည်။ ပမာဏ နည်းနည်းဖြင့် အကြိမ် အရေအတွက် တိုး၍ တိုက်ကျွေးသင့်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အထက်ပါ အကြံပြုချက်များအတိုင်း လိုက်နာလျှင် ကလေးများဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန် ဓာတ်ဆားတိုက်ခြင်းသည် အလွန် အကျိုးရှိပြီး နောက်ဆက်တွဲပြဿနာများ မဖြစ်နိုင်ပါ။ မတိုက်သင့်သော ဓာတ်ဆား အမျိုးအစားများတိုက်ခြင်း၊ ရေအချိုးအဆ မှန်ကန်စွာ မဖျော်ခြင်းတို့ကြောင့် ဝမ်းပိုပျက်နိုင်ခြင်း၊ ဆားဓာတ် လွန်ကဲပြီး အန္တရာယ်ရှိနိုင်ခြင်းတို့ ဖြစ်တတ်သည်။
အထက်ပါကုသမှုများ ပေးပြီးနောက် ရေဓာတ်ခန်းခြောက်ခြင်းနှင့် သွေးလန့်ခြင်း(ရှော့ခ်) လက္ခဏာ မရှိလျှင် ကလေးကိုအိမ်၌ပင် ပြုစုစောင့်ရှောက်နိုင်သည်။ ကလေးတစ်ယောက် ဝမ်းပျက်လျှင် တစ်ရက်၊ နှစ်ရက် မှ တစ်ပတ်ခန့်အထိ ကြာတတ်သည်။ အစားပျက်တတ်သည်၊ ကိုယ်အနည်းငယ်ပူလာတတ်ပါသည်။ ကလေးသည် လန်းဆန်းဆော့ကစားနိုင်ပြီး၊ နို့စို့နိုင်၊ အရည်ကောင်းစွာသောက်နိုင်၍ ဆီးကောင်းစွာသွားသည်ဆိုလျှင် စိုးရိမ်ရန်မလိုအပ်ပါ။ သို့သော် ကလေးများတွင် ရောဂါလက္ခဏာများသည် အပြောင်းအလဲမြန်သည့်အတွက် စောင့်ကြည့်ရန် အရေး ကြီးသည်။
သတိပြုသင့်သည့် အချက်များ
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါလက္ခဏာများ ပေါ်ပေါက်လာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုပါသည်။
- ရေဓာတ်ခန်းခြောက်သော လက္ခဏာများ
- အစာ၊ အရည်လုံးဝမဝင်အောင် အန်နေသောကလေးများ
- အထက်ဖေါ်ပြပါ ဝမ်းကိုက်ရောဂါနှင့် ကာလဝမ်းရောဂါလက္ခဏာ ရှိသောကလေးများ
- တစ်ပတ်ကျော်အထိ ဝမ်းဆက်သွားနေသော ကလေးများ
မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။
အကယ်၍ ရေဓာတ်ခန်းခြောက်ခြင်းအလွန်များပြီး ရှော့ခ်ရသည့်လက္ခဏာများဖြစ်သော ကလေးအရမ်းနုံးလာခြင်း၊ မှိန်းလာခြင်း၊ ခြေလက်များ အလွန်အေးစက်လာခြင်း၊ နှလုံးခုန်မြန်၍ အသက်ရှူမြန်လာခြင်း စသည်တို့ဖြစ်ခဲ့လျှင် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန် လိုပါသည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.