ပါရာစီတမော (paracetamol) နှင့် အက်စီတာမီနိုဖဲင် (acetaminophen) ဆေးများသည် ဓာတ်သဘာဝချင်း တူညီသောဆေးများဖြစ်သည်။ အမေရိကန်နှင့်ဂျပန်နိုင်ငံများတွင် အက်စီတာမီနိုဖဲင်ဟုခေါ် ပြီး ဥရောပနှင့်အခြားနိုင်ငံများတွင် ပါရာစီတမောဟုခေါ်သည်။ သာမန်အားဖြင့် ကိုယ်ပူကျရန်နှင့် သာမန်နာကျင်ကိုက်ခဲမှုများသက်သာရန် အသုံးပြုသည်။
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
ကလေးကိုယ်ပူခြင်းသည် ကိုယ်ခန္ဓာတုံ့ပြန်မှုတစ်ခုဖြစ်၍ အနည်းငယ်ကိုယ်နွေးရုံမျှဖြင့် ပါရာစီတမော တိုက်ရန် မလိုပါ။ သို့သော် ကိုယ်အပူချိန်အလွန်တက်ပြီး ကလေး နုံးနေ၊ မှိန်းနေ၊ ဂျီကျနေမည် ဆိုလျှင် ကိုယ်အပူချိန်ကျစေရန် ပါရာစီတမောတိုက်နိုင်သည်။ တချို့ကလေးများသည် ဖျားနေသော်လည်း လန်းနေ၊ ဆော့နေလျှင် ဆေးတိုက်ရန်မလိုပါ။ ဖျားမည်စိုး၍ ဆေးကြိုတိုက်ခြင်းမျိုး၊ (၄) နာရီခြားတိုင်း ဆေးတိုက်နေခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်သည်။ (၅)နာရီ – (၆)နာရီခြားသာ တိုက်သင့်သည်။ တစ်ရက်တာ (သို့မဟုတ်) (၂၄) နာရီအတွင်း အများဆုံး (၅) ကြိမ်ထက် ပို၍မတိုက်သင့်ပါ။ ပါရာစီတမောကြောင့် အဖျားလုံးဝ အမြစ်ပြတ်သွားခြင်းမဟုတ်ဘဲ ကလေး အဖျားယာယီသက်သာရန်သာ ဆေးတိုက်ခြင်း ဖြစ်သည့်အတွက် သက်သာနေသောကလေးကို ဆေးတိုက်ရန်မလိုအပ်ပါ။
ပါရာစီတမော အမျိုးအစားနှင့် ဆေးပါဝင်မှု
ပါရာစီတမောသည် အခဲ၊ အရည်၊ စအိုတွင်းထည့်သောဆေးတောင့် စသည်ဖြင့် အမျိုးအစားအစုံရှိသည်။ ပါရာစီတမောကဲ့သို့ဆေးမျိုးတိုက်ရာတွင် နောက်ထပ်သတိပြုသင့်သည်မှာ ဆေးအရည်များတွင် ပါရာစီတမောပါဝင်မှု အမျိုးအစားဖြစ်သည်။ ပါရာစီတမောအရည်တိုင်းကို ပုံသေပါဝင်သည်ဟု ထင်မှတ်ပြီး ပမာဏအတူတူ မတိုက်ကျွေးသင့်ပါ။
ညှစ်၍အစက်ချ တိုက်ရသောအမျိုးအစားတွင် ပါရာစီတမောပါဝင်မှု ပိုများပါသည်။ တစ်မီလီလီတာ (1 ml) တွင် (၁၀၀) မီလီဂရမ် (100mg) ပါလေ့ရှိသည်။
အခြားအရည်ပုလင်းကြီးများတွင် (၁၂၅) အား (125/5 ml)၊ (၂၅၀) အား (250/5 ml) စသည်ဖြင့် မျိုးစုံ ရှိသည်။ (၁၂၅) အား (125/5 ml) ဆိုသည်မှာ ဆေးရည် (၅) မီလီလီတာတွင် ဆေးပမာဏ (၁၂၅) မီလီဂရမ် (တစ်မီလီလီတာတွင် ၂၅ မီလီဂရမ်)ပါရှိပြီး (၂၅၀) အား (250/5 ml) ဆိုသည်မှာ (၅) မီလီလီတာတွင် (၂၅၀) မီလီဂရမ် (တစ်မီလီလီတာတွင် ၅၀ မီလီဂရမ်)ပါဝင်သည်။
ထို့ကြောင့် ပါရာစီတမောတိုင်းကို သေချာစွာမသိရှိဘဲ အလွယ်တကူမတိုက်သင့်ပါ။ ထိုသို့ ပါရာစီတမောပါဝင်မှုကို စစ်ဆေးရုံသာမက သက်ဆိုင်ရာပါရာစီတမော ဆေးဘူးအတွင်းပါလာသော ဇွန်း သို့မဟုတ် ဆေးပိုက်များကိုသာ အသုံးပြုဆေးတိုက်သင့်သည်။
သုံးစွဲပုံ နည်းလမ်းများ
ပါရာစီတမောပမာဏကို ကလေးကိုယ်အလေးချိန်နှင့် ချိန်ဆတိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အောက်ပါဇယားတွင် ကလေးကိုယ်အလေးချိန်၊ ပါရာစီတမော အမျိုးအစားနှင့်တိုက်သင့်သောပမာဏများ ပူးတွဲဖေါ်ပြထားသည်။
ကိုယ်အလေးချိန် | ပါရာစီတမော အစက်ချဆေး (100mg/1ml) | ပါရာစီတမော – ၁၂၀/၁၂၅အား (120mg/5ml or 125mg/5ml) |
---|---|---|
3 kg/ ၆-၇ ပေါင် | 0.4ml | 2ml |
4 kg/ ၈-၉ ပေါင် | 0.6ml | 2.5ml |
5 kg/ ၁၀-၁၁ ပေါင် | 0.7ml | 3ml |
6 kg/ ၁၂-၁၄ ပေါင် | 0.9ml | 3.5ml |
7 kg/ ၁၅-၁၆ ပေါင် | 1ml | 4ml |
8 kg/ ၁၇-၁၈ ပေါင် | 1.2ml | 5ml |
9 kg/ ၁၉-၂၀ ပေါင် | 1.3ml | |
10 kg/ ၂၁-၂၂ ပေါင် | 1.5ml |
ကိုယ်အလေးချိန် | ပါရာစီတမော – ၁၂၀/၁၂၅အား (120mg/5ml or 125mg/5ml) | ပါရာစီတမော – ၂၅၀အား (250mg/5ml) | ပါရာစီတမောအခဲ (၅၀၀အား) |
---|---|---|---|
8-10 kg/ ၁၇-၂၃ပေါင် | 5ml | 2.5ml | ၄ ပုံ ၁ ပုံ |
11-16 kg/ ၂၄-၃၆ပေါင် | 7.5ml | 3.75ml | ၃ ပုံ ၁ ပုံ |
17-22 kg/ ၃၇-၄၉ ပေါင် | 10ml | 5ml | တစ်ခြမ်း |
23-30 kg/ ၅၀-၆၆ ပေါင် | 15ml | 7.5ml | ၄ ပုံ ၃ ပုံ |
30 kg/ ၆၆ ပေါင်အထက် | 20ml | 10ml | တစ်လုံး |
နောက်ဆက်တွဲဆိုးကျိုးများ
သတ်မှတ်ထားသော ဆေးပမာဏ နှင့် အကြိမ်အရေအတွက်အတိုင်း တိုက်လျှင် သာမန်အားဖြင့် ဘေးအန္တရာယ်ကင်းသော ဆေးတစ်မျိုးဖြစ်သည်။ တစ်နေ့ (၅) ကြိမ်ထက် ပိုမတိုက်သင့်ပါ။ ဆေးမတည့်ပါက အနီစက်၊အနီကွက်ထွက်ခြင်း၊ အင်ပျဉ်ထွက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထိုအချိန်တွင် ဆေးရုံ၊ဆေးခန်းများသို့ အရေးပေါ်ပြသသင့်ပြီး ဆေးကိုလည်း ဆက်မသောက်သင့်ပါ။ သတ်မှတ်ထားသော ဆေးပမာဏထက် ပိုမိုများပြားစွာတိုက်မိပါက အသည်းနှင့်ကျောက်ကပ်ကို ဆိုးဝါးစွာထိခိုက်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သည်။ မူလ အသည်းရောဂါ အခံရှိသူများ ပိုမိုဂရုစိုက်သင့်သည်။ နို့တိုက်မိခင်များသည် ပုံမှန်ဆေးပမာဏအတိုင်း သောက်သုံးပါက ကလေးအတွက် ဘေးအန္တရာယ်ကင်းသည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.